လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည့် ကျေးလက်တောသူ
ကောက်စိုက်သမများ၏ ဘ၀ကို မြှင့်တင်ပေးနိုင်ရန် “လယ်တောသူ အလှမယ်ပြိုင်ပွဲ”
(Miss Femer Conterst) ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်မှ ၈
ရက်အထိရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်ပြုလုပ်ကျင်းပမည်ဟု
ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က မဇ္ဈိမသို့
ပြောသည်။
“လယ်ယာကဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျေးရွာတွေမှာ
လယ်ယာစိုက်ပျိုးဖို့လုပ်နေရတဲ့ မိန်းကလေးတွေ မျက်စိပွင့်လာအောင်၊ သူတို့ကို
လယ်တောထဲကဘ၀ကနေ အနေအထားတစ်ခုကို မြှင့်တင်ပေးချင် တယ်။
သူများနိုင်ငံတွေကလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲမျိုးတွေ
မလုပ်ပေးနိုင်ရင်တောင် ဒီလိုပြိုင်ပွဲမျိုး လုပ်ပေးတဲ့အတွက်
တိုင်းနဲ့ပြည်နယ်အသီးသီးက ကျေးလက်မှာနေတဲ့အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ
ငါတို့ မှာလည်း ဒီလိုအခွင့်အရေးမျိုးတွေ ရှိတယ်ဆိုတာ သိရှိစေဖို့အတွက်
ရည်ရွယ်ပြီး လုပ်တာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ပြိုင်ပွဲ စိစစ်ရွေးချယ်ရာတွင် လယ်ယာမြေနှင့်ပတ်သက်သည့် အထွေထွေဗဟုသုတ မေးခွန်း ၃၀ ကို မေး မြန်းမည်ဖြစ်ပြီး ကိုယ်ခန္ဓာအချိုးအစားအရ ကြံ့ခိုင်ဖွံ့ဖြိုးမှုရှိရန်နှင့် အမှန်တကယ် ကျေးတောသူ ၀တ်စား ဆင်ယင်ပုံကို တင်ဆက်နိုင်မည့်သူများကိုသာ ရွေးချယ်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လယ်တောသူအလှမယ်ပြိုင်ပွဲတွင် ပထမဆု ငွေကျပ်သိန်း ၅၀၊ ရွေသားသရဖူနှင့် (ပြည်ပလေ့လာရေး ခရီးစဉ်) ပါဝင်မည်ဖြစ်ပြီး ဒုတိယဆု ငွေကျပ် သိန်း၃၀ (ပြည်ပလေ့လာရေးခရီးစဉ်)၊ တတိယဆု ငွေ ကျပ် သိန်း၂၀ (ပြည်ပလေ့လာရေးခရီးစဉ်)နှင့် အခြားသောဆုများပါ ချီးမြှင့်သွားမည် ဖြစ်သည်။
ရွေးချယ်ခံရသူများကို ပြိုင်ပွဲပြီးဆုံးပါက ပညာအရည်အချင်းပေါ်မူတည်ပြီး စိုက်ပျိုးရေး အထူးပြုကုမ္ပဏီ များတွင် အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ပေးမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ရောက်ရန် လျှောက်ထားသူများသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ပညာ အရည်အချင်း ကန့်သတ်မထားသည့်အတွက် အရပ် ၅ ပေ ၂ လက်မအထက်နှင့် ကိုယ်အလေးချိန်ပေါင်း ၁၁၀ အထက် ရှိရမည်ဖြစ်သည်။ အိမ်ထောင်မရှိသူ အပျိုဖြစ်ရပါမည်။ ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးသူဖြစ်ပြီး မိဘအုပ်ထိန်းသူ၏ သဘောတူလက်မှတ်နှင့်တကွ သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ၆ x ၄ အ ရွယ် မြန်မာဝတ်စုံနှင့် ရိုက်ထားသည့် ကိုယ်လုံးပေါ်တစ်ပုံ၊ ဘေးတိုက်ပုံတစ်ပုံ၊ ကိုယ်တစ်ပိုင်းတစ်ပုံ၊ စိတ် ကြိုက်အလှပုံ တစ်ပုံနှင့် ပူးတွဲပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် နောက်ဆုံးထား လျှောက်ထားနိုင်သည်။
လူတွေ့မေးမြန်းမှုကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။ လူတွေ့မေးမြန်းမှုမှ ရွေးချယ်ခံထားရသည့် အယောက် ၃၀ ကို လယ်တော သူ အလှမယ်ပြိုင်ပွဲကြီးနှင့်အတူ မြန်မာလယ်ယာထွက်ကုန် တန်ဖိုးမြင့် စက်ကိရိယာပြပွဲကို မတ်လ ၅ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ဒုတိယအကြိမ်မြောက် ကျင်းပသွားမည် ဖြစ်သည်။
၎င်းပြိုင်ပွဲကို မြန်မာနိုင်ငံ ဆန်စပါးအသင်းက ကြီးမှူးပြီး မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်း၏ အသင်းနှစ်ပတ်လည်ပွဲနှင့် မြန်မာလယ်ယာထွက်ကုန် တန်းဖိုးမြင့် စက်ကိရိယာများပြပွဲနှင့်အတူ ကျင်းပ သွားမည်။ အဆိုပါပြပွဲတွင် ဂျပန်၊ ကိုရီးယား၊ အိန်္ဒိယ၊ မလေးရှား၊ ထိုင်းနိုင်ငံနှင့်၊ ပြည်တွင်းကုမ္ပဏီ ၅၀ ကျော်တို့မှ လယ်ယာစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အတွင်း အသုံးပြုခဲ့သည့် လယ်ယာသုံးစက်ကိရိယာများ ကို ပြသရောင်းချသွားမည်ဖြစ်သည်။
Mizzima

No comments:
Post a Comment