Sunday, February 9, 2014

လှည်းကူးမြို့နယ် သမီးကလေးရွာ ဘုန်းတော်ကြီးကျောင်း၊ မူလတန်းကျောင်း အပါအ၀င် အိမ်ခြေ ၃၉၆ လုံးအား အင်အားသုံး ဖျက်သိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်း ကျေးရွာအုပ်စု ကြီးလေးကြီး လမ်းဘေးရှိ သမီးကလေးကျေးရွာမှ အိမ်ခြေ ၃၉၆ လုံး၊ ဘုန်းတော်ကြီးကျောင်း၊ မူလတန်းကျောင်း၊ သာသနနုဂ္ဂဟရုံးခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးခန်းနှစ်ခန်းတို့ အား တပ်မတော်ကျောင်းကြီး သုံးကျောင်း၏ တပ်ပိုင်မြေတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်၊ နံနက် အစောပိုင်းက အင်အားသုံး ဖျက်သိမ်းခဲ့သည်ဟု သမီးကလေးရွာ သာသနနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့ရွာမှာ အရင်တုန်းက ဘုန်းတော်ကြီး ကျောင်းက အရင်က တဲကျောင်းလေးပေါ့။ နောက်တော့လည်း အလှူရှင်တွေ ပေါ်လာပြီး အုတ်ညှပ် သွပ်မိုးလေး ဆောက်ထားတယ်။ တံခါးတွေ တပ်ဖို့ပဲ ကျန်တော့တယ်။ ဘုန်းတော်ကြီးလည်း နေစရာမရှိလို့ ၀ါးဓမ္မရွာကို ကြွသွားပြီ။ ကျန်တာတွေကို မပြောလိုပါ ဘူး။ ဗုဒ္ဓဘာသာဝင်တွေက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို အဖျက်ခံရတာ အတော်ဆိုးတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ သက်ဝင်ယုံကြည်တဲ့ ဘုန်းတော်ကြီးကျောင်းကို ဖျက်တာ သာသနာကို စော်ကားတာပါပဲ။ စိတ်မကောင်းရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။ သင်ပြုသောကံ သင့်ထံ ပြန်လာမယ်ဆိုတဲ့ စကားလည်း ရှိပါတယ်””ဟု ပြောသည်။
သမီးလေးရွာသား ကိုဖိုးမောင်က ““ဒီနေ့မနက် ငါးနာရီခွဲလောက်မှာ မြို့နယ် ထွေ/အုပ် ခေါင်းဆောင်ပြီး ကားအစီး ငါးဆယ်ကျော်လောက်နဲ့ ရောက်လာပြီး အသံချဲ့စက်နဲ့ အော်ပါတယ်။ မိဘပြည်သူများ ကျူးကျော်မြေထဲမှာ နေတဲ့အတွက် ဖယ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ တုတ်၊ ဓား နဲ့ ခုခံရင် ထောင်ဒဏ် သုံးနှစ် ကျခံရပါမယ်။ ဒါနဲ့ ကျွန်တော်တို့ကလည်း တောသားဆိုတော့ ကြောက်တာပေါ့နော်။ ဒါနဲ့ကျွန်တော် တို့လည်း ကိုယ့်ရှိသမျှ ပစ္စည်းလေးတွေ ကမန်းကတန်း သိမ်းရတယ်။ နောက်မိုးလင်းလာတဲ့ အချိန်ကျတော့ စက်ယန္တရား ကြီးတွေနဲ့ အုတ်ညှပ် အဆောက်အအုံတွေ၊ စဖျက်တော့တာပဲ။ အိမ်ထဲမှာ လူရှိရင် ထွက်ပေးပါလို့တော့ ကြိုပြောတယ်””ဟု ဆိုသည်။
သမီးကလေးဇာတိ မချောစု က ““ဒီမှာမွေး၊ ဒီမှာကြီးတာပါ။ ကိုယ့်ရှိတာလေးနဲ့ သပ်သပ်ယပ်ယပ် ဆောက်ထားတဲ့ အိမ်ကလေးကို ၀ိုင်းဖျက်လိုက်ကြတာ ခဏလေးပဲ။ ကျွန်မတို့ အရင်တုန်းက ဒီလမ်းမကြီး မရှိသေးဘူး။ တောထဲ တောင်ထဲမှာ မျှစ်ချိုး၊ ငါးဖမ်းနဲ့ ရာသီအလိုက် လုပ်ကိုင်စားနေခဲ့တာ။ ဘာပြဿနာမှ မရှိခဲ့ဘူး။ ခုတော့ ဒီကြီးလေးကြီး လမ်းမကြီးလည်း ပေါ်လာရော ရွာအဖျက်ခံရတဲ့အဆင့် ရောက်သွားတယ်””ဟု မျက်ရည်များဝဲကာ ပြောပြသည်။
အဆိုပါ သမီးကလေးရွာ ဖျက်သိမ်းရာတွင် ပါဝင်သော ရဲသား တစ်ဦးကလည်း ““ကျွန်တော်တို့က ဘာမှမသိဘူး။ လူကြီးလမ်းကြောင်းဆိုပြီး ခေါ်လာလို့ လိုက်လာတာ။ ဒီရောက်တော့မှ လူတွေနေတဲ့အိမ် ဖျက်ခိုင်းတာ။ စိတ်မကောင်းပါဘူးဗျာ။ သူများအသိုက်ကို ဖျက်ရတဲ့အလုပ် ကျွန်တော် မလုပ်ချင်ဘူး။ ဒီလိုသာ လုပ်ခိုင်းရင် တပ်ဖွဲ့ဝင်ကနေ နုတ်ထွက်စာ တင်မယ်””ဟု ပြောသည်။
ယင်းရွာဥက္ကဋ္ဌ ဦးတင်မြင့်က ““ရွာကို စဖျက်တဲ့ အချိန်ကနေ ကြီးလေးကြီးလမ်းကို ပိတ်ထားတယ်။ ဖျက်ပြီးတော့မှပဲ လမ်းပြန်ဖွင့်တယ်။ အိမ်တွေဖျက်တာထက် စာသင်ကျောင်းလေးကို ယန္တရားနဲ့ ဖျက်ပစ် လိုက်တယ်။ ဒီကျောင်းမှာ ကလေးအယောက် ၆၀ ရှိတယ်။ ဒီကလေးတွေရဲ့ ပညာရေး ဘယ်လို လုပ်ကြမလဲ။ လူသားအရင်းအမြစ် တွေရဲ့ ပညာရေးက နိမ့်ကျတော့မှာပေါ့။ လူသားအရင်းအမြစ်တွေ နိမ့်ကျရင် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နိမ့်ကျမှာပဲ။ သမ္မတကြီးက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုပြီး တကယ်က အောက်က လုပ်နေတာ ဆင်းရဲတွင်းကို တွန်းချသလိုမျိုး ဖြစ်နေတယ်။ သမ္မတမိန့်ခွန်းနဲ့ ဖီလာဆန့်ကျင်နေတယ်။ ကြေးတိုင်၊ မြေစာရင်း၊ လယ်/ဆည် ဌာနတွေမှာ သမီးလေးရွာက မြေပုံအထင်အရှား ရှိပါလျက်နဲ့ ခုလို အဖျက်ခံရတာ သမ္မတကြီး သိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော သားဆိုတော့ သမ္မတကြီးသိအောင် ဘယ်လို လုပ်ရမှန်း မသိဘူး။ ခံစားချက်တွေကို မီဒီယာကိုပဲ ပြောပြတတ်တာပါ””ဟု ပြောသည်။
အဆိုပါ ရွာဖျက်သိမ်းရန်အတွက် မြို့နယ်ထွေ/အုပ်မှ နို့တစ်စာ သုံးစောင် ပေးထားသည်ဟု ရွာသား ကိုဖိုးတုတ်က ပြောသည်။
ဒေသခံရွာသား ကိုလှလေးစိန်က ““ရွာကို ဖျက်လိုက်တော့ ရွာသားတွေက သူတို့ရဲ့ဆွေမျိုး နီးစပ်ရှိရာမှာ ခိုကပ်နေကြတယ်။ တချို့လည်း ဟိုးတောထဲကို တဲလေး ထိုးနေကြတယ်။ ရွာနားမှာ တဲထိုးနေရင် မီးရှို့ မယ်လို့ ပြောတာကြောင့် မနေရဲကြတော့ဘူး။ အိမ်မွေးကြက်တွေကိုလည်း သူတို့က ခပ်တည်တည်နဲ့ သတ်ဖြတ်စား သောက်ကြသလို ဈေးဆိုင်က အအေးပုလင်းတွေလည်း ယူသောက် လိုသောက်နဲ့ စိတ်ကြိုက်ပွဲတော်ကြီး တည်နေကြတာ။ သူတို့ကို ခေါ်လာတဲ့ လူကြီးတွေက လုံးဝ မသိဘူး။ ကျန်တာတော့ မပြောချင်တော့ပါဘူး။ ဒီလမ်းမကြီးကိုပဲ အပြစ်တင်ချင်တယ်။ လမ်းကြီး ကောင်းလာတော့ လူတွေ မျက်စိကျလာတယ်။ အဲဒီတော့ တောသားတွေ ဘာသိတာ မှတ်လို့ဆိုပြီး ရွာဖျက်လိုက်တာ ပေါ့လေ။ ရွာဥက္ကဋ္ဌ ကလည်း မြို့နယ်မှာ အမည်စာရင်း ပေါက်အောင် မလုပ်တတ်တာလည်း ပါတာပေါ့။ ခုတော့ဗျာ သူဌေး သင်္ဘောမှောက်ထက်ဆိုးတဲ့ သူတောင်းစား ခွက်ပျောက်တာ ဒုက္ခနဲ့ လှလှကြီးတွေ့ပါပြီ””ဟု ရင်ထုမနာသံနှင့် ပြောသည်။
သမီးကလေးရွာ မူလတန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများကို သမီးကလေးရွာနှင့် ၅ မိုင်ခန့် အကွာရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း ဆရာတော်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ခေါ်ဆောင် သွားသည်ဟု ထပ်လောင်း ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လှည်းကူးမြို့နယ် ထွေ/အုပ်ရုံးသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ခေါ်ဆိုသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

Myanmar Thandawsint

No comments:

Post a Comment