Monday, February 10, 2014

သာကေတနှင့် မြောက်ဒဂုံတွင် တစ်ရက်တည်း မီးလောင်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် မြောက်ဒဂုံတို့တွင် ဖေဖော်ဝါရီ ၉ ရက်က တစ်ရက်တည်း တစ်ရက်တည်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှုး ဒုတိယ ညွန်ကြားရေးမှူး ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီ ၉ရက် နံနက် ၃နာရီ ၄၅မိနစ်က သာကေတမြို့နယ်၊ (၇) အရှေ့ရပ်ကွက်၊ ဇီဇဝါလမ်းရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း
နှစ်ထပ်အိမ်တွင် စတင်မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဦးကြည်ဝင်းက “ခြင်ဆေးခွေမီး ထွန်းထားရာကနေ အနီးမှာရှိတဲ့မွေ့ယာကို မီးကူးစက်လောင်တာပါ”ဟု ပြောသည်။ မီးလောင်မှု
ကြောင့် တစ်ထပ်အိမ်တစ်လုံး၊ သွပ်မိုး၊ ပျဉ်ကာလေးလုံး၊ စုစုပေါင်း အိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် အိမ်တန်ဖိုးနှင့် အတွင်းပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်းတန်ဖိုး နှစ်ဆယ့်ငါးသိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကို မြင်တွေ့သူ အမျိုးသမီးတစ်ဦးက “အိမ်နှစ်လုံးလောက် မီးလောင်ကုန်မှ မီးသတ်ကား ရောက်တယ်။ မီးသတ်ကား မရောက်ခင် အရပ်က ဝိုင်းဝန်းငြိမ်းသတ်ကြတယ်။ တစ်ချို့အိမ်က လူတွေက မနိုးကြဘူး။ ရပ်ကွက်က မီးလောင်နေတယ်လို့
အော်နှိုးကြတယ်။ သစ်နဲ့ဆောက်ထားတဲ့ အိမ်တွေဘက်ကို မီးကူးတယ်။ တိုက်အိမ်ခံနေတဲ့ ဘက်က မီးမကူးဘူး" ဟု ပြောသည်။
မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ အထောက်အကူပြုယာဉ် ၄ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၆၇ ဦး၊ အရန်မီးသတ် ၅၆ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၃၂ ဦးတို့ ဖြင့်သွားရောက် မီးငြှိမ်းသတ်ရာ နံနက် ၄နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွား သည်။ မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသည့် အိမ်ရှင်ကို သာကေတမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၉၂/၂ဝ၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၉ရက် နံနက် ၁ဝ နာရီ ၅၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ်ကွက်၊ ခရေလမ်းရှိ လျှာထိုးခင်း၊ သွပ်မိုးနှစ်ထပ်အိမ်တွင် အိမ်ရှင်မိသားစု ခရီးသွားစဉ် လျှပ်စစ်ပစ္စည်းများကို မီးဖွင့်ထားခဲ့ရာမှ အပူလွန်ကဲ၍ စတင်မီးလောင်မှု
ဖြစ်ပွားခဲ့သည်။
ယင်းမီးလောင်မှုကြောင့်  အကျယ်အဝန်း ၁ဝx၁ဝ ပေ အိပ်ခန်းအတွင်းရှိ ဆောင်းဘောက်တစ်လုံး၊ အသံချဲ့စက်တစ်လုံး၊ DVD အောက်စက်တစ်လုံး၊ ၁၄-လက်မ တီဗွီတစ်လုံးနှင့် မျက်နှာကျက် အနည်းငယ် မီးလောင်ခံရ၍ ကျပ်တစ်သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်။
မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ် ၁၄ ဦး၊ အရန်မီးသတ် ၆ ဦးနှင့် ပတ်ဝန်းကျင်နေပြည်သူများမှ မီးငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၁၁နာရီ ၁ဝမိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး အိမ်ရှင်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြိုနယ် ရဲတပ်ဖွဲ့စခန်းက ပ- ၆၉/ ၂ဝ၁၄၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားသည်။

Mizzima

No comments:

Post a Comment