Monday, December 30, 2013

ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ၂၀၁၃ ခုနှစ် ငွေတံဆိပ်ဆုရ မြန်မာ

မနှိမ်နင်းရခြင်းအကြောင်းရင်းများတွင် ဘိန်းစိုက်ပျိုးရာနယ်မြေများရှိ အာဏာပိုင်များကိုယ်တိုင် ဘိန်းစိုက်ပျိုး ထုတ်လုပ်သော စီးပွားရေးလုပ်ငန်းကြီးတွင် နည်းလမ်းအဖုံဖုံဖြင့် ပါဝင်ပတ်သက်လျက် ရှိခြင်းကြောင့် ဖြစ်သည် သုတေသီများ ၏အဆိုအရ မူးယစ်ကုန်သွယ်မှုလုပ်ငန်းမှ အစိုးရအရာရှိများနှင့် လက်နက်ကိုင်များသည် စီးပွားရေးအရ အကျိုးအမြတ် များစွာ ဖြစ်ထွန်းရရှိသည်ဟု ဆိုသည် . . .

၁၉၆၂ ခုနှစ် စစ်အာဏာရှင် စနစ်ဖြင့် တိုင်းပြည်အား ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး နှစ် ပေါင်း ၆၀ ကျော် ကမ္ဘာ့အလယ်တွင် ၀င့် ကြွားစရာ စွမ်းရည်ဟူ၍ ရှားပါးလှသော မြန်မာပြည်အတွက် ၂၀၁၃၊ ဒီဇင်ဘာ ၁၈ ရက်တွင်  ကုလသမဂ္ဂ မူးယစ်၊ မှုခင်းရုံး (UNODC )မှထုတ်ပြန်လိုက်သော အစီရင် ခံစာက ကမ္ဘာ့အလယ်တွင် ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရ သည်။ ထိုအစီရင် ခံစာအရ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံး အတိုင်းအတာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွင် အာဖဂန်နစ္စ တန်ပြီးလျှင် ဒုတိယ အများဆုံး အဖြစ် ဆက်လက်ရပ် တည်လျက်ရှိပြီး ယခုနှစ် ၂၀၁၃တွင် ၂၀၁၂ထက် ဘိန်းထုတ်လုပ်မှုမှာ ၂၆ရာခိုင်နှုန်း ပင်ပိုမိုမြင့် တက်လာခဲ့ သည်ဟုဆိုသည်။ အိမ်ရှင်နိုင်ငံအဖြစ် အာဆီယံ ဆီးဂိမ်းတွင် ဒုတိယချိတ်ကာ ၀မ်းသာဂုဏ်ယူနေသူ အစိုးရ၊ ပြည်သူတို့ အတွက် UNODC ၏ အစီရင် ခံစာက စိတ်ပျက်ဖွယ် ခံစားမှုကို ပေးစွမ်းခဲ့သည်။ …
ဘိန်းပြဿနာသည် နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင် အဆက်ဆက် မည်သို့မျှ တိုက်ဖျက်၍ မရနိုင်ခဲ့သော စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်သည်။ ယခု အရပ်သား တစ်ပိုင်း၊ အစိုးရ လက်ထက်တွင်မူ ယခင်ကထက်ပင် ပိုမို တိုးတက်လာကာ ၂၀၁၃ တွင် ၂၆ရာခိုင်နှုန်း အထိ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာခဲ့သည်။ မနှိမ် နင်းရခြင်း အကြောင်းရင်းများတွင် ဘိန်းစိုက်ပျိုး ရာနယ်မြေများရှိ အာဏာပိုင်များ ကိုယ်တိုင် ဘိန်းစိုက်ပျိုး ထုတ်လုပ်သော စီးပွားရေး လုပ်ငန်းကြီးတွင် နည်းလမ်း အဖုံဖုံဖြင့် ပါဝင်ပတ်သက် လျက်ရှိခြင်း ကြောင့်ဖြစ် သည်။ သုတေသီများ၏ အဆိုအရ မူးယစ်ကုန်သွယ်မှု လုပ်ငန်းမှ အစိုးရ အရာရှိများနှင့် လက်နက် ကိုင်များသည် စီးပွားရေးအရ အကျိုးအမြတ်များစွာ ဖြစ်ထွန်းရရှိသည်ဟု ဆိုသည်။
လက်နက်ကိုင် တိုင်းရင်းသားများ အတွက် မူးယစ်ဆေးဝါးသည် ၎င်းတို့နယ် မြေအာဏာပိုင် စိုးရေးအတွက် လက်နက်တစ်မျိုး ဖြစ်ပြီး မူးယစ်ကုန်သွယ် လုပ်ငန်းမှ ငွေရှာကာ လက်နက်ဝယ်ယူရသော သဘော ရှိသဖြင့် လက်ရှိအစိုးရ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးမှာ ဝေ့၀ိုက်နေပြီး ရှေ့ဆက်မတက်နိုင်သ၍ မူးယစ် ကုန်သွယ်မှု အခန်းကဏ္ဍကြီးသည်လည်း ဘယ်သောအခါမှ ပျောက်ကွယ် လိမ့်မည် မဟုတ်ချေ။ ပြည်တွင်း စစ်အဆုံးသတ် စေမည့် အပေးအယူ အာမခံချက်များ ရရှိမှသာ မူးယစ်ဆေးဝါးပြဿနာအား ရေတိုလျှင်မြန်စွာ ကိုင်တွယ်ဖြေရှင်း နိုင်ပေလိမ့်မည်။
မူးယစ်ဆေးဝါး ကုန်ကူးမှု ပြဿနာ၏ အကျိုးသက်ရောက်မှုအား လျှော့ပေါ့စဉ်း စားမည်ဆိုပါက အနောက် ဒီမိုကရေစီ နိုင်ငံများ၏ ထောက်ခံအားပေးမှု ရနေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကိုပါ ဆိုးကျိုး သက်ရောက် လာနိုင်ပါသည်။
UNODC  အဖွဲ့ကြီး၏ ၂၀၁၃ အစီရင် ခံစာအရ မြန်မာ့ဘိန်းထုတ်လုပ်မှုသည် ၂၀၁၂ ခုနစ်တွင် ၆၉၀တန်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်ထက် ၁၃ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဘိန်း ၈၇၀တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၂နှင့် ယှဉ်လျှင်  ၂၆ရာခိုင် နှုန်း အထိ တိုးတက် လာခဲ့သည်။ အဆိုပါ ဘိန်းထုတ်လုပ်မှု တိုးတက်လာခြင်းသည် ၂၀၀၆ ခုနှစ်မှ စတင်ကာ ခုနစ်နှစ် ဆက်တိုက်စံချိန် တင်တရိပ်ရိပ် တိုးတက်လာ ခြင်းဖြစ်သည်။ မြန်မာပြည်တွင်း ဘိန်းစိုက် ဧရိယာသည် ၂၀၁၁ခုနှစ်တွင် ၄၃,၆၀၀ ဟက်တာရှိပြီး ၂၀၁၂ခုနှစ်တွင် ၁၇ရာခိုင်နှုန်း တိုးလာကာ ဟက်တာ ၅၁,၀၀၀ (ငါးသောင်းတစ်ထောင်) ခန့်ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ်တွင်မူ ဘိန်းစိုက်ဧရိယာမှာ ဟတ်တာ ၅၇,၈၀၀ အထိ အမြင့်မားဆုံး ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ် အတွင်း မြန်မာပြည်တွင်း အိမ်ထောင်စု သုံးသိန်း ခန့်သည် ဘိန်းစိုက်ပျိုးမှုဖြင့် အသက်မွေး ကြောင်း အစီရင် ခံစာက ဆိုထားပါသည်။
၂၀၁၂ ခုနှစ် စာရင်းများ အရမူ အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုတွင် ဒုတိယလိုက်ပြီး ကုန်းမြေ ဧရိယာ စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းတွင် တရားမ၀င် ဘိန်းစိုက်ပျိုးလျက်ရှိသည်။ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ထုတ်လုပ်လျက် ရှိကြောင်း UNODC အဖွဲ့ကြီးကဆိုသည်။ ဘိန်းစိုက်ပျိုး မှု၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ရှမ်းပြည် အရှေ့ပိုင်း ဝေးလံခေါင်သီပြီး တောင်တူထပ်သော ဒေသ များတွင် ဖြစ်ပြီး ကျန်စိုက်ပျိုး မှုများမှာမူ ကချင်ပြည်နယ် တွင်ဖြစ်သည်။ အဆိုပါ ဒေသများသည်နှစ် ၆၀ လုံး နိုင်ငံရေး တည်ငြိမ်မှု မရှိခဲ့ပဲ မူးယစ်ဈေးကွက် အတွက် အဓိက ကုန်ကူးရာနယ် မြေကြီးလည်း ဖြစ်သည်။
““ဘိန်းစိုက်တောင်သူတွေဟာ လူဆိုးတွေ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးသူတွေ သက်သက်ပါ။ မိသားစု ၀င်တွေအတွက် ဘိန်းစိုက်စာမှ ပိုက်ဆံရမှာကိုး။ ကျွန်တော်တို့ စစ်တမ်းတွေ အရလည်း ဘိန်းစိုက်ပျိုးမှု နဲ့ ဆင်းရဲမွဲ တေမှုဟာ အဓိက ဆက်စပ်နေ ပါတယ်””ဟု UNODC  အဖွဲ့ကြီး၏ မြန်မာ မန်နေဂျာ ဂျေဆင်အီးလစ် က ဆိုပါသည်။
““ဘိန်းစိုက်ပေမယ့် အဲဒီကျေးရွာတွေဟာ ဘိန်းမစိုက်တဲ့ ကျေးရွာတွေထက်ကို အကြွေးပိုထူပြီး၊ အစာရေစာ မလောက်ငတာကို တွေ့ရတယ်””ဟု ဂျေဆင်အီး လစ်ကထပ်လောင်းပြောဆိုခဲ့သည်။
အစိုးရ RCSS (ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ)၊ UNODC တို့၏ သုံးပွင့်ဆိုင် စံပြအစားထိုး ဖွံ့ဖြိုးရေး စီမံကိန်းနှင့် မူးယစ်ပူးပေါင်း တိုက်ဖျက်ရေး လုပ်ငန်းစဉ်များမှာ စာရွက်ပေါ် သက် သက်သာ အကောင်အထည် ဖော်ပြီး လက်တွေ့ အလုပ်မဖြစ်ကြောင်း ဒီဇင်ဘာ၁၈ရက် UNODC ၏ ကြေညာချက် ထွက်ပြီး ၅ရက် အကြာ ဒီဇင်ဘာ ၂၃ရက်တွင် RCSS မှ သုံးသပ်ချက် စာတမ်း တစ်စောင်ထုတ်ပြန် ကြေညာ ခဲ့သည်။ ထိုကြေညာချက်တွင် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရေးနှင့် ဒေသခံများ၏ တောင်းဆိုချက်များကို သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လိုသော်လည်း အစိုးရမူး ယစ်ဗဟိုမှ ပူးပေါင်း ဆောင်ရွက်လို စိတ်နည်းသော ရှောင်တိမ်း ဖြေကြားမှုများဖြင့် တုံ့ ပြန်ချက်များ ကိုသာ ကြုံတွေ့ခဲ့ရသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။ ဇူလိုင်လ အတွင်းမှလည်း မူးယစ် ဗဟိုမှရဲမှူး ကျော်ဆန်းမှ RCSS မှ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ပါဝင်ဆောင်ရွက် နေခြင်းအား ရှမ်းပြည်အစိုးရ အဖွဲ့မှ မသိရှိကြောင်း ပြောဆို ကာ လုပ်ငန်းစဉ်တွင် မပါဝင်ရန် တားမြစ်ခဲ့သည်ဟု RCSS ၏ သုံးသပ်ချက် စာတမ်းတွင် ဖော်ပြခဲ့သည်။ စီမံကိန်း ဒေသတွင်း နိုင်ငံခြား သံတမန်များ လာရောက်ရန် ကိစ္စအတွက် UNODC  မှတွေ့ဆုံရန် အကြောင်း ကြားသော် လည်း မူးယစ်ဗဟိုနှင့် ရှမ်းပြည် အစိုးရတို့က RCSS  အားဖိတ်ကြားခြင်း မရှိကြောင်းလည်း ဖော်ပြထားသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် အစိုးရဘက်မှ ပူးပေါင်း ဆောင်ရွက်လိုစိတ် အားနည်းကြောင်း RCSSှ (ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ)က ဝေဖန်ပြော ကြားခဲ့သည်။ ဤဖြစ်ရပ်များသည်  ငြိမ်း ချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေသည့် အချက်များ ဖြစ်ကြောင်းလည်း ဝေဖန်ခဲ့သည်။ ရှမ်းပြည်နယ် အတွင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင် ပိုင်းတပ် မတော် (RCSS/SSA) လက်နက်ကိုင် တပ်ဖွဲ့များအပြင် “၀” သွေးစည်းညီ ညွတ်ရေး တပ်မတော်(UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) ပအိုးဝ် အမျိုးသားအဖွဲ့ချုပ် (PNO) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA/PSLF) အပြင် အခြားသော အဖွဲ့များစွာလည်း တည် ရှိနေသည်။
အဆိုပါ ဘိန်းစိုက်ပျိုးရာ ဒေသများတွင် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ မလုပ်နိုင်သေးသရွေ့ ဘိန်းထွက် ရှိမှု ပမာဏမှာ ဆက်လက်တိုးတက် နေနိုင်ပြီး နောင်နှစ်များတွင် ဒီ့ထက်ပိုများသောပမာဏ တစ်ခုပင်ဖြစ်လာ နိုင်ကြောင်း UNODC ၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် ဂျေဆင် အီးလစ်က ထောက်ပြခဲ့သည်။
သုတေသီ အများစု ထောက်ပြသည်မှာတော့ ရှမ်းပြည်နယ်တွင် မူးယစ်ဆေး ပြဿနာကြီးထွားရခြင်း၏ အကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှုဖြစ်ပြီး ဘိန်းပင်စိုက်ပျိုးမှုသည် အခြားသီးနှံများလောက် အချိန် မယူရဘဲ အချိန်တိုအတွင်း ဖြစ်ထွန်းသောကြောင့် ၎င်းအခြား စိုက်ပျိုးသီးနှံများ စိုက်ပျိုးမရ၍ သော်လည်းကောင်း၊ အသားကျမှုကြောင့် သော်လည်းကောင်းဖြစ်သည်ဟု ဆိုကြသည်။
ထို့ပြင် အဆိုပါ ဘိန်းစိုက်ပျိုးမှု ရပ်တန့်ရန် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရမည်ဖြစ်ပြီး အခြားအစားထိုး သီးနှံများ စိုက်ပျိုးရေး စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း အဂတိမလိုက်စားသော ၀န်ထမ်းများကို တာဝန်ပေးရမည် ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။
ခရိုနီအရင်းရှင် ၀ါဒကြီးထွားခြင်း၊ အဂတိ လိုက်စားမှု များပြားခြင်းနှင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ဟန်မကျ မှုကြောင့် တိုင်းပြည်တွင်း စီးပွားရေး ကမောက်ကမ ဖြစ်ကာ နိုင်ငံရေး မတည်ငြိမ်သော အကြောင်း ရင်းများ ကလည်း လွန်ခဲ့သော နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာခြင်း အတွက် အကျိုးတရားများ ဖြစ်စေခဲ့သည်။
ကမ္ဘာ့အဆင့် (၂)အဖြစ် ရပ်တည် လျက်ရှိသော ဘိန်းပြဿနာအား လေ့လာစောင့်ကြည့်ရာတွင် ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသော လွှတ်တော်တွင်းမှ လွှတ်တော် အမတ်များကိုလည်း အစိုးရ အနေဖြင့် မျက်ခြည်မပြတ် စောင့်ကြည့်သင့်ကြောင်း ရှမ်းပြည် မူးယစ် စောင့်ကြည့်အဖွဲ့၏ ၂၀၁၂ အစီရင်ခံစာက ဆိုထားပါသည်။ လွှတ်တော်တွင်းတွင် ဘိန်းစီးပွားရေး လုပ်ငန်းရှင် ထိပ်သီးများဖြစ်သော ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်အမတ် အနည်းဆုံး(၆)ဦး ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင်ပင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန် အပါအ၀င် နိုင်ငံသူ နိုင်ငံသားတိုင်းသည် တိုင်းပြည်၏ အနာဂတ်လူငယ်များ မူးယစ်ဆေးဝါး သားကောင် မဖြစ်စေရန် တားဆီးရေး လုပ်ငန်းတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်သင့်သည်။ ကမ္ဘာ ကျော်ကြား နာမည်ပျက်လျက်ရှိသော မူးယစ်ဆေးဝါး ပြဿနာအား လျှော့ပေါ့ တွက်ချက် စဉ်းစားမည်ဆိုပါက အနောက် နိုင်ငံများမှ လက်ရှိအထိ ထောက်ခံအားပေး နေသော အရပ်သားတစ်ပိုင်းအစိုးရ၏ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်း ဒီဇိုင်းကြီး ပျက်စီးသည်အထိ ဆိုးကျိုး တစ်စုံတစ်ရာ ဖြစ်ပွား လာစေနိုင်ပါသည်။ ထို့ပြင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အသက်တမျှ အရေးပါသော ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် မူးယစ်ဆေး ပြဿနာသည် တိုက်ရိုက်ဆက် စပ်လျက်ရှိခြင်းကြောင့် အထူးဂရုပြုကိုင် တွယ်ဖြေရှင်းသင့်သည်။
ဟောလိဝုဒ်၏ သရုပ်ဆောင် ဆုပေးနည်းစနစ်တွင် သရုပ်ဆောင်အညံ့ဆုံး အကယ်ဒမီဆု အမျိုးအစား တစ်ခု ပါဝင်ပေသည်။ ထိုကဲ့သို့ အလားသဏ္ဌာန်တူ စဉ်းစားသော် မြန်မာသည် ကမ္ဘာတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ငွေတံဆိပ်ဆုချိတ် နေသည်မှာ ၂၀၁၃ အထိ အဆင့်လျော့မကျ သေးပေ။ ရှက်ဖွယ်ကောင်းသော ဤ မြန်မာ့ပုံရိပ်ကို ၀ိုင်းဝန်း တိုက်ဖျက်ကြဖို့ရန် ပြုပြင်ပြောင်းလဲရေး အစိုးရအနေဖြင့် အထူး အရေးထား ဆောင်ရွက်သင့်ပါကြောင်း စေတနာ အကျိုးမျှော်နှိုးဆော် လိုက်ရပါသည်။

လင်းထိုက်(Y.I.T)
by myanmar thandawsint





No comments:

Post a Comment