Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Wednesday, February 26, 2014

ဆားပုလင်းနှင်းမောင်နှင့် သုံးမည်ရ မေဇင်အေး

တစ်နေ့ တစ်၌ ကျွန်ုပ်သည် မြန်မာပြည် ဖွဘုတ်၏ ထိပ်တန်း ဂိုဏ်းများအကြောင်းကို လေ့လာမိသောအခါ အံ့သြဖွယ်ရာ ကောင်းလှသော သဲလွန်စများ တွေ့ ရှိရသောအခါ စိတ်ကို မည်သို့ ပင် ထိန်းစေကာမူ မရတော့သဖြင့် ထုံးစံအတိုင်း မိတ်ဆွေကြီး ကိုနှင်းမောင်ထံ ထွက်လာခဲ့သည်။
"အိုင်ပီရေ ခင်ဗျား မေးချင်တဲ့အကြောင်းအရာက ခုနောက်ပိုင်း အုတ်အုတ်ကြွက်ကြွက် ဖြစ်လာနေတဲ့ ဖွဘုတ်နဲ့  ဆက်စပ်နေမယ် ထင်ပါရဲ့ ။ ဟုတ်စ "
"ဘယ်လိုလုပ် ခန့် မှန်းနိုင်တာလဲ အိုင်ဆေး ကိုနှင်းမောင်ရေ။ ကွက်တိပါပဲဗျာ"
"စောစောက ခင်ဗျားမလာခင် ကျွန်တော် ဖွဘုတ် တက်တော့ ခင်ဗျား အွန်လိုင်း ဖြစ်နေတာ တွေ့ ရတယ်ဗျ။ ပြီးတော့ ခင်ဗျား ဒီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာလေ။ ဒီတော့ ဖွဘုတ်နဲ့ တစ်နည်းနည်း ဆက်စပ်နေပြီပေါ့။ မဟုတ်ဘူးလား"
"ဟုတ်တယ်ဗျ။ ကျွန်တော်လည်း ဖွဘုတ်ထဲမှာ ကြည့်ရင်းနဲ့  ခင်ဗျားကို မေးချင်လို့  ထွက်လာတာဗျို့ ။"

Monday, February 24, 2014

ဘုရားစူး စာရေးဆရာ

စာပေဟောပြောပွဲတွေ များလာတော့မှ စိုပြေ စာဖတ်ပျင်းမှန်း သိတော့သည်။ ယခုဟောပြောနေတဲ့ စာရေးဆရာတွေ နာမည်တွေကို စိုပြေမသိ။ သူတို့ရေးတဲ့ စာတွေမဖတ်ဖူး။ ဘာစာတွေ ရေးမှန်းလည်း မသိ။ စာပေဟောပြောပွဲ ကြော်ငြာတွေ တွေ့တော့မှ “သြော်...သူက စာရေးဆရာလား” ဟု သိတော့သည်။
စာဖတ်မှဖြစ်မည်။ ဘယ်သူက ဘာစာတွေရေးသလဲ ကိစ္စမရှိ။ ဘယ်သူက စာရေးဆရာလဲဆိုတာ သိဖို့လိုသည်။ စာမဖတ်ရရင်နေ။ စာရေးဆရာ စာရင်းလေးတော့ လုပ်ထားမှဖြစ်မည်။ နောက်နေ့မှ မြို့ထဲသွားပြီး စာအုပ်ဆိုင်တွေက စာအုပ်တွေမှာ စာရေးဆရာ အမည်စာရင်း သွားကူးရမည်။ နာမည်ကြားလျှင် စာရင်းလေးနှင့် တိုက်ကြည့်ပြီး စာရေးဆရာ ဟုတ် မဟုတ် စာရင်းစစ်ရမည်။
အရင်တုန်းကတော့ စာပေဟောပြောပွဲ ဆိုလျှင် လာဟောသော စာရေးဆရာ၏ စာအုပ်အကြောင်း ပြောပြီး မိတ်ဆက်လျှင် ခင်မင်ပိုလွယ်သည်။ “ဆရာ့ဟိုစာအုပ်က ဖတ်လို့ ကောင်းလိုက်တာ ဆရာရယ်၊ ဇာတ်သိမ်းပိုင်းက တော်တော်လွမ်းဖို့ ကောင်းတာ” လို့ ဆိုလိုက်ရင် စာရေးဆရာ သဘောကျသွားပြီး ကိုယ်နဲ့ ခင်ရော။ နောက်ပိုင်း စာရေးဆရာနှင့် အရက်လေး ဘာလေးလိုက်သောက်။ ကိုယ့်နာမည်တွေ သူ့ဝတ္ထုထဲ ပါလာနိုင်သည်။

Monday, February 17, 2014

ပြင်ပြင်၊ မပြင်ပြင် ..... ငါ့ထိုင်ခုံ ပြန်ပေး

ဒီရပ်ကွက်လေးက လူတော်တော် စုံတယ်။ ကြံ့ခိုင်ရေးလည်း ရှိတယ်။ အန်အယ်လ်ဒီလည်း ရှိတယ်။ ရာအိမ်မှူးတွေ ရှိတယ်။ စီအိုင်ဒီက ရဲမေလည်း ရှိတယ်။ စစ်သား မိန်းမလည်း ရှိတယ်။ စွမ်းအားရှင် လိုလိုတွေ၊ အရန်မီးသတ်လိုလို တွေကလည်း ရှိတယ်။
သူတို့တွေရှိတာ ပျော်စရာ သိပ်ကောင်းတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် မှိုချိုးမျှစ်ချိုး ပြောကြတယ်။
ကိုထွေးကို ကိုညိုက “ဖွတ်မျိုးတွေ” လို့ ခေါ်တယ်။ ကိုထွေးကတော့ ကိုညိုကို ဒီလိုပြောတယ်။ “ထဘီ လိုက်ဆွဲနေတဲ့ အကောင်” တဲ့။
ကိုညိုကတော့ သူ့ကိုယ်သူ ဒီမိုမောင်ညိုလို့ ကင်ပွန်းတပ်တယ်။
ကိုထွေးကတော့ “မောင်ညိုက ဒီမို မဟုတ်ဘူး။ ဟိုမိုကွ။ ခြောက်နေတာ” လို့ ပြောတယ်။
ဟိုးအရင် အစိမ်းရောင် ခေတ်တုန်းကတော့ ရပ်ကွက်ထဲမှာ အရန်မီးသတ်ယောင် ဆောင်ထားတဲ့ စွမ်းအားရှင်တွေနဲ့ သူတို့ကို နောက်ကွယ်က ထိန်းချုပ်ထားတဲ့ အမျိုးသား နိုင်ငံရေးအသင်းက လူတွေကို ကြောက်ရတယ်။