ဗြိတိန်နိုင်ငံတ၀ှမ်းမှာ ရေကြီးနေလို့ သိမ်းစ်မြစ်ကြောင်းတလျှောက်က
လူရာပေါင်း များစွာကို ဘေးကင်းရာကို ပြောင်းရွှေ့ထားရပြီး နောက်ထပ်
ထောင်ပေါင်းများစွာလည်း နေရာပြောင်းရွှေ့ရမယ့် အခြေအနေတွေ ကြုံနေရပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာနက ရေကြီးမှုဆိုင်ရာ သတိပေးမှုပေါင်း ၃၅၀ လောက်
ထုတ်ပြန်ခဲ့ပြီး နိုင်ငံအရှေ့တောင်ပိုင်းဒေသက နေရာပေါင်း ၁၀၀ ကျော်မှာ
သတိပေးမှုတွေကို မရုပ်သိမ်းရသေးပါဘူး။
လန်ဒန်မြို့ကို ကာကွယ်နိုင်ဖို့အတွက် သိမ်းမြစ်ရေတံခါးကို ပြီးခဲ့တဲ့
ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပိတ်ခဲ့ရပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့
ပြန်ဖွင့်ပြီး ပင်လယ်ထဲဘက်ကို ရေကြောင်း လွှဲပေးခဲ့ပါတယ်။
ဗြိတိန်ရဲ့ အစိတ်အပိုင်းအတော်များများဟာ ဇန်န၀ါရီလမှာ မကြုံစဖူး
အစိုစွတ်ဆုံးလအဖြစ် ကြုံတွေခဲ့ရပြီး အိမ်ခြေပေါင်း ၅ ထောင်
ရေနစ်မြှုပ်ခဲ့ပါတယ်။
တချို့အိမ်တွေဟာ ၁ လကျော်တဲ့အထိ ရေမြှုပ်နေတုန်းပါပဲ။ အစောပိုင်းမှာ
အင်္ဂလန် အနောက်တောင်ပိုင်းဒေသမှာ ရေကြီးမှုအဆိုးဆုံး ခံစားခဲ့ရပြီး
နောက်ပိုင်းမှာတော့ လန်ဒန် အနီးတ၀ိုက်ဒေသတွေအထိ ရေကြီးမှုနဲ့
ရင်ဆိုင်ရပါတယ်။
အစိုးရရဲ့ ရေကြီးမှု ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်မထားခဲ့တာနဲ့
ရေကြီးတာကို တုံ့ပြန်တဲ့နေရာမှာ နှေးကွေးတဲ့အတွက် ပြည်သူတွေက မကျေမနပ်
ဖြစ်နေကြပါတယ်။
အရင် ၁ ပတ်က အစိုးရက ပြုပြင်ရေးနဲ့ ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ
၂၁၃ သန်း ထပ်တိုးပေးခဲ့ပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်တပ်ကလည်း
ပါဝင် ဆောင်ရွက်ပေးနေပါတယ်။
DVB
No comments:
Post a Comment