Monday, February 24, 2014

ကလေးအားဆေးသဖွယ် ထုတ်လုပ်ထားသည့် စိတ်ကြွဆေးပြားအန္တရာယ်

တစ်ခါတစ်ရံမှ တွေ့ဆုံလေ့ရှိသော သူငယ်ချင်းတစ်ဦးက စိတ်ကြွဆေး သုံးစွဲချင်သည် ဆိုသဖြင့် သူနှင့်အတူ စိတ်ကြွဆေး တစ်ဆင့်ခံ ဖြန့်ဖြူးသော သူထံကို သွားရောက်ဖြစ်ခဲ့ရာ ထူးဆန်း အံ့သြဖွယ်ရာများ ကြုံတွေ့ ခဲ့ရသည်။ စိတ်ကြွဆေးဟုဆိုလျှင် WY တံဆိပ်သာ မြင်တွေ့ သိရှိဖူးသော်လည်း ယခုအခါ အဆိုပါ ပုဂ္ဂိုလ်ထံမှ မြင်တွေ့ခဲ့သော ကလေးများစားသော အချိုခဲဖွယ်များသဖွယ် ပန်းပွင့်ပုံသဏ္ဌာန် တံဆိပ် ရိုက်နှိပ်ထားသော 88 စိတ်ကြွဆေးမှာ ရန်ကုန်မြို့၌ အသုံးနည်းပြီး နယ်များ၌ အသုံးများကြောင်း အဆိုပါ တစ်ဆင့်ခံ ဖြန့်ဖြူးသူက ပြောပြခဲ့သည်။

စိတ်ကြွဆေးပြားများသည် အက်ဖီဒရင်းဆိုသော မူးယစ်ဆေးမှ ကုန်ကြမ်းအဖြစ် ရယူ အသုံးပြုထားခြင်း ဖြစ်ပြီး အဆိုပါ အက်ဖီဒရင်း ဆေးဝါးမှာ နှလုံးရောဂါ ဖြစ်နိုင်သော မူးယစ်ဆေးတစ်မျိုး ဖြစ်ပါသည်။ စိတ်ကြွဆေးများ၌ အာရုံလှုံ့ဆော်စေသော ဆေးများပါဝင် ပြီး စိတ်ကြွဆေး များများသုံးစွဲလျှင် လန်းဆန်း တက်ကြွသည်ဟု ဆိုသော်လည်း များစွာသုံးစွဲမိပါက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ သံသယစိတ်များခြင်းများ ဖြစ်ပေါ် စေနိုင်ပါသည်။
““စိတ်ကြွဆေးသုံးတဲ့ ယောက်ျားလေးတွေ အဖြစ်များတာက စိတ်ဓာတ်တွေကျမယ်။ စိုးရိမ်စိတ်တွေ ၀င်ပြီး ကိုယ့်မိန်းမကို သံသယစိတ်တွေ ၀င်မယ်။ စိတ်ကစဥ့်ကလျား ရောဂါနဲ့ ခပ်ဆင်ဆင်တူမယ်။ ဒါကတော့ စိတ်ရောဂါတွေထဲမှာ အပြင်းစားပေါ့။ ကောင်းတာလေး တွေတော့ရှိပါတယ်။ လန်းဆန်း တက်ကြွတာတို့၊ ဒါပေမဲ့လည်း ခက်တာက ခဏလေးအတွက် လူတွေက အာရုံရောက်ပြီးတော့ ရေရှည်ကို မစဉ်းစားကြဘူး””ဟု ရန်ကုန်မြို့ စိတ်ကျန်းမာရေး ဆေးရုံကြီး မူးယစ်ဌာနမှ ဆရာဦးလှဌေးက ပြောကြားခဲ့သည်။
ကလေးငယ်များ စားသုံးသော အချိုခဲများနှင့် အားဆေးများကို ကလေးငယ်များအား ဆွဲဆောင်သည့် အနေဖြင့် အရုပ်မျိုးစုံ ပုံသဏ္ဌာန် ဖြင့်လည်းကောင်း၊ စာလုံးများ အသွင်သဏ္ဌာန်ဖြင့် လည်းကောင်း၊ ငုံဆေးလုံးများကဲ့သို့ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။
ထို့ကြောင့် ယခုစိတ်ကြွဆေးပြားများကို အဆိုပါ ပုံသဏ္ဌာန်များကဲ့သို့ ပြုလုပ်လာသဖြင့် စိတ်ကြွဆေးပြား များအား ကလေးများ မှားယွင်းစွာ မျိုမိလျှင် ကိုယ်အပူချိန် တက်လာခြင်း၊ အိပ်မပျော်ဘဲ ကယောင်ချောက်ချားများ ဖြစ်ခြင်းနှင့် ကိုယ်ခန္ဓာအတွင်းရှိ အမြှေးပါး ကလေးများ ပျက်စီးကာ အသက် အန္တရာယ် စိုးရိမ်ရကြောင်း ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးမှ လက်ထောက်ကထိက ဒေါက်တာ သက်ဇော်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
““ဆေးလုံးတွေကို ကလေးတွေ မသိဘဲ မျိုချလိုက်မိရင် ကိုယ်အပူချိန်တွေ အရမ်းတက်လာမယ်။ အိပ်မပျော်ပဲ ကယောင်ချောက်ချား တွေဖြစ်မယ်။ စကားတွေ အရမ်းပြောပြီး ပြောတဲ့အခါမှာ အမှန်အမှား မသိတော့ဘူး။ ခန္ဓာကိုယ်အတွင်း အမြှေးပါးတွေ ပျက်စီးမယ်။ အစာအိမ်တို့ အူတို့မှာတော့ ဒီလောက် ထိခိုက်မှုမရှိဘူး။ အာရုံကြောတွေ အဓိက ထိခိုက်တယ်””ဟု ဒေါက်တာသက်ဇော်က ဆိုသည်။
စိတ်ကြွဆေးပြားများအနက် မြန်မာနိုင်ငံတွင် အများဆုံး အသုံးပြုနေသော ဆေးဝါးမှာ WY တံဆိပ်ဖြစ်ပြီး ယင်းဆေးပြားမှာ တစ်ပြားလျှင် ၅၅၀၀ မှ ၆၀၀၀ ခန့်အထိ ဈေးရှိပြီး တစ်ခါဝယ်ယူလျှင် အနည်းဆုံး ၁၀ ပြား ၀ယ်ယူရသောကြောင့် ငွေကြေး အသင့်အတင့် ကြွယ်ဝသော သူများမှစ၍ ဓနရှင်အသိုင်း အ၀ိုင်းမှာသာ သုံးစွဲကြသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ စိတ်ကြွဆေးသုံးစွဲမှုမှာ မြင့်တက်လျက်ရှိပြီး ဆယ်ကျော်သက် ၀န်းကျင်အရွယ် လူငယ်များမှာပင်မက အသက် ၄၀ ၀န်းကျင်အရွယ် လူကြီးများအထိ သုံးစွဲကြသည်ဟု သုံးစွဲ သူများကပြောသည်။ သုံးစွဲသူများအကြား၌ စိတ်ကြွဆေးပြားများ ပြတ်လပ်သွားချိန်တွင် သုံးစွဲသူ တစ်ဦးနှင့်တစ်ဦး ပြန်လည်ရောင်းချ မျှဝေသုံးစွဲကြပြီး စိတ်ကြွဆေး ကွန်ရက် တစ်ခုသဖွယ် ဖြစ်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် အတွင်းတွင် စိတ်ကြွဆေး တင်ပို့သည့် နိုင်ငံများတွင် ထိပ်ဆုံးနိုင်ငံအဖြစ် ဦးဆောင်လျက်ရှိပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အက်ဖီဒရင်း(စိတ်ကြွဆေးကုန်ကြမ်း) ၉၃ ဒသမ ၆ သန်းကျော် ဖမ်းဆီးမိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
စိတ်ကြွဆေး သုံးစွဲပြီးချိန်၌ ဖြစ်ပေါ်လာသော စိတ်ခံစားမှုနှင့် ပတ်သက်၍ လမ်းမတော်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် ကိုလင်းခေတ်(အမည်လွှဲ)က ““သုံးပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှု ရှိတယ်။ လန်းဆန်းတယ်။ တော်တော်ကြာကြာ မမောဘဲ အလုပ်လုပ်နိုင်တယ်။ အစားလည်း မစားဘူး။ အိပ်လည်း မအိပ်ဘူး။ ဒါပေမဲ့ သုံးပြီးလို့ ဆေးပြန်ကျသွားရင်တော့ ရင်တွေတုန်တယ်။ အရမ်းအိပ်ချင်တယ်။ ခြေတွေ လက်တွေညောင်းတယ်။ လမ်းကြောင်းကျပ်ရင်တော့ ပစ္စည်းက ဈေးကြီးတယ်။ ဒါပေမဲ့လည်း မသုံးဘဲ မနေနိုင်တော့ ၀ယ်သုံးရတာပဲ”” ဟု ဆိုသည်။
စိတ်ကြွဆေးပြားများအား သုံးစွဲရန် ဆေးပြားအား ခဲပြားပေါ်တင်ပြီး အောက်မှ မီးအနည်းငယ်ဖြင့် လောင်မြိုက် စေကာ ထွက်ရှိလာသော အငွေ့အား ရှူသွင်းခြင်း ဖြစ်သည်။ စိတ်ကြွဆေး သုံးစွဲရာ၌ အဓိက အခက်အခဲမှာ နေရာဖြစ်ပြီး အဆိုပါကိစ္စအပေါ်၌ အမြတ်ထုတ်ကာ စီးပွားရေးလုပ်စားသော လုပ်ငန်းရှင်များလည်း ရှိကြောင်း သုံးစွဲသူများက ပြောသည်။
““တချို့ဘားတွေမှာ VIP Room ဆိုတာရှိတယ်။ အေးဆေးပဲ။ အထဲမှာ ကြိုက်တာ လုပ်လို့ရတယ်။ waiter က ဘဲလ်တီးမှ ၀င်လာတာ။ တချို့ဆိုင်တွေဆိုရင် ခဲပြားပါ ထုတ်ပေးတဲ့ ဆိုင်တွေရှိတယ်”” ဟု စိတ်ကြွဆေး ပုံမှန်သုံးစွဲသူ တာမွေမြို့နယ်နေ ကိုဝဏ္ဏ (အမည်လွှဲ)က ရှင်းပြခဲ့သည်။
ထိုကဲ့သို့ မြန်မာနိုင်ငံ၌ စိတ်ကြွဆေး သုံးစွဲမှုသည် ယဉ်ကျေးမှုသဖွယ် ဖြစ်နေခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက ““သေချာ အရေးယူမှု မရှိတဲ့အခါမှာ ဒီပြဿနာတွေက ဖြစ်နေတာပါ။ သေချာအရေးယူ ဆောင်ရွက်ဖို့လည်း လိုတယ်ဗျ။ ကျွန်တော်တို့ ရောက်ခဲ့တဲ နေရာတိုင်းမှာ ဒီပြဿနာပဲ ကြုံနေရတာ။ ကျွန်တော်တို့ နိုင်ငံမှာလည်း နှစ်ပေါင်းများစွာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်နေတာ။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင်တော့ မူးယစ် ဆေးဝါးကို တိတိကျကျ ထိန်းချုပ်ဖို့ လိုပြီလို့ ပြောချင်တယ်”” ဟု သုံးသပ်ပြောကြားခဲ့သည်။
စိတ်ကြွဆေး သုံးစွဲသူ အများစုသည် အသက် ၁၈ မှ အသက် ၃၀အကြား ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်နေခြင်းမှာလည်း အများအတွက် စိုးရိမ်ဖွယ်ရာနှင့် တာဝန်ရှိကြောင်းကို ““တချို့ကျောင်းသားလေးတွေ နယ်ကမြို့ကိုလာပြီး တက္ကသိုလ် တက်ကြတယ်။ မိဘတွေက ပိုက်ဆံကို တောင်းသလောက်ပေးတယ်။ သူတို့ကလည်း လက်တည့် စမ်းကြတယ်။ တချို့ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးမှာ အောင်မြင်သွား တော့လည်း မူးယစ်ဆေးဝါးသုံးစွဲ ကြတယ်။ လူငယ်ဆိုတာက ဒီလိုပဲလေ။ အသစ်အဆန်းဆို လက်တည့်စမ်းချင်ကြတယ်။ အရက်သောက်တာနဲ့ ဆေးလိပ်သောက်၊ ကွမ်းစားတာဆိုရင် ဒီလောက် ပြဿနာ မရှိဘူး။ မူးယစ်ဆေးက ပြဿနာရှိတယ်””ဟု လှိုင်သာယာ နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူက သူ၏ ခံစားချက်အား ဖွင့်ဟပြော ကြားခဲ့သည်။
စိတ်ကြွဆေးသုံးစွဲရာ၌ အချို့သော မိန်းကလေးများသည်လည်း ယောက်ျားလေးများ နည်းတူ သုံးစွဲလျက် ရှိသည်။ အဆိုပါ မိန်းကလေးများသည် စိတ်ကြွဆေးအား ပါတီ၊ ကလပ်၊ ပွဲလမ်းသဘင် သွားရာတွင် သုံးစွဲ သွားလေ့ရှိသလို စိတ်ကြွဆေး၌ ကိုယ်အလေးအချိန် လျော့ကျစေသော ဆေးတစ်မျိုး ပါဝင်သောကြောင်း ကိုယ်ခန္ဓာပေါင်ချိန် လျှော့ချရာ၌လည်း အသုံးပြုကြသည်။
စိတ်ကြွဆေးပြားများကို ယောက်ျားလေးများအပြင် မိန်းကလေးများပါ သုံးစွဲလာကြပြီး အထူးသဖြင့် တချို့သော လိင်လုပ်သား  အမျိုးသမီးငယ်များသည် ၎င်းတို့ထံ လာသော ဧည့်သည်များနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်ရန် အတွက် စိတ်ကြွဆေးပြားများကို သုံးစွဲကြသည်။
စိတ်ကြွဆေးပြားသုံးစွဲသူသည် လန်းဆန်းတက်ကြွပြီး အိပ်မငိုက်သည့် အတွက်ကြောင့် ၎င်းတို့ လုပ်ငန်းခွင်အတွင်း အခြားသော ဆေးပြား မသုံးစွဲသူများထက် ပိုမို အလုပ်လုပ်ကိုင် နိုင်သည်ဟု  အမျိုး သမီးငယ် တစ်ဦးက ပြောသည်။
““ငါတို့ကတော့ တစ်ခါတလေ သူငယ်ချင်းတွေစုပြီး Show ပွဲ သွားကြည့်တာ။ ပါတီသွားတာ၊ ကလပ် သွားတာလောက်မှသုံးတာပါ။ တချို့လည်း ၀ိတ်ချတာမှာ WY နဲ့ ၀ိတ်ချတာတွေရှိတယ်။ တကယ် ပိန် သွားတာနော် မထင်ရဘူး”” ဟု စိတ်ကြွဆေးအား ရံဖန်ရံခါသုံးစွဲသူ လသာမြို့နယ်နေ မငြိမ်းငြိမ်း (အမည်လွှဲ) က ဆိုသည်။
စိတ်ကြွဆေးသုံးစွဲသူ၏ ၁၀ ရာခိုင်နှုန်းခန့်သည် စိတ်ရောဂါ ရရှိပြီး အမြန်ကုသမှုမရှိပါက ရောဂါ ပြန်လည် ကောင်းမွန်ရန် ခက်ခဲပြီး ဦးနှောက် အစားထိုး ကုသရကြောင်း ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး မူးယစ်ဌာနမှ ဆရာဦးလှဌေးက ပြောကြားသည်။

Myanmar Thandawsint

No comments:

Post a Comment