Tuesday, December 24, 2013

AK 47 တို့၏ ဖခင်ကြီး Mikhail Kalashnikov ကွယ်လွန်









Mikhail Kalashnikov, the 94-year-old inventor of the world’s most popular firearm, the AK-47, died Monday in a Russian hospital.
ကလာရှ်နစ်ကော့ ယဉ်ကျေးမှု သို့မဟုတ်...
မောင်းပြန်သေနတ် တစ်လက်၏ အီဗော်လူးရှင်း
၁၉၄၁ ခုနှစ်၊ စက်တင်ဘာလ နှောင်းပိုင်း။
မော်စကိုမြို့ အနောက်တောင်ရှိ ဘရိုင်ယန်နခ်သို့ ဂျာမန်တပ်များ အလုံးအရင်းနှင့် ရောက်ရှိလာသည်။
ဂျာမန်တို့သည် မြို့၏ ရှစ်ဆယ်ရာနှုန်းကို ဖျက်ဆီးလိုက်ပြီး၊ ရုရှားစစ်သည် ရှစ်သောင်း ကျဆုံးခဲ့သည်။
တပ်မှူး မစ်ခေးကလာရှ် နစ်ကော့၏ သံချပ်ကာကားကို ဂျာမန်အမြောက်ဆံ ထိမှန်ပြီး ပခုံးတွင်ဒဏ်ရာရသည်။
ဆေးရုံသို့ နှစ်ရက်ကြာ ခြေလျင်လျှောက် သွားခဲ့ရသည်။
သူ့ရဲဘော်များ စစ်ပွဲတွင် အတုံးအရုံး ကျဆုံးခဲ့ရသည်မှာ သွေးပျက်ခမန်း။
ဒုတိယကမ္ဘာစစ် ဥရောပ စစ်မျက်နှာအတွင် ဘရိုင်ယန်နခ် စစ်ပွဲသည်
စစ်သမိုင်း၌ အောက်ခြေမှတ်စုကလေး တစ်ခုအဖြစ်ပင်နေရာ မရရှာခဲ့။
သို့သော် သမိုင်း၏ အခြားတစ်နေရာတွင်မှာတော့ ဘရိုင်ယန်နခ်သည်
အထင်ကရ နေရာတွင် ရှိနေသည်။ ကလာရှ်နစ်ကော့သည် ထိုစစ်ပွဲတွင် သန္နိဋ္ဌာန်ချမှတ်ခဲ့သည်။
''ငါ၏ ရုရှားရဲဘော် များသည် မည်သည့်အခါ တွင်မှ မရှုံးနိမ့်စေရ'' ဟူလို။
ထိုစဉ်က စစ်ပွဲ၏ဗျူဟာမှာ အနီးကပ် တိုက်ပွဲဖြစ်သည်။
ရန်သူနှင့် ကိုက်သုံး ရာအကွာအတွင်း တိုက်ခိုက် ရသော တိုက်ပွဲများဖြစ်သည်။
ထို့ကြောင့် လက်နက်သည် ကိုက်သုံးရာအတွင်း အထိရောက်ဆုံး ဖြစ်ရမည်။
ဂျာမန်များကို အမိမြေမှ မောင်းထုတ်ရန် အစွမ်းထက်သည့် လက်နက်တစ်မျိုး လိုအပ်နေသည်။
ကလာရှ်နစ်ကော့သည် ဆေးရုံကုတင်ပေါ်တွင်ပင် သေနတ်သစ် တစ်လက်၏ ဒီဇိုင်းအကြမ်း စတင်ရေးသည်။
ဆေးရုံမှဆင်း သောအခါ ထိုဒီဇိုင်းကိုယူလျက် တွင်ခုံသို့ သွားသည်။
တွင်ခုံတွင် စက်သေနတ် နမူနာလုပ်သည်။
ထိုမှ အင်ဂျင်နီယာကျောင်းတစ်ကျောင်းတွင်အချောထုတ်လုပ်သည်။
ထိုသေနတ်သည် ပထမဆုံး Avtomat Kalashni-kova 1947 (AK-47)  ပင်ဖြစ်သည်။
အေကေ -၄၇သည် ရိုးရှင်းသော်လည်း သမားရိုးကျ လမ်းကြောင်းမှ ခွဲထွက်သော
နောင်လာမည့် စစ်ပွဲများ၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေး နိုင်စွမ်းရှိသော စက်သေနတ် ဖြစ်သည်။
စက်သေနတ်၏ကောင်းခြင်း အင်္ဂါဖြစ်သော ပေါ့ပါးခြင်း၊
အကြမ်းခံခြင်း၊ ပစ်ခတ်အားကောင်းခြင်းတို့ကို ပေါင်းစပ်ပေးထားသည်။
ဆိုဗီယက် အာဏာပိုင်များက ၁၉၄၇ ခုနှစ်တွင်ပင် အေကေ-၄၇ ကိုထုတ်လုပ်ခွင့်ပြုလိုက်သည်။
၁၉၄၉ ခုနှစ်တွင် အလက်ပေါင်း ရှစ်သောင်းကျော်ကို စတင်ထုတ်လုပ်ဖြစ်ခဲ့သည်။
အေကေ-၄၇ကို ဒုတိယ ကမ္ဘာစစ်တွင် မသုံးလိုက်ရသော်လည်း အနာဂတ်စစ်ပွဲများ၏ အဆုံးအဖြတ်ကို ပေးနိုင်မည့် လက်နက်ဖြစ်ကြောင်း ဆိုဗီယက် အာဏာပိုင်တို့ ကောင်းစွာသိသည်။
ထို့ကြောင့် အေကေ-၄၇ ကိုလျှို့ဝှက်ထားသည်။
သေနတ်၏ ပုံပန်းသဏ္ဌာန်ကို မသိရှိနိုင်စေရန် ဆိုဗီယက်စစ်သားများသည် အေကေ -၄၇ ကို အိတ်များဖြင့်ထည့်၍ သယ်ဆောင်ကြသည်။ အသုံးပြုပြီးသော ကျည်ကပ်များကိုလည်း ပြန်လည်ကောက်ယူ သိမ်းဆည်းသည်။
ထိုစဉ်မှ စ၍ အေကေ-၄၇ သည် ဆိုဗီယက် ၏ ပို့ကုန်ဝင်ငွေ၊
နိုင်ငံကာကွယ်ရေးနှင့် နိုင်ငံခြားရေးပေါ်လစီ အကောင်အထည်ဖော်သည့် ကိရိယာဖြစ်လာသည်။
၁၉၅၆ ခုနှစ် ဟန်ဂေရီ ထကြွမှုကို နှိမ်နင်းရန် ဆိုဗီယက်တပ် အမြောက်အမြား စေလွှတ်ရသည်။
ဆိုဗီယက်တင့်ကားများသည် မြို့တွင်းလမ်းကျဉ်းများတွင် အတက်အဆုတ် လှုပ်ရှားမှု၌ မိုလိုတော့ ကောက်တေးလ်ဗုံး (ဓာတ်ဆီထည့်ထားသော ပုလင်းတွင်ဆို့ ထားသော အဝတ်စကို မီးရှို့ပစ်ခတ်သော လက်လုပ်ဗုံး) ဒဏ်ကို အလူးအလဲခံရသည်။
ထိုအခါ အေကေ-၄၇၏ အသုံးတည့်မှုက ရှေ့တန်းသို့ရောက်လာသည်။
အေကေ-၄၇ သည် မြို့တွင်းတိုက် ပွဲတွင် များစွာထိရောက် သည်။
စာရင်းပိတ်သည့်အခါ ဟန်ဂေရီ ငါးသောင်းနှင့် ရုရှား ခုနှစ်ထောင် သေဆုံးသည်။
၁၉၅ဝ ပြည့်လွန်နှစ်များတွင် ဆိုဗီယက်ယူနီယံက ကွန်မြူနစ်စနစ်ကို နိုင်ငံခြားသို့ တင်ပို့ရာ၌
အေကေ-၄၇ သည် ဦးဆောင်သူအဖြစ် ပါဝင်လာသည်။
စစ်အေး တိုက်ပွဲ၏ ကနဦးနှစ်များတွင် အမေရိကန်နှင့်ဆိုဗီယက်တို့သည်
ဖွံ့ဖြိုးဆဲနိုင်ငံများ လက်နက်ရောင်းချခြင်း၊ ပေးကမ်းခြင်းဖြင့် အရှိန်မြှင့်နေသည့် အချိန်ဖြစ်သည်။
ထိုစဉ်က အမေရိကန်တို့ အသုံးပြုသည့် အမ်-၁၄(စောစောပိုင်းတွင် အမ်-၁)သေနတ်ထက်
အေကေ-၄၇ က ပိုမိုအစွမ်းထက်သည်။ အေကေ-၄၇ သည် အကြမ်းခံသည့်အတွက်ေ
သနတ်ပြုပြင် စက်ရုံမရှိသော ဆင်းရဲသည့် နိုင်ငံများတွင် ပိုအသုံးတည့် နေသည်။
ဘူဂေးရီးယား၊ တရုတ်၊ အရှေ့ဂျာမနီ၊ မြောက်ကိုရီးယား၊ ပိုလန်၊
ဟန်ဂေရီ၊ ယူဂိုစလားဗီးယားတို့ကဲ့ သို့သော
ကွန်မြူနစ် ညီအစ်ကိုတော် နိုင်ငံများတွင် အေကေ -၄၇ ထုတ်လုပ်ခွင့်ပြုသည်။
အေကေ-၄၇ ၏ အားသာချက်မှာ ကလေးများပင် လွယ်ကူစွာ ကိုင်တွယ်ပစ်ခတ် နိုင်ခြင်းပင် ဖြစ်သည်။
ထိုအချက်ကြောင့်ပင် ကလေးစစ်သည်အများအပြားကို အာဖရိကတွင် တွေ့နေရခြင်းဖြစ်သည်။
မည်သို့ပစ်ခတ်ရမည်ကို ကလေးကို တစ်နာရီအတွင်း သင်ကြားပေးနိုင်သည်။
ကျည်ဆန်အပြည့်ထည့်ထားသည့်တိုင် လေးကီလို(ကိုးပေါင်)သာလေးသည်။
အသက် ၁၂ နှစ်အရွယ်ဆူဒန် ကလေးစစ်သား အီမယ်နူယယ် ဂျားလ်သည်
ကိုးနှစ်သား အရွယ်ကတည်းက အေကေ-၄၇ ကို ကိုင်လာခဲ့သည်။
''ကျွန်တော်တို့မှာ အေကေ-၄၇ နည်းနည်းပဲ ရှိတယ်။
ဒါပေမယ့် မမှုပါဘူး။ သေနတ်က ကလေးကစားစရာလေးလိုပဲ။
အစ ကတော့ တိုက်ပွဲဖြစ်ပြီဆိုရင် သေနတ် ကိုချပြီးထွက်ပြေးတာပဲ။
အေကေ-၄၇ ကို ပစ်ဖူးတာနဲ့ ရဲစိတ်တွေဝင် လာတယ်။
သေနတ်ကို တစ်ခါ တည်းကြိုက်သွားတာဗျ'' ဟု ဂျားလ် က ပြောသည်။
အေးလွန်း၊ ပူလွန်းသော ဒေသများဖြစ်သည့် သဲကန္တာရနှင့် မြောက် ဝင်ရိုးစွန်းတို့တွင်ပင်
အေကေ-၄၇ ကို တစ်မိနစ်အတွင်း ဖြုတ်နိုင်တပ်နိုင်သည်။
သေနတ်တွင်လှုပ်ရှား အလုပ်လုပ်သည့် အစိတ်အပိုင်း ရှစ်ခုသာရှိ သည်။
ထို့ကြောင့် ထုတ်လုပ်ရာတွင် လွယ်ကူသည်။
အေကေ-၄၇ တွင် ညကြည့်မှန်ပြောင်း၊ လေဆာချိန်သီး၊ လောင်ချာနှင့် ဗုံးသီးများ တပ်ဆင် အသုံးပြုနိုင်သည်။
အစပိုင်းတွင် အမေရိကန်သည် အေကေ-၄၇၏ စွမ်းပကားကို လျှော့တွက်ခဲ့သည်။
အမေရိကန်လုပ် အမ်-၁သည် ဒုတိယ ကမ္ဘာစစ်တွင် များစွာ အသုံးတည့်ခဲ့သည်မှာ မှန်သော်လည်း
စစ်ပြီးခေတ် မဟာဗျူဟာ အလှည့်အပြောင်းကို အမေရိကန်တို့ သတိမမူမိခဲ့။
တစ်တောင့်ချင်းသာ ထွက်သောကျည်အိမ်တွင် ကျည်ဆန် ရှစ်တောင့်သာ
ဆန့်သော အမ်-၁ သေနတ်ကိုသာ အမေရိကန်တို့ ဆုပ် ကိုင်ထားခဲ့ကြသည်။
ဗီယက်နမ်စစ်တွင် အမေရိကန်တို့ အေကေ-၄၇နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရသည်။
အမေရိကန် စစ်ရေးယန္တယားသည် မဟာဗျူ ဟာမြောက်စစ်ပွဲကြီးများကို ရင်ဆိုင်နိုင်ရန်
အထုအထည် ကြီးမားစွာခင်း ကျင်းထားသည် မှန်သော်လည်း၊
ပြောက်ကျားစစ်ပွဲ ရင်ဆိုင်ရန် သေနတ် ကောင်းတစ်လက်တော့ မရှိခဲ့။
ပြောက်ကျားစစ်ပွဲ၏ အခင်း အကျင်းမှာ တောနက်တွင်းတွင် ဖြစ်သည်။
မမျှော်လင့်ဘဲ ဘွားခနဲတွေ့ ရသည့်အခါ တစ်မုဟုတ်ချင်း ပစ်ခတ်နိုင်သော လက်နက်မျိုး ဖြစ်ရမည်။
ထိုကဲ့သို့သော အခင်းအကျင်းမျိုးတွင် ချက်ချင်း ကျည်ဆန်တစ်ထွေးကြီးကို အန်ထုတ်နိုင်သူက အနိုင်ရမည်ဖြစ်သည်။
ဗျူရိုကရေစီ အနှောင်အဖွဲ့များကြောင့် အတန်ကြာ နှောင့်နှေးနေပြီးမှ
အမေရိကန်တို့က ၁၉၆၆ ခုနှစ်တွင် အမ်-၁၆ ကို စတင်ထုတ်လုပ်နိုင်သည်။
သို့သော် အမ်-၁၆ သည် ဗီ ယက်နမ်တွင် ဟန်မကျခဲ့ပေ။
အမ်-၁၆ သည် အေကေ-၄၇ ထက် ပစ်မှတ်ကို ထိမှန်နိုင်စွမ်း သာလွန်သော်လည်းေ
သနတ်ဂျမ်းဖြစ်ခြင်း၊ ပြင်ဆင်ရန် ခက်ခဲခြင်းတို့ကြောင့် ဗီယက်နမ်ရှိ အမေရိကန် စစ်သားများသည်
နောက် ကျောကိုဓားထိုးခံရသလို ခံစားနေမိ ကြသည်။
အမ်-၁၆ ကျည်ကပ်တွင် ကျည်ဆန်နှစ်ဆယ်သာပါသော်လည်း အေကေ-၄၇ တွင် ကျည်ဆန် သုံး ဆယ်ပါသည်။
အေကေ-၄၇ တွင် လှုပ်ရှားသည့် အစိတ်အပိုင်း နည်းပါးခြင်းကြောင့်
သေနတ်ဂျမ်း ဖြစ်ရန် အမ်-၁၆ ထက် အခြေအနေ နည်းပါးသည်။
ထို့ပြင် သေနတ်၏ လှုပ်ရှားသော အပိုင်းများကို နေရာများများပေး တည်ဆောက်ထားသည့်အတွက်
ဖုန် ခဲ သဲ တော်ရုံ ဝင်ကာမျှဖြင့် ဂျမ်း မဖြစ်နိုင်။
ညံ့ဖျင်းသော သေနတ်များကိုပေးကာ အစိုးရသည်မိမိတို့အား
ဗီယက်နမ် စစ်မြေပြင်တွင် သေတွင်း သို့ ပို့နေသည်ဟု ခံစားမိလာသည်။
ထုတ်ပေးထားသော အမ်-၁၆ ကို အသုံးပြုမည့်အစား ဗီယက် ကောင်းအလောင်းမှ အေကေ-၄၇ ကိုယူကာ
အမေရိကန်စစ်သားများ စစ်တိုက်နေသည်ဟု သတင်းများ ပေါ်ထွက်လာသဖြင့် ကွန်ဂရက်သည်
စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ် ဆေးရသည်အထိ ဖြစ်ခဲ့သည်။
အမ်-၁၆ ၏ ချို့ယွင်းချက်များကို ပြုပြင်ပြီးသည့်အခါ နောက်ကျသွားပြီ ဖြစ်သည်။
ဗီယက်နမ်စစ်ပွဲမှ အမေရိကန် တို့အရှုံးနှင့်ဆုတ်ခွာခဲ့ရသလို
အေကေ -၄၇ သည်လည်း အကောင်းဆုံး တိုက်ခိုက်ရေး လက်နက်အဖြစ် ကျော်ကြားလာသည်။
အေကေ-၄၇ဖြင့် အတွဲလိုက်ပစ်ခတ်သောအခါ ပစ်မှတ်ကို ထိမှန်နိုင်စွမ်း လျော့ကျလာသည်။
သို့သော် ပစ်အားကောင်းခြင်းကြောင့် လေ့ကျင့်မှု အနည်းငယ်သာရှိသော သူပုန်များအကြိုက် ဖြစ်လာသည်။ အားသွန်ပစ်ခတ်ခြင်းကြောင့် ကျည်ဆန်ဖြုန်းတီးရာ ရောက်သလို အကုန်အကျ များစေသည်။
သူပုန်နှင့် မူးယစ်ရာဇာ ဂိုဏ်းများသည် ကျည်ဆန်ပိုရှာရသည်။
ထို့ကြောင့် အကြမ်းဖက်မှု များပိုများရသည်ဟု ဘောဂဗေဒပညာ ရှင်တို့ကဆိုသည်။
တိုက်ပွဲတွင် ပစ်ခတ်လိုက်သည့် ပစ်မှတ်ကို ထိမှန်ရန် အရေးကြီးလာသည်။
ကျည်ကာအင်္ကျီများကလည်း ပိုမိုကောင်းမွန်လာသဖြင့် ဦးခေါင်း ပိုင်းကိုထိဖို့အတွဲလိုက်ပစ်ခတ်ရသည်။
ထိုအခါ ကျည်ဆန်ကများများဖြုန်း ပစ်ရသည်။
ကျည်ဆန်အတွဲလိုက် ထွက်နေစဉ် အေကေ-၄၇ ၏ တုန်ခါမှုများလာသည်။
တုန်ခါမှုသည် ပစ်မှတ်မှ လွဲချော်စေသော အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
ပထမဆုံးပစ်လိုက်သော ကျည်ဆန်၏ တုန်ခါမှုသည်
ဒုတိယ ကျည်ဆန်ကို ပစ်မှတ်မှ သွေလွဲသွားစေသည်။
ယင်းသို့ဖြင့် စဉ်ဆက်ပစ်မှတ်မှ လွဲသည်ထက် လွဲသွားနိုင်သည်။
သေနတ်လှုပ်ခါမှုနည်းသော အူဇီ အပေါ့စားစက်သေနတ်ကို အမေရိကန်၌ လူကြိုက်များ တွင်ကျယ်နေချိန်
၁၉၈ဝပြည့်လွန် နှစ်များတွင် တရုတ်လုပ် အေကေ-၄၇ သည် အမေရိကန် ဈေးကွက်သို့ ဝင်လာသည်။
ပြန်လည်ချစ်ကြည် အမေရိ ကန်-တရုတ်ဆက်ဆံရေးကြောင့်
တရုတ်ကုန်ပစ္စည်းများသည် အခွန်သက်သာခွင့် ရနေသည်။
ထို့ကြောင့် အေကေ-၄၇ သည် အူဇီထက် ဒေါ် လာနှစ်ရာခန့်ဈေးသက်သာသည်။
အေကေ-၄၇ သည် နယ်ချဲ့ ဆန့်ကျင်ရေး၊ အရင်းရှင်ဆန့်ကျင်ရေး၊ အနောက်အုပ်စု ဆန့်ကျင်ရေး သင်္ကေတဖြစ်လာသည်။ မိုဇမ်ဘစ်၏ အလံနှင့် နိုင်ငံတော် တံဆိပ်တွင် အေ ကေ-၄၇ ရုပ်ပုံကို ထည့်သွင်းထားသည်။
အေကေ-၄၇ ကို ထိရောက် စွာအသုံးပြုခြင်းကြောင့် မိမိတို့ အာဏာရခဲ့ခြင်း ဖြစ်သည်ဟု ဖော်ညွှန်းထားခြင်း ဖြစ်သည်။
ဇင်ဘာဘွေနှင့် ဘာကီနာ ဖာဆိုတို့၏ နိုင်ငံတော် တံဆိပ်၊ ဟဇ်ဘိုလာအလံ၊
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ တံဆိပ်တို့တွင် အေကေ-၄၇ ကိုတွေ့ရသည်။
ဘင်လာဒင်၏ ဗီဒီယို တိတ်ခွေများ၌အနီးတွင် ထောင်လျက်ဖြစ်စေ၊
လွယ်လျက်ဖြစ်စေ အေကေ-၄၇ ကို မြင်တွေ့ကြရသည်။
ဆဒမ်ဟူစိန် တည်ဆောက်ခဲ့သော ဗလီအဝင်မုခ် ဦးကို အေကေ-၄၇ ပုံသဏ္ဌာန်ပြု လုပ်ထားသည်။
ဆဒမ်ဟူစိန်ကိုဖမ်း မိသောအခါ သူနှင့်အတူ အေကေ-၄၇ နှစ်လက်တွေ့ရသည်။
ဆဒမ်၏သား အူဒေးသည် ရွှေပြားအုပ်ထားသည့် အေကေ-၄၇ နှစ်လက်ကို အမြဲဆောင်ထားသည်။
အေကေ-၄၇သည် ကမ္ဘာနှင့်အဝန်း အကျယ်ပြန့်ဆုံး သုံးစွဲလျက်ရှိသည့်
စက်သေနတ် ဖြစ်သလို အရိုးရှင်းဆုံးနှင့် ဈေးအပေါဆုံးလည်း ဖြစ်သည်။
ထို့ပြင် တုပထုတ်လုပ်မှုကြောင့်လည်း ဈေးကွက်တွင် သေနတ်များလျှံထွက် လာသည်။
ကင်ညာတွင် ၁၉၈၆ ခုနှစ် က အေကေ-၄၇ တစ်လက်ကို နွား ၁၅ ကောင်နှင့် အလဲအလှယ်လုပ်နိုင် သည်။
ယခုအခါ နွားသုံးကောင်နှင့် လဲ၍ရနေသည်။ အစိုးရလက်နက်ကိုင် တပ်ဖွဲ့များက အသုံးပြုကြသလို၊
သူပုန်အင်အားစု အများအပြားသည် အေကေ-၄၇ ကို သူတို့၏ အလံတွင် သင်္ကေတအဖြစ် သုံးကြသည်။
သူပုန်များ အေကေ-၄၇ သေနတ်ကို ဝှေ့ယမ်းနေကြပုံကို ရုပ်မြင်သံကြားတွင် မကြာခဏမြင်ရသည်။
ယင်း သေနတ်ကြောင့် လူပေါင်းနှစ်သိန်းခွဲခန့် နှစ်စဉ်သေဆုံးနေ၏။
အေကေ-၄၇ သည် စစ်ပွဲ၏ မဟာဗျူဟာ အယူအဆတို့ကို အပြောင်းအလဲဖြစ်စေခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကို အနုမြူဗုံးက အဆုံးသတ် စေခဲ့သည်ဟုဆိုသည်။
ယင်း အနုမြူ ဗုံးသည် ၄င်းကိုယ်စား လူအမြောက် အမြားကို သေကျေပျက်စီးစေသည့်
အေကေ -၄၇ ကို မွေးဖွားပေးလိုက် ခြင်းဖြစ်သည်ဟု စစ်သမိုင်းသုတေသီ တို့ကဆိုသည်။
သမိုင်း၏ ပြက်ရယ် ပြုမှုတစ်ခုဟု ဆိုရမည်လားမသိ။
အနုမြူ လက်နက်၏ အဖျက်စွမ်းအားသည် ကြီးမားလွန်းမက ကြီးမားလှသည် အတွက်
ဟီရိုရှီးမားနှင့် နာဂစကီးနောက်ပိုင်း မည်သည့်နေရာတွင်မျှ မသုံးဖြစ်တော့။
သုံးလျှင်လည်း၊ ဘတစ်ပြန် ကျားတစ်ပြန် အသုံးပြုကြရင်းဖြင့်
နိုင်ငံအားလုံးပြုတ်ပြုတ်ပြုန်း ကုန်ကြမည်သာဖြစ်ရာ မည်သူမျှ မသုံးရဲကြ။
အနုမြူဗုံး၏ ရေရှည်ဆိုးကျိုး ကို နိုင်ငံအားလုံး (အသုံးပြုသူအပါ အဝင်)က ခံကြရမည်သာဖြစ်သည်။
ထိုအချိန်တွင် ဝါဒကြီး နှစ်ရပ်၏ စစ်အေးတိုက်ပွဲ ကြီးမားပြင်းထန်လာသည်။
အုပ်စုကြီးနှစ်ခု ထိပ်တိုက် ရင်ဆိုင်တွေ့မည့်အစား
တပည့်တပန်း နိုင်ငံများတွင် စစ်ပွဲများခင်းကျင်းလာ သည်။
ထိုစစ်ပွဲများတွင် အေကေ-၄၇ သည် အဓိကဇာတ်ပို့အဖြစ်ပါ ဝင်လာ၏။
ကျွမ်းကျင်မှုမလို၊ ဈေးပေါပြီး သယ်ဆောင်ရ လွယ်ကူသော၊ အကြမ်းခံသော အေကေ-၄၇ သည်
ပြည်တွင်းစစ်များတွင် အသုံးတွင်ကျယ် လာသည်။
ပြည်တွင်းစစ်တစ်ခု ပြီးသွားလျင် လက်နက်ပွဲစားများက အေကေ-၄၇ များကို ကောက်သင်း ကောက်လျက်
ပြည်တွင်း စစ်ဖြစ်ပွား နေသောအခြားဒေသတွင် သွားရောက် ရောင်းချကြသည်။
အမေရိကန်သည် ဒေါ်လာဘီလီ ယံပေါင်းများစွာသုံးစွဲလျက် အာကာ သလက်နက်ဆန်းများကို တီထွင်ခဲ့ သော်လည်း
ထိုလက်နက်များကို တစ်ခါမျှ အသုံးပြုခွင့်မရ။
သို့သော် နှစ် ပေါင်းခြောက်ဆယ်ကျော် ကြာသည် အထိ
အေကေ-၄၇ များသည် အသုံး တည့်ပန်းပန်လျက်ရှိသည်။
အေကေ-၄၇ ဖြင့် တိုင်းပြည် တစ်ပြည်ကိုထိန်းချုပ်ထားနိုင်သည်၊
အများပြည်သူကို ရက်ရက်စက်စက် ဒုက္ခပေးနိုင်သည်၊
လူဆိုးသူဆိုးများကို နှိမ်နင်းနိုင်သည်၊ အင်အားကြီးနိုင်ငံ များကိုပင် စစ်ပွဲညွန်ထဲတွင် နှစ်ထား နိုင်သည်။
ဆိုဗီယက်တို့ အာဖဂန်ကို စွန့်ခွာချိန်၌ တာလီဘန်တို့လက်ထဲတွင် အေကေ-၄၇ အမြောက်အမြား ရှိနေခဲ့သည်။
ဆိုဗီယက် ယူနီယံ ပြိုကွဲခြင်းကြောင့်လည်း အေကေ-၄၇ များ ကမ္ဘာအနှံ့ပြန့်ကုန်သည်။
ဆိုဗီယက်တို့ အာဖဂန်သို့ဝင် ရောက်လာသည့်အခါ၊
တိုက်ခိုက်မှု နှင့် မပတ်သက်သော သေဆုံးသူ ခုနှစ်ဆယ်သာရှိသဖြင့် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုရမည်။ ဆိုဗီယက်တို့သည် အာဖဂန်တွင် သုံးနှစ်ခန့်သာနေရန် မူလက စီစဉ်ခဲ့သည်။
အာဖဂန် တိုက်ခိုက်ရေး သမားများလက်ထဲတွင် လက်နက် များများစားစားမရှိသဖြင့်
ခဏတွင်း ချင်းမှာပင် ယင်းတို့အားချေမှုန်းနိုင် မည်ဟု တွက်ဆခဲ့သည်။
မြွေဆရာ ဆိုဗီယက်သည် အာဖဂန်တွင်ပိုးထိတော့သည်။
သိန်းချီသော တရုတ်လုပ် အေကေ-၄၇ များကို စီအိုင်အေသည် ပါကစ္စတန်မှတစ်ဆင့် တာလီဘန်တို့ထံ ပို့ပေးသည်။
ဈေးနှုန်းချိုသာမှု၊ စွမ်းရည်မြင့်မားမှုနှင့် အလွယ်တကူ ရရှိနိုင်မှုတို့ကြောင့်
စီအိုင်အေသည် အေကေ-၄၇ ကိုရွေး ချယ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆိုဗီ ယက်တို့လက်မှ ရရှိထားသော ဆိုဗီယက် လုပ်လက်နက်များကလည်း
တာလီဘန်တို့လက်တွင်ရှိနှင့်ပြီး ဖြစ်သဖြင့်
အမေရိကန်ကထောက်ပံ့သော အေကေ-၄၇ များသည် ခြေရာပျောက်နေနိုင်သည်။
အမေရိကန်တို့ အာဖဂန်တွင်ဝင်စွက်နေပါသည်ဟု အေကေ-၄၇ ကို လက်ညှိုးထိုးကာ အော်လို့မရနိုင်ပေ။
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဆိုဗီယက်တို့ အာဖဂန် ကို အပြီးအပိုင်စွန့်ခွာသွားသည်။
ဆယ်နှစ်ကြာမျှ ဆိုဗီယက်တို့ စိုးမိုးထားစဉ် ကာလတွင် အေကေ-၄၇ သည်
အာဖဂန် လူ့အဖွဲ့အစည်း အတွင်း စိမ့်ဝင်နေရာယူခဲ့သည်။
ထိုသေနတ်နှင့် သူပုန်ခေါင်းဆောင်များသည် နယ်ပယ်စိုးမိုးရန် ကြိုးစားကြသည်။
ဘိန်းစိုက်ခင်းများကို ကာ ကွယ်သည်၊ ဘိန်းပို့ဆောင်ရာ လမ်းကြောင်းကို အကာအကွယ်ပေးသည်၊
ပြန်ပေးဆွဲသည်။ မိုက်ကြေးခွဲသည်။
ငွေကြေးကဲ့သို့ အသုံးပြုကာ အခြား ပစ္စည်းများနှင့် အေကေ-၄၇ ကို ဖလှယ်သည်။
အေကေ-၄၇သည် အာဖဂန်၏ နေ့စဉ် လူနေမှုဘဝကို စိုးမိုးချယ်လှယ်ထားသည်။
ထို့ကြောင့် မီဒီယာများက '' ကလာရှ်နစ် ကော့ယဉ်ကျေးမှု'' Kalashnikov Culture ဟု အမည်ပေးထားသည်။
ဆိုဗီယက် ယူနီယံ ပြိုကွဲသည့်အခါ ဆိုဗီယက် အုပ်စုဝင် နိုင်ငံများလည်း ကစင့်ကလျား ဖြစ်ကုန်သည်။
ဆိုဗီယက်ထောက်ပံမှု မရတော့သည့် အတွက် ဘဏ္ဍာရေးကျပ်တည်းလာ ကြသဖြင
့် ယင်းတို့၏လက်ဝယ်ရှိ အေကေ-၄၇ များကို ကမ္ဘာ့ဈေး ကွက်တွင် ချရောင်းကာ
တိုင်းပြည် အတွက် ဝင်ငွေရှာကြသည်။
ယင်းသို့ နှင့် အေကေ-၄၇ ဈေးကွက်လည်း ဈေးပေါင်ကျိုးတော့သည်။
တစ်ချိန်က အေကေ-၄၇ ကို ကွန်မြူနစ်ဝါဒအောင်မြင်မှု ပြယုဂ် အဖြစ် ဆိုဗီယက်တို့က တင်စားဝင့် ကြွားခဲ့သည်။
ညီအစ်ကိုတော် ကွန်မြူ နစ်ပါတီများကို အေကေ-၄၇ များ ထောက်ပံ့လျက်
ပစ္စည်းမဲ့တော်လှန် ရေးကို ကမ္ဘာအနှံ့ ခရီးနှင်စေခဲ့သည်။
လူမျိုးရေး မုန်းတီးမှု ပြင်းထန်သော၊ အစာရေစာ ရှားပါးသော
အာဖရိ ကနိုင်ငံများသည် ပဋိပက္ခလောင်စာ တို့ဖြင့် အရှိန်တညီးညီး။
ဈေးချိုသော အေကေ-၄၇ ကို အာဖရိက နိုင်ငံအများအပြားက မျက်စိကျသည်။
လိုက်ဘေးရီးယား၊ ရဝမ်ဒါ၊ ဆီရီ ယာလီယွန်နှင့် ဆိုမာလီရှိ ပဋိပက္ခ များသည်
အေကေ-၄၇ သာမရှိပါက ပြီးပြေငြိမ်းနေမည်သာဖြစ်သည်။
အေကေ-၄၇ သည် အာဖရိက သားတို့၏ မခွဲခွာနိုင်သော အဖော်ဖြစ်လာ သည်။
အမေရိကန် အိတ်စပရက် အကြွေးဝယ်ကတ် ကုမ္ပဏီက သူမပါဘဲ အိမ်ကမခွာပါနဲ့ဟု ကြော်ငြာသည်။
အေကေ-၄၇သည် အာဖရိ ကသားတို့၏ အကြွေးကတ်ဖြစ်သည်။
ထို့ကြောင့် သူမပါဘဲ အိမ်က မခွာပါ နဲ့ဟု အပြောင်အပြက် ပြောကြသည်။
တောင်အမေရိကတွင်လည်း အေကေ-၄၇ သည် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာသည်။
၁၉၈ဝ ပြည့်လွန်နှစ်များတွင် နစ်ကရာဂွာရှိ ကွန်ထရာ သူပုန်များသည်
ဆိုဗီယက် ထောက်ခံအားပေးသော ဆန်ဒီနစ္စတာ အစိုးရကို တိုက်ခိုက်နေသည်။
အာဖဂန်နည်းတူ စီအိုင်အေသည် ကွန်ထရာသူပုန်များထံသို့ အေကေ-၄၇ များပေးပို့ခဲ့သည်။
အယ်လ်ဆာဗား ဒိုးပြည်တွင်းစစ်ကို အေကေ-၄၇ က စစ်ရှိန်မြှင့်ပေးသည်။
ကိုလံဘီယာ မူးယစ်ဂိုဏ်းများ၏ လက်စွဲတော်မှာ အေကေ-၄၇ ဖြစ်သည်။
မကြာသေးမီက ဗီနီဇွဲလားက ရုရှားထံမှ အေကေ-၄၇ အလက်တစ်သိန်း ဝယ်ယူခဲ့သည်။
ဗီနီဇွဲလားတွင် အေကေ-၄၇ စက်ရုံတည်ထောင်မည်ဟု သမ္မတ ဟူးဂိုးရှားဗေးက ကြေညာသည်။
အယ်လ်ကိုင်ဒါတို့ လွယ်ထားသည့် အေကေ-၄၇ အများစုမှာ
၁၉၈ဝ ပြည့်လွန်နှစ်များက အမေရိ ကန်တို့ ထောက်ပံ့ထားသော သေနတ်များ ဖြစ်သည်။
အာဖဂန်တွင် ပထမဆုံး ကျဆုံးသည့် အမေရိကန် တပ်ကြပ်ကြီး နာသန်ချက်မင်သည်
အေကေ-၄၇ လက်ချက်ဖြင့် ကျဆုံး ခဲ့ခြင်းဖြစ်သည်။
အီရတ်တွင် အမေရိကန်က လေ့ကျင့်ပေးထားသော အီရတ်တပ် သားသစ်များသည်
အမေရိကန်လုပ် အမ်-၁၆ နှင့် အမ်-၄ တို့ကို မကိုင် လိုကြဘဲ၊ အေကေ-၄၇ ကို တောင်း ဆိုနေကြသည်။
အီရတ်အစိုးရ၏ ထိပ်တန်း အကြံပေးအရာရှိ ဝေါလ်တာစလို ကွန်းက
''ကမ္ဘာ့ရဲ့ ဒီနေရာ (အီရတ်) မှာတော့ ကောင်းကောင်းဆိုးဆိုး အေကေ-၄၇ပဲ။
အီရတ်ယောက်ျား တွေဟာ ၁၂ နှစ်သားအရွယ်က စပြီး
အေကေ-၄၇ကို ကျွမ်းကျွမ်း ကျင်ကျင် တစ်စစီဖြုတ်နိုင်တယ်။ ပြန်တပ်နိုင်တယ်။
မျက်စိကို အဝတ် စည်းပြီးလဲ ဖြုတ်နိုင်တပ်နိုင်တယ်။ ပစ်မှတ်ကိုလဲ ထိအောင်ပစ်နိုင်တယ်'' ဟု ပြောသည်။
၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဆာမာရားရှိ ရှီအိုက်ကျောင်း ဗုံးခွဲခံရပြီးကတည်းက ရှီအိုက်နှင့် စွန္နီတို့ အကြား အမုန်းကြီးထွားလာသည်။ တစ်ဦးနှင့်တစ်ဦး စိတ်မချကြတော့။
ထိုအခါ လက်နက်များ ဝယ်ယူစုဆောင်းကြသည်။
အသက် ၂၅ နှစ် ပြည့်ပြီးသူ သေနတ်ကိုင်ဆောင်ခြင်းသည် အီရတ်တွင် တရားဝင်ဖြစ်သည်။
ထိုသေနတ်များထဲတွင် အေကေ-၄၇ သည် အများဆုံးဖြစ်သည်။
အေကေ-၄၇ တစ်လက်၏ ဈေးသည် ၁၁၂ ဒေါ်လာမှ ဒေါ်လာ ၂၉ဝ သို့ တစ်လအတွင်း ထောင်တက်သွား သည်။ ကျည်ဆန်တစ်တောင့်မှာ လည်း ၂၄ ဆင့် မှ ၃၃ ဆင့်သို့ တက်သွားသည်။
မိသားစုဝင်များ ဖြစ် ကြသော ဇနီးနှင့် သားသမီးများအား
ကလာရှ်နစ်ကော့ စက်သေနတ်ကို မည်သို့ ပစ်ခတ်ရမည်ကို သင်ကြား ပေးကြသည်။
ရပ်ကွက်ပြည်သူ့စစ် အရေ အတွက်မှာ ဗလီကို ဗုံးခွဲအပြီးတွင် ပိုမိုများပြားလာသည်။
ရပ်ကွက်ပြည် သူ့စစ်သား အများစုမှာ ပညာမတတ်သူ၊ ဘာသာရေးအယူအစွဲပြင်းထန် သူများဖြစ်ကြသည်။
၎င်းတို့သည် ဘဂ္ဂဒက်မြို့ လမ်းများပေါ်တွင် အေ ကေ-၄၇ တကားကားနှင့် ဖြစ်ကုန် ကြသည်။
ရပ်ကွက်ပြည်သူ့ စစ်များသည် ရပ်ကွက်အလိုက် တာဝန်ယူကြရသည်။
၎င်းတို့သည် လုံခြုံရေးကို အကြောင်းပြကာ ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်လာကြသည်။
လမ်းပေါ်ရှိ အေကေ-၄၇ များ၏အန္တရာယ်သည် မသေးလှကြောင်းကို
အီရတ်နိုင်ငံရေး သမားများကောင်းကောင်းသိကြ သည်။
သို့သော် ရှီအိုက်အများစုဖြင့် ဖွဲ့စည်းထားသော အီရတ်အစိုးရသည် ပြည်သူ့စစ်များကို အားကိုးနေရသည်။
သေနတ်သည် အီရတ် လူ့အဖွဲ့ အစည်းအတွင်း စူးနစ်စွာ အမြစ်တွယ် နေခဲ့ပြီဖြစ်သည်။
သေနတ်ကိုင် ဆောင်ခြင်းသည် ယဉ်ကျေးမှု တစ်ခု ဖြစ်လာသည်
။ ဘဂ္ဂဒက်တွင် လူ ကောင်းများသည် မျက်နှာဖုံးစွပ်နေ ရပြီး၊
လူဆိုးများသည် ရဲယူနီဖောင်း ဝတ်ကြသည်။
လူဆိုးများကို ဖမ်းဆီး သည့် ရဲများသည် လက်စားချေမည့် ရန်ကြောင့်
လူမြင်မခံဝံ့ဘဲ မျက်နှာဖုံး စွပ်ထားရသည်။
လူဆိုးက ရဲယူနီ ဖောင်းဝတ်ကာ ရဲယောင်ဆောင် ပြီးပြန်ပေးဆွဲကြသည်။
ရုံးဝန်ထမ်း များသည် သေနတ်ခါးထိုးကာ ရုံး တက်နေကြရသည်။
အမျိုးသမီးများ သည်လည်း ကုတင်အောက်တွင် အေ ကေ-၄၇ ကိုထားကာ အိပ်ကြသည်။
ဘဂ္ဂဒက်တွင် တစ်နေ့လျှင် ပျမ်းမျှလူသတ်မှု ၃၃ မှုဖြစ်ပွားနေသည်။
ထိုအခြေအနေသည် အီရတ်တွင် အကြီးမားဆုံး လက်နက်ဈေးကွက် ကြီးဖြစ်စေတော့သည်။
အရောင်း အဝယ်ဖြစ်နေကြသော လက်နက်များ အနက် ထိပ်ဆုံးကပြေးနေသည်မှာ အေကေ-၄၇ ဖြစ်သည်။
နှစ်ပေါင်းခြောက်ဆယ်ကျော် သက်တမ်းရှိခဲ့ပြီဖြစ်သော အေကေ-၄၇ သည် မူရင်းပုံစံအတိုင်း ရှိနေသော်လည်း
များစွာတိုးတက် ပြောင်းလဲလာသည်။
ပိုမိုကောင်းမွန်သော တာရှည်ခံသော သတ္တုကို အသုံးပြုလာခြင်း၊
နည်းပညာအသစ်များကို ထပ်မံပေါင်းစပ် ပေးခြင်းဖြင့်
သူမတူ သောစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အေကေ-၄၇ နှင့် မျိုးနွယ်တူ (တုပပြုလုပ်ထားသော)
သေနတ်ပေါင်း သန်းတစ်ရာရှိသည်ဟု သိရသည်။
အေကေ-၄၇ ၏ ပုံစံကို မှီးလျက်ထုတ်လုပ်ထားသော အေ ကေ-၄၇ မျိုးကွဲတစ်ရာကျော်ရှိသည် ဟု ဆိုသည်။
လူဆိုးဂိုဏ်း၊ မူးယစ်ရာဇာများ၊ လွတ်မြောက်ရေး သူပုန်အဖွဲ့မှစ၍ အစိုးရ စစ်တပ်များအထိ အေကေ-၄၇ ကို ကမ္ဘာအနှံ့သုံးစွဲနေကြခြင်းကြောင့် ကိုကာကိုလာ အချိုရည်ကဲ့သို့ပင် တစ်ကမ္ဘာလုံးတွင် ရရှိနိုင်သဖြင့် ကိုလာကိုလာ စက်သေနတ်ငယ်ဟု ပင်တင်စားပြောဆိုကြသည်။ ခွဲထွက် ရေးလူမျိုးစု သူပုန်များကလည်း ကိုင်စွဲ ကြသည်။ ထိုသူပုန်များက သူတို့ ၏ခွဲထွက်ရေးလှုပ်ရှားမှုကို အေကေ-၄၇ ဖြင့် ကိုယ်စားပြုကြသည်။ သူတို့၏ တံဆိပ်နှင့် အလံတွင် အေကေ-၄၇ ကို ဂုဏ်ယူစွာ ထည့်သွင်းထား ကြသည်။
အေကေ-၄၇ သည် အသုံးတည့် သည်မှာမှန်သော်လည်း
ယနေ့စစ်ပွဲများ၏ မဟာဗျူဟာသည် များစွာ ပြောင်းလဲခဲ့ပြီ ဖြစ်သဖြင့်
ရုရှား တပ်မတော်သည်ပင် အခြားလက်နက်များကို အစားထိုးသုံးစွဲလာပြီး၊
အခြားနိုင်ငံများမှ လက်နက်ငယ်များကို စတင်ဝယ်ယူလာသည်ကို တွေ့ရ သည်။
သို့သော် နည်းဗျူဟာစစ်ပွဲ၊ ဒေသတွင်း ကန့်သတ်စစ်ပွဲ၊ လူမျိုး ရေးစစ်ပွဲများအတွက်ကား လိုအပ် နေဆဲ။
အေကေ-၄၇ ပုံစံသစ်ကို ၂ဝ၁ဝ ခုနှစ်တွင် ထုတ်လုပ်မည်ဟု
မူရင်း သေနတ်ထုတ်လုပ်သည့် ရုရှားကုမ္ပဏီ အဇ်မတ်ရှ်ကွန်စန်း Izhmash Con-cern ကကြေညာထားသည်။
ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ်က မော်ဒယ် အသစ်သည် စွမ်းရည် ၄ဝ မှ ၅ဝ ရာနှုန်းအထိ ပိုမိုတိုးတက်လာမည်ဟု ဆိုသည်။
မစ်ခေး ကလာရှ်နစ်ကော့သည် အေကေ-၄၇ ကိုတီထွင်သည့်အတွက် မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့။
ကွန်မြူနစ် ဆိုဗီယက် ယူနီယံတွင် မူပိုင်ခွင့် ဥပဒေမရှိခဲ့။
ကွန်မြူနစ်စနစ် ပြိုကွဲပြီး ၁၉၉၁ ခု ကျမှသာလျှင် ဆိုဗီယက်မူပိုင်ဥပဒေဟု ပေါ်ပေါက် လာသည်။
အမေရိကန် အမ်-၁၆ ကို တီထွင်ခဲ့သူ ယူဂျင်းစတုန်းနာ Eug-ene Stoner သည် သန်းကြွယ်သူ ဌေးဖြစ်သွားသည်။
ကလာရှ်နစ်ကော့က ''အမိမြေကို ကာကွယ်ဖို့အတွက် အေကေကို တီထွင်ပေးခဲ့တာပါ။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို နိုင်ငံတော်အတွက် မြှုပ်နှံခဲ့တာပဲ'' ဟု ပြောသည်။
သူ့အား ဆိုရှယ်လစ်လုပ်သားကောင်း၊ လုပ်သားသူရဲကောင်းဘွဲ့များဖြင့် ချီးမြှင့်မြှောက်စားခဲ့သည်။
အကယ်စင်စစ်သည် ကလာရှ်နစ်ကော့ ၏ဘဝသည် ဆိုဗီယက် ယူနီယံ၏ ရန်သူအဖြစ်နှင့် စတင်ခဲ့ခြင်းဖြစ်သည်။
သူ၏မိသားစုသည် စတာလင်ကို ဆန့်ကျင့်သူများ ဖြစ်သည်ဆိုကာ
လျှို့ဝှက်ပုလိပ်၏ လိုက်လံပစ်ခတ်မှုကြောင့် ၁၉၃၂ ခုနှစ်တွင် အသက်ဘေးမှ လွတ်ခဲ့သော်လည်း
ဆိုက်ဘေးရီးယားသို့ အပို့ခံရဖူးသည်။
''ကျွန်တော်က သေနတ်ကို အမိနိုင်ငံတော် ကာကွယ်ဖို့အတွက် ရည်စူးပြီးလုပ်ခဲ့တာ။
နိုင်ငံရေး သမားတွေက မဟုတ်တဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုနေကြတာဟာ ဝမ်းနည်းစရာပါပဲ။
တစ်ခါတစ်လေတော့လဲ စဉ်းစားမိတယ်၊ သေနတ် အစားမြက်ရိတ်စက်ကို တီထွင်ပေးခဲ့ ရင်ကောင်းမှာလို့''
ဆွေးဆွေးမြည့်မြည့်နှင့် ပြော လိုက်သော ကလာရှ်နစ်ကော့၏စကား ဖြစ်သည်။
 Ref: Kalashnikov AK-47 Becomes Weapon of the Past
 
Myanmar Express မှကူးယူဖော်ပြသည်

No comments:

Post a Comment