Friday, February 14, 2014

ချက်ထရီယမ်ဟိုတယ်ရဲ့ ပထမဆုံးမြန်မာ ဂျီအမ် ဖြစ်လာတဲ့ မမေမြတ်မွန်ဝင်း

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး (ဟောင်း/လက်ရှိ) ဟီလာရီ
ကလင်တန်၊ ဂရမ်မီဆုရှင် အဆိုတော် ဂျေဆင်မရတ်တို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို သမိုင်းဝင်
ဧည့်သည်တွေအဖြစ် လက်ခံရရှိပြီးချိန်မှာ ရန်ကုန်မြို့က ကြယ်ငါးပွင့်ဟိုတယ် ချက်ထရီယမ်မှာ
ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီအပြောင်းအလဲကတော့ ချက်ထရီယမ် ဟိုတယ်သက်တမ်းတစ်လျှောက် ဒီမတိုင်ခင် ဟိုတယ်
Nikko အဖြစ် ရပ်တည်ခဲ့ရာကစပြီး ဟိုတယ်ရဲ့ ၁၆ နှစ်တာ သက်တမ်းအတွင်းမှာ ပထမဆုံးမြန်မာ
လူမျိုးတစ်ဦးကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလက စတင်ပြီး GM အဖြစ် ခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။
သူကတော့ ဟိုတယ်လုပ်ငန်းမှာ နှစ်ပေါင်း ၂၀ နီးပါး အတွေ့အကြုံရှိတဲ့ မမေမြတ်မွန်ဝင်းပဲ
ြ ဖြစ်ပါတယ်။


အခုအခါမှာ ဟိုတယ်ရဲ့ ပထမဆုံးအမျိုးသမီး ဂျီအမ် ဖြစ်လာတဲ့ မမွန်က သူ့ရဲ့ကျွမ်းကျင်မှုဆိုင်ရာ
အသက်မွေးဝမ်းကျောင်းအလုပ်မှာ ယောက်ျား၊ မိန်းမဖြစ်မှုကြောင့်ဖြစ်စေ၊ ဘာ လူမျိုး၊ အသက်
အရွယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့မှ ခွဲခြားမဆက်ဆံခံရစေဖို့ အထူးကြိုးစား အားထုတ်ခဲ့တာဟာ
သူ့ကို ဒီနေရာရောက် စေဖို့ ပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"နိုင်ငံခြားသားတစ်ယောက် လုပ်နိုင်ရင် အစ်မ ဘာလို့မလုပ်နိုင်ရမှာလဲဆိုတဲ့စိတ် အစ်မမှာ
အမြဲတမ်းရှိတယ်။ လုပ်နိုင်ဖို့အတွက်ကတော့ ကိုယ်က အဘက်ဘက်က fit ဖြစ်ရမယ်၊ ကျွမ်းကျင်မှု
ရှိရမယ်၊ ဗဟုသုတများများ ရှိရ မယ်၊ စီမံခန့်ခွဲမှု၊ ဆုံးဖြတ်ချက်ချတတ်ဖို့ ဒါတွေကတော့ လိုအပ်ချက်
တွေ ရှိတာပေါ့လေ။ ဒီလူတစ်ယောက်လုပ်နိုင်လို့ရှိရင် နောက်လူတစ်ယောက်က ဘာဖြစ်လို့
မလုပ်နိုင်ရမှာလဲ" လို့ အသက်လေးဆယ် ၀န်းကျင်အရွယ် ရှိပြီး စမတ်ကျလှပတဲ့ မမွန်က
ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်ပန်နဲ့ ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူထိုင်နေရာ ဟိုတယ်အပေါ်ဆုံးထပ်က ဧည့်ခန်းထဲကို ထိုင်းလူမျိုး ဧည့်သည်
တစ်ဦး ၀င်လာတာကြောင့် သွက်သွက်လက်လက် ထရပ်ပြီး ထိုင်းဘာသာစကားနဲ့ နှုတ်ဆက်လိုက်
ပါတယ်။

ပြီးတာနဲ့ ဧည့်ကြိုကောင်တာမှာ စနစ်တကျအလုပ်လုပ်နေကြတဲ့ ၀န်ထမ်းတွေကို ဝေ့ကြည့်လိုက်ပြီး
ြ ပြုံးပြ လိုက်ပြန်ပါတယ်။

ပြီးတော့မှ စာရေးသူဘက် ပြန်လှည့်လိုက်ပြီး "ဒီတာဝန်ကြီး ယူထားတာ မကြာသေးဘူး။
သွေးတိုးနေပြီ"လို့ အရွှန်းစကား ဆိုရင်း အားပါးတရ ရယ်မောပါတော့တယ်။

ပွင့်လင်းတဲ့စိတ်ထားရှိပုံရတဲ့ ဂျီအမ်အသစ်က သူကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ယောက်
ဖြစ်နေတာကြောင့် နိုင်ငံတကာက အမျိုးသမီး ဂျီအမ်တွေကို သဘောကျ၊ အားကျတဲ့သူ ဖြစ်တယ်
လို့လည်း ဆိုလိုက်ပါတယ်။

"Reginonal ကိုကြည့်မယ်ဆိုရင် ထိုင်းမှာလည်း အမျိုးသမီး ဂျီအမ် ရှိတယ်။ အမျိုးသမီး ဂျီအမ်
ရှိတယ်ကြားရင် အရမ်းသဘောကျတာ။ ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင်
ဂျီအမ် ရာထူးတွေကို ယောက်ျားတွေက ၉၀ ရာခိုင်နှုန်းလောက် ကြီးစိုးထားတာ။ အဲလိုမျိုးဆိုရင်
မိန်းမတွေရော ဘာလို့မလုပ်နိုင်ရမှာလဲ။ စဉ်းစားမိတယ်။ မလေးရှားလည်း ရှိတယ်။ ဟောင်ကောင်
မှာလည်း ရှိတယ်။ တကယ့်ကို အကြီးဆုံးဆိုတဲ့ ဟိုတယ်မှာ။ သူတို့လည်း ကြိုးစားလို့ဖြစ်တယ်။
ငါတို့နိုင်ငံမှာရော ဘာလို့ မဖြစ်နိုင်ရမှာလဲဆိုပြီး တွေးမိတယ်" လို့ သူ့စိတ်ခံစားချက်ကို ပြောပြပါ
တယ်။

'ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာပဲ' ဆိုတဲ့ စကားက နားထောင်လို့ကောင်းပေမယ့် တကယ်
အကောင်အထည်ဖော် ပြုလုပ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ အထူးသဖြင့် နိုင်ငံတွင်းမှာ
အရာအားလုံး အမှောင်ချခံထားရတဲ့ခေတ်ကာလမှာ အရွယ်ရောက်ခဲ့တဲ့ သူ့အဖို့ ပိုလို့ခက်ခဲခဲ့ပါ
တယ်။

"၈၉၊ ၉၀၊ ၉၁ ခုနှစ်တွေတုန်းက အခွင့်အရေးတွေ အရမ်းနည်းတယ်။ မြန်မာပြည်မှာ ဘာမှကို
မရှိတာ။ အဲဒီအချိန်တုန်းက ကျောင်းတွေကလည်း ပိတ်လိုက်တယ်ဆိုတော့ လူတွေက
မျှော်လင့်ချက်မဲ့နေသလိုပဲ။ နှစ်လလောက် ပြန်ဖွင့်ပြီး အတိုင်းအဆမရှိ ပိတ်လိုက်ပြန်ရော။
လူတွေဆိုလည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ အရွယ်ကလည်း အလုပ်လုပ်လို့ရတဲ့ အရွယ်
ရောက်နေပြီ။ ပညာရေးကလည်း တိုးလို့တန်းလန်း။ တော်တော်ဆိုးတဲ့ အချိန်ပဲ"လို့ သင်ယူဖို့
အကောင်းဆုံး အချိန်ဖြစ်တဲ့ လူငယ်ဘ၀ ဖြတ်သန်းရပုံကို ပြောပြပါတယ်။

အဲဒီအချိန်မှာပဲ ဆန်းမစ်ပါ့ခ်ဗျူး ဟိုတယ်ဖွင့်ဖို့အတွက် ၀န်ထမ်းတွေခေါ်တာမို့ ဘာလဲဆိုပြီး
စူးစမ်းချင်စိတ်နဲ့ အလုပ်သွားလျှောက်ဖြစ်ရာက ဟိုတယ်နယ်ပယ်ထဲ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ပြောရရင် ဒီဟိုတယ် နယ်ပယ်ထဲကို စမ်းတ၀ါးဝါးနဲ့ ရောက်လာတာ။ ၁၉၉၃ ခုနှစ်မှာ ဟိုတယ်
ဆိုတာကို လူအများစုက သွားလို့ မကောင်းတဲ့ နေရာလို့ထင်ကြတာ။ ရှိတာကလည်း Strand
ဟိုတယ်တို့၊ အင်းလျားလိတ်တို့ လောက်ပဲပေါ့။ ဒါပေမဲ့ မဂ္ဂဇင်းတွေဖတ်လို့ ဟိုတယ်တွေတွေ့ရင်
လှပပြီး ခန့်ညားနေတာပဲပေါ့။ အဲဒါနဲ့ ဘာလဲတော့ မသိဘူး။ စမ်းကြည့်မယ်ဆိုပြီး တကယ်
လုပ်ကြည့်တော့ သဘောကျသွားတယ်"လို့ သူ့ရဲ့ပထမဆုံး အတွေ့အကြုံကို ပြောပြပါတယ်။

"တကယ်လုပ်ကြည့်တော့မှ ဟိုတယ်ဆိုတာ စက်ရုံကြီးတစ်ရုံလိုပဲ။ လူတွေအများကြီးပဲ။ ၀န်ထမ်း
တွေကလည်း အများကြီး။ ဧည့်သည်တွေကလည်း အများကြီး။ ဒီမှာ ဒီဧည့်သည် တစ်ယောက်
check in ၀င်ဖို့ နောက်မှာလုပ်ရတဲ့ အစီအစဉ်တွေက အများကြီးပဲ။ ဧည့်ကြို ကောင်တာမှာ
ထိုင်နေကြတဲ့ ၀န်ထမ်းတွေဆိုတာ အရှေ့မှာ ကပြနေတဲ့ ဇာတ်ဆောင်တွေလေ။ သူတို့ရှေ့ကနေ
ကပြနိုင်ဖို့ နောက်ကွယ်ကနေ လုပ်ရတဲ့သူတွေက အများကြီးပဲ။ အဲဒါကို တဖြည်းဖြည်းနဲ့
သိလာတော့ အရမ်းသဘောကျသွားတယ်။ တကယ့်ကို စိန်ခေါ်မှုကြီးတယ်ဆိုပြီး ဒီထဲမှာပဲ
ဆက်နေဖြစ်သွားတယ်"လို့လည်း ဆက်ပြောပါတယ်။

ခက်ခဲတယ်ဆိုပေမယ့် 'ကြိုးစားရင် ဖြစ်တယ်' ဆိုတာကို သက်သေပြနိုင်တဲ့သူတွေထဲမှာ မမွန်
ကိုလည်း စာရင်းသွင်းရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀ နီးပါးက ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ်မှာ စင်ကာပူလူမျိုး စာရင်းအင်းဌာနအရာရှိ
အတွက် အတွင်းရေးမှူး တာဝန်ယူခဲ့သူဟာ ခုဆိုရင် ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲပဲ့ကိုင်မှူး တစ်ယောက်
ဖြစ်လာခဲ့ပါပြီ။

"အစ်မက ရာထူးသေးလို့၊ လခနည်းလို့ဆိုပြီး အဖြစ်သဘောထားပြီး အလုပ်လုပ်တာကို လက်မခံ
နိုင်ပါဘူး။ အဲဒီတော့ ဘာအလုပ်ပဲဖြစ်ဖြစ် စာရိုက်တဲ့အလုပ်ပဲဖြစ်ဖြစ်၊ ဖိုင်သိမ်းတဲ့ အလုပ်ပဲဖြစ်ဖြစ်
တန်ဖိုးထားပြီးလုပ်ခဲ့တယ်" လို့ အလုပ်အပေါ် သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Nikko ဟိုတယ်ကို ပြောင်းရွှေ့ခဲ့ပြီး Sale & Marketing ဌာနမှာ အလုပ်ဝင်
ခဲ့ရာမှာ စိန်ခေါ်မှုအသစ်တွေ အများကြီး ကြုံတွေ့ခဲ့ရသလို အဲဒီအရာတွေ ဖြေရှင်းရတာဟာလည်း
ခက်ခဲပေမယ့် အလုပ်အသစ်အပေါ် အရမ်းနှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။




မားကက်တင်းဟာ မမေမြတ်မွန်ဝင်းရဲ့ အကြိုက်ဆုံး ဘာသာရပ်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်
ကစပြီး အဲဒီအလုပ်နဲ့ သဘာဝချင်းကွဲပြားတဲ့ operation အပိုင်းကိုပါ တွဲလုပ်ဖြစ်ဖို့ ဖြစ်လာစေခဲ့ပါ
တယ်။

အဲဒီအချိန်မှာ သူ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်ဖို့အတွက် တကယ်ပဲ လမ်းဆုံလမ်းခွ
ကို ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။

"ငါ ဒီတာဝန်ကို ယူရင် ကောင်းမလား။ ဒါမှမဟုတ် မားကက်တင်းအလုပ်ကိုပဲ ဆက်လိုက်ရင်
ကောင်းမလားဆိုပြီး တော်တော်ကို စဉ်းစား ဖြစ်တယ်။ ဒါပေမဲ့ ဟိုတယ်တစ်ခုမှာ ဂျီအမ်အဆင့်ဟာ
တကယ့်ကို အမြင့်ဆုံးပေါ့နော်။ နောက်ပြီး စိန်ခေါ်မှုလည်း ကြီးတယ်။ ဟိုတယ်တစ်ခုမှာ
ကောင်းကျိုးဆိုးကျိုးတွေကို သူက တာဝန်ယူရတယ်။ နောက်ဆုံး Who is the last responsible
person? ဆိုပြီး မေးရင် သူပဲဆိုပြီး လက်ညှိုးထိုးခံရတယ်။ ကိုယ်က အေးအေးဆေးဆေးလေး
ငါ့ဟာငါနေလည်း ရတယ်ဆိုပြီး တော်တော်လေး စဉ်းစားရတယ်။ နောက်ဆုံးမှာ သူများတောင်
လုပ်နိုင်သေးတာပဲ ငါဘာလို့မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်တစ်ခုနဲ့တင် လုပ်ဖြစ်သွားတာ"လို့ သူ့ဘ၀ရဲ့
အချိုးအကွေ့အကြောင်းကို ပြောပြပါတယ်။

မတူတဲ့ လုပ်ငန်းပုံစံနှစ်မျိုးကိုတွဲပြီး တကယ်တမ်း လုပ်ကိုင်ဖြစ်တဲ့အခါမှာတော့ သူ့ကို စိတ်လှုပ်ရှား
စေတဲ့ စိန်ခေါ်မှုအသစ်တွေကို ထပ်ကြုံတွေ့ရသလို တစ်ဖက်ကလည်း ဟိုတယ်နဲ့ ဧည့်သည်တွေ
အတွက် ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေကို ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ သူ့နဲ့အတူ
အလုပ်လုပ်ခဲ့တဲ့ အမျိုးသားဂျီအမ်တွေကို ဇာတ်စင်ပေါ်မှာ ကပြနေကြတဲ့ မင်းသားကြီးတွေလို
သဘောထားခဲ့ပြီး သူတို့ရဲ့ အဆိုအငိုအပြောတွေကို ပရိသတ်အနေနဲ့ကြည့်ပြီး ပညာယူခဲ့ရာက
ခုတော့ မင်းသမီးကြီးအနေနဲ့ စင်ပေါ်တက်ကရတော့မယ်လို့လည်း ယုံကြည်ချက်အပြည့်ရှိတဲ့
ဟန်ပန်နဲ့ မမွန်က ပြောလိုက်ပါတယ်။

"သူဒီလိုလုပ်တာ ဆုံးဖြတ်ချက်က ကောင်းလိုက်တာ။ သူဘာလို့ အဲလိုလုပ်တာလဲမသိဘူး။ ဘာလို့
သူ ၀န်ထမ်းတွေကို အဲလိုပြောတာလဲ မသိဘူး။ ငါသာ သူ့နေရာမှာ မင်းသမီး အနေနဲ့ ကပြရရင်
ငါတော့ ဘယ်လိုပြောလိုက်ရင် ကောင်းမှာပဲဆိုတဲ့ စိတ်ရှိခဲ့တယ်။ ငါတော့ ခုတော့ မင်းသမီးအနေနဲ့
ကနေရပြီ။ ဟိုတုန်းက ကိုယ်မြင်ဖူးတဲ့ မင်းသားကြီးတွေရဲ့ ဇာတ်ရုပ်ဇာတ်ကွက်တွေကို ပြန်စဉ်းစားပြီး
အကောင်းဆုံးတော့ လုပ်သွားမယ်ပေါ့။ ခုတော့ ကိုယ်က ပြန်ကြည့်ခံရပြီပေါ့နော်"လို့ မမွန်က
ပြောလိုက်ပါတယ်။

မြန်မာလူမျိုးတစ်ယောက် ဟိုတယ်ရဲ့အကြီး အကဲဖြစ်လာတဲ့အခါ ၀န်ထမ်းတွေအပေါ် နိုင်ငံခြားသား
တွေထက် ပိုပြီးနားလည်မှုပေးနိုင်မယ်လို့ ဆိုသလို ၀န်ထမ်းတွေအနေနဲ့လည်း သူ့နဲ့အတူတွဲပြီး
အလုပ်လုပ်ရတာ ပိုပြီးပျော်ရွှင်ဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။

"၀န်ထမ်းတွေက ၉၅ ရာခိုင်နှုန်းက ပြည်တွင်းက များတယ်။ အဲဒီတော့ သူတို့ရဲ့လိုအပ်ချက်၊ သူတို့ရဲ့
ခံစားချက် သူတို့ကို ဖြည့်ဆည်းပေးရမယ့်ဟာတွေကို ကိုယ်က ပိုပြီးနားလည်တယ်။ လူမျိုးခြား
ဂျီအမ်လာရင် ကြားကတစ်ယောက်က ဘာသာပြန်ပေးရတယ်။ ဒီတော့ ဆက်သွယ်မှုက
လိုသလောက် မရောက်ဖူးပေါ့နော်"လို့ လူမျိုးခြားနဲ့ မြန်မာဂျီအမ်ကြားက ကွာခြားမှုအပေါ်
သုံးသပ်ပြပါတယ်။ ပြည်တွင်းမှာရှိတဲ့ ဂရင်းမီးရထားနဲ့ မီကာဆာ residence တို့မှာ မြန်မာဂျီအမ်
တွေ ရှိပေမယ့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်ကြီး တစ်ခုရဲ့ မြန်မာလူမျိုးဂျီအမ် (သို့)
မြန်မာအမျိုး သမီးဂျီအမ်ကတော့ သူ ပထမဆုံးဖြစ်တယ်လို့လည်း မမွန်က ပြောပြပါတယ်။

ဒါပေမဲ့ အမျိုးသမီးတွေဟာ သဘာဝတရားအရ အရာရာတိုင်း အပေါ် ပိုပြီးစိတ်ပူတတ်တာကြောင့်
လုပ်ငန်းခွင်မှာ ပိုပြီးစိတ်ပင်ပန်းရတယ်လို့လည်း သူက ဆိုပါတယ်။

"အမျိုးသမီးတွေက စိတ်ပူတတ်တယ်။ အရာရာတိုင်းကို အသေးစိတ်လုပ်ချင်တယ်။ အဲဒါတွေက
ကောင်းတယ်လို့ ပြောလို့ရပေမယ့် လူက ပိုပင်ပန်းရတယ်"လို့ အမျိုးသမီးတစ်ယောက်အနေနဲ့
တာဝန်ကြီးယူရတဲ့ စိတ်ခံစားချက်ကို ပြောပြပါတယ်။

သူကိုယ်တိုင်လည်း အိမ်ထောင်ရှင် သားသုံးဦး မိခင်တစ်ယောက် ဖြစ်တာမို့ အလုပ်နဲ့ မိသားစုကို
အချိန်မျှဝေပေးဖို့ဆိုတာ သူ့အတွက် တကယ်ပဲ ခက်ခဲလွန်းလှတယ်လို့ ဆိုပါတယ်။

"မိန်းမတွေက အိမ်ထောင်ပြုပြီး ကလေးရလာတဲ့အခါ အိမ်ထောင့်တာဝန်က သူ့မှာ ပိုတာဝန်ရှိလာ
တယ်။ မိန်းမတွေဟာ လုပ်ငန်းခွင်မှာ တစ်နေရာရလာပြီဆိုရင် အရမ်းစဉ်းစားရတယ်။ ငါ့အသက်
မွေးဝမ်းကျောင်းနောက်ကို ဆက်လိုက်မလား။ ကလေးကြည့် မလားပေါ့။ ငါဒီထက်ပိုပြီး စိန်ခေါ်မှုများ
တဲ့နေရာကို သွားမလား။ အပေါ်ရောက်လေ အချိန်မပေးနိုင်လေပဲ။ အလုပ်မှာ ကိုယ့်ကိုပိုပြီး လိုအပ်
လာမယ်။ စိတ်ဖိစီးမှုတွေ ပိုများမယ်။ ဒီတော့ မိသားစုအတွက် လုံးဝ မစဉ်းစားနိုင်ဘူး။ ကလေးတွေ
ကို အချိန်မပေးနိုင်ဘူး။ အဲဒီအခါမှာ တစ်ဖက်ကို ပိုပေးလိုက်တော့ အိမ်ထောင်ရေးမှာ လိုအပ်ချက်
တွေ ဖြစ်တာပေါ့။

"အိမ်ထောင်ရေးဘက်ကို ပေးပြန်တော့လည်း အလုပ်က ဆက်မတက်နိုင်တော့ဘူး။ အဲလိုမျိုး
လမ်းဆုံလမ်းခွကို ရောက်လို့ရှိရင် မိန်းမအများစုဟာ အလုပ်ထွက်ချင်ထွက်၊ ဒါမှမဟုတ်လည်း
စိန်ခေါ်မှုနည်းတဲ့ အလုပ်နောက်ကို လိုက်တာများတယ်။ အေးအေးဆေးဆေး သက်သက်သာသာ
နဲ့ပဲ တော်ပြီ ငါဒီထက်လည်း မလိုချင်တော့ဘူး။ ငါဒီနေရာနဲ့ပဲ ကျေနပ်တယ်။ အကုန်လုံး
ကြည့်လိုက်ရင် အိုကေ ပါတယ်။ ငါဒီထက်လည်း မလိုချင်တော့ဘူးဖြစ် သွားကြတယ်"လို့
အမျိုးသမီးတွေ ကြုံရတဲ့အခက်အခဲကို ပြောပြပါတယ်။

သူကိုယ်တိုင်လည်း စိတ်ပင်ပန်း၊ လူပင်ပန်းတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး အလျှော့ပေးလိုက်ဖို့
အကြိမ်များစွာ စဉ်းစားခဲ့ဖူးတယ်လို့ မမွန်က အပြုံးလေးနဲ့ ၀န်ခံစကားဆိုပါတယ်။

"အိမ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မနက်ဆိုရင် ၈ နာရီခွဲဆို ရုံးကို ရောက်ကိုရောက်နေရတယ်။ ကိုယ်က
ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်ချင်တော့ အစည်းအဝေးဆိုရင် အစည်းအဝေးခန်းထဲမှာ
အဆင်သင့် ရှိနေရမယ်။ ဒါပေမဲ့ ကြာတော့မခံနိုင်တော့ဘူး။ ငါ.. တော်ပါပြီ၊ သက်သာတဲ့အလုပ်ကို
ပြောင်းတော့မယ်လို့ အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ဖူးတယ်"လို့ ပြောပြပါတယ်။

ကြုံခဲ့ရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီး ခုတော့ သားတွေကိုယ်တိုင်
ဂုဏ်ယူရတဲ့ မိခင်တစ်ယောက်ဖြစ် နေပြီလို့ ပြောလိုက်ချိန်မှာ မမေမြတ်မွန်ဝင်းရဲ့ မျက်နှာဟာ
ပီတိကြောင့် ၀င်းလက်တောက်ပ လို့နေပါတယ်။

မြင့်မားတဲ့ တာဝန်တွေကို ထမ်းဆောင်နေသူတစ်ယောက်အနေနဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကတော့
ရှေ့ဆက်ကြုံတွေ့ နေရမှာပဲဖြစ်သလို မမွန်ကလည်း စိန်ခေါ်မှုတွေကို မကြောက်ရွံ့တဲ့ အမျိုးသမီး
တစ်ယောက်အနေနဲ့ ရှေ့ခရီးကို ချီတက်နေဦးမှာပဲ ဖြစ်ပါတယ်။


မို့မို့သော်
Myanmar Times

No comments:

Post a Comment