စာပေဟောပြောပွဲတွေ များလာတော့မှ စိုပြေ စာဖတ်ပျင်းမှန်း သိတော့သည်။
ယခုဟောပြောနေတဲ့ စာရေးဆရာတွေ နာမည်တွေကို စိုပြေမသိ။ သူတို့ရေးတဲ့
စာတွေမဖတ်ဖူး။ ဘာစာတွေ ရေးမှန်းလည်း မသိ။ စာပေဟောပြောပွဲ ကြော်ငြာတွေ
တွေ့တော့မှ “သြော်...သူက စာရေးဆရာလား” ဟု သိတော့သည်။
စာဖတ်မှဖြစ်မည်။ ဘယ်သူက ဘာစာတွေရေးသလဲ ကိစ္စမရှိ။ ဘယ်သူက စာရေးဆရာလဲဆိုတာ
သိဖို့လိုသည်။ စာမဖတ်ရရင်နေ။ စာရေးဆရာ စာရင်းလေးတော့ လုပ်ထားမှဖြစ်မည်။
နောက်နေ့မှ မြို့ထဲသွားပြီး စာအုပ်ဆိုင်တွေက စာအုပ်တွေမှာ စာရေးဆရာ
အမည်စာရင်း သွားကူးရမည်။ နာမည်ကြားလျှင် စာရင်းလေးနှင့် တိုက်ကြည့်ပြီး
စာရေးဆရာ ဟုတ် မဟုတ် စာရင်းစစ်ရမည်။
အရင်တုန်းကတော့ စာပေဟောပြောပွဲ ဆိုလျှင် လာဟောသော စာရေးဆရာ၏
စာအုပ်အကြောင်း ပြောပြီး မိတ်ဆက်လျှင် ခင်မင်ပိုလွယ်သည်။ “ဆရာ့ဟိုစာအုပ်က
ဖတ်လို့ ကောင်းလိုက်တာ ဆရာရယ်၊ ဇာတ်သိမ်းပိုင်းက တော်တော်လွမ်းဖို့
ကောင်းတာ” လို့ ဆိုလိုက်ရင် စာရေးဆရာ သဘောကျသွားပြီး ကိုယ်နဲ့ ခင်ရော။
နောက်ပိုင်း စာရေးဆရာနှင့် အရက်လေး ဘာလေးလိုက်သောက်။ ကိုယ့်နာမည်တွေ
သူ့ဝတ္ထုထဲ ပါလာနိုင်သည်။
အခုခေတ်ကတော့ ထိုသို့မဟုတ်တော့။ နာမည်တစ်ခါမှပင် မကြားဖူးသော စာရေးဆရာ
တွေက ဟောပြောနေကြသည်။ သူ့စာ မဖတ်ဖူးသည်ထားဦး၊ စာရေးဆရာ နာမည်ကို
စိုပြေကြားဖူးဖို့ ကောင်းသည်။ ယခုတော့ စာရေးဆရာ နာမည်ပင် မကြားဖူးတော့
စိုပြေ ဘယ်လိုလုပ်ရမှန်း မသိတော့။ လာဟောပြောသော စာရေးဆရာကို ဘယ်လို
မိတ်ဆက်ရမှန်းပင် မသိတော့။ ရမ်းသမ်းလည်း မိတ်မဆက်ရဲ။ အချို့ စာရေးဆရာတွေက
အပေါက် တော်တော်ဆိုးသည်ဟု ကြားဖူးသည်။ အချို့စာရေး ဆရာလေးများ
မိုက်ရိုင်းကြကြောင်း အချို့စာပေ ဟောပြောပွဲ ကျင်းပသူများကပင် ကြေညာချက်
ထုတ်ရသည်။
ခေတ်ကြီးကလည်း စာရေးဆရာဖြစ်ဖို့ တော်တော်လေး လွယ်သည်ဟု သူငယ်ချင်းက
ပြောသည်။ ပိုက်ဆံရှိလျှင် ကိုယ့်စာအုပ် ကိုယ့်ဘာသာ ထုတ်လို့ရသည်။
မဟုတ်လျှင် အွန်လိုင်းပေါ်မှာ စာတက်ရေးလို့ ရသည်။ တစ်လောကလည်း ကိုယ့်ကိုယ်
ကိုယ်စာရေးဆရာဟု မိတ်ဆက်သော ကောင်လေး တစ်ယောက်နှင့် တွေ့သည်။ ဘယ်မှာ
ရေးတာလဲလို့မေးတော့ “ဖေ့စ်ဘုတ်မှာ ရေးတာလေ။ လိုက်ခ်တွေမှ အများကြီးရယ်။
အစ်ကို မဖတ်ဖူးသေးရင် ကျွန်တော့် လင့်ပေးလိုက်မယ်။ ဖတ်ကြည့်လိုက်” ဆိုတဲ့
လူက ရှိသေးသည်။ အချို့အွန်လိုင်းစာရေး ဆရာတွေကလည်း ဖတ်လို့ ကောင်းပါသည်။
အချို့ကတော့ ဘာတွေရေးမှန်းမသိ။ ဘယ်လိုလူတွေက ကြိုက်မှန်းလည်းမသိ။
သူ့အရပ်နှင့် သူ့ဇာတ်ကတော့ အိုကေသည်။
အချို့ စာရေးဆရာတွေ ကလည်း ကိုယ့်ပိုက်ဆံနှင့် စာအုပ်ထုတ်ပြီး
စာရေးဆရာဘွဲ့ ခံယူကြသည်။ ပိုက်ဆံနှစ်သိန်း၊ သုံးသိန်းရှိရင် အုပ်ရေ
တစ်ထောင်လောက်တော့ ထုတ်လို့ရသည်။ အရင်ကလို စိစစ်ရေးတွေ ဘာတွေမရှိတော့
ရေးချင်တာသာ ရေးပေတော့။ အချို့ပိုက်ဆံ ရှိသူတွေကလည်း ကိုယ်ပိုင်
စာအုပ်ထုတ်ဝေရေး ထောင်ပြီး ဟိုကဒီက ဘာသာပြန်လေးတွေ ထုတ်သည်။ အင်္ဂလိပ်လို
တတ်သူတွေကလည်း တက်ကျမ်းလိုလို ဘာလိုလိုတွေကို ဘာသာပြန်ကာ
ကိုယ်ရေးသလိုလိုနဲ့ ဖိန့်သည်။ အင်္ဂလိပ်စာ မတတ်သူက ပီမိုးနင်းတို့၊
ဦးနုတို့၏ စာအုပ်တွေက ကူးချကာ တက်ကျမ်း ရေးသည်။ အချို့ကလည်း သူများရေးသော
စာကို ပိုက်ဆံနှင့်ဝယ်ကာ ကိုယ့်နာမည်နှင့် ထုတ်သည်။ ဒီလိုနှင့် ထုတ်ဝေရေး
ပိုင်ရှင်လည်း စာရေးဆရာ ဖြစ်လာသည်။
အချို့ကတော့ နိုင်ငံရေးသမား။ ထောင်ထွက်လာတော့ ထောင်အတွေ့အကြုံ ဖြစ်ဖြစ်၊
ထောင်တွင်းက ရခဲ့သည့် စိတ်ကူးကို ဖြစ်ဖြစ် စာချရေး။ ထုတ်ဝေရေးကို
အပ်လိုက်။ ထုတ်ဝေရေးတွေ ကလည်း နိုင်ငံရေးသမား ရေးသောစာ ဆိုလျှင်
ရောင်းကောင်းမည် တွက်ထားပုံရသည်။ အချို့နိုင်ငံရေးသမားတွေ ကတော့ တကယ့်
အနုပညာသမား။ သူတို့စာတွေက တကယ်လည်း ကောင်းသည်။ စာအုပ် ထွက်လာတော့လည်း
နာမည်ကြီးသည်။ လူကြိုက်များသည်။ အဲဒီလို စာအုပ်ထွက်ပြီး နာမည်ကြီးသွားသည့်
နိုင်ငံရေးသမားကို အခြား နိုင်ငံရေးသမား များက အားကျသည်။ သို့နှင့်
စာမရေးတတ်သော နိုင်ငံရေးသမားကလည်း စာရေးသည်။
ထုတ်ဝေရေးတွေ ကလည်း နိုင်ငံရေးသမား ရေးသောစာများကို ဟိုပြင်ဒ်ီပြင်နှင့်
ပြင်ဆင်ရေးလုပ်ပြီး ထုတ်လိုက်သည်။ ဒီလိုနှင့် စာမရေးတတ်သော နိုင်ငံရေးသမား
အချို့ကလည်း စာရေးဆရာ ဖြစ်လာသည်။ အချို့လည်း စာကို လုံးဝမရေးဖူးပါ။
ဒါပေသည့် အပြောကောင်းသည်။ အပြော ကောင်းတော့လည်း စာပေ ဟောပြောပွဲတွေ
ပြောရသည်။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးဖူးလျှင် စာရေးဆရာ ဖြစ်ပြီ။
အဆက်အသွယ် ရှိလျှင် ဟောပြောပွဲ လိုက်ရနိုင်သည်။ ရာသီကလည်း
စာပေဟောပြောပွဲ ရာသီ။ စာရေးဆရာတွေ ခေတ်ကောင်းချိန်။ ဟိုးအရင်တုန်းကလို
စာရေးဆရာကို ပုဆိုးကန်တော့သည့်ခေတ် မဟုတ်တော့။ ငွေကို ပေးသောခေတ်။
တစ်ပွဲတစ်ပွဲ သိန်းချီရကြသည်။ ပွဲတိုင်းကျော် စာရေးဆရာတွေ ပေါ်လာသည်။ အဲဒီ
စာရေးဆရာမှ မပါလျှင် ဟောပြောပွဲပဲ မလုပ်တော့ သယောင်။ များသော အားဖြင့်တော့
တက်ကျမ်းရေးသည့် စာရေးဆရာတွေကို ဟောပြောပွဲ စီစဉ်သူတွေက ကြိုက်သည်။ အချို့
ဟောပြောပွဲ စီစဉ်သူတွေ ကျတော့လည်း ရုပ်ရှင်မင်းသား၊ ဒါရိုက်တာများနှင့်
စာရေးဆရာကို တွဲကာ ဟောခိုင်းသည်။ ပရိသတ်က ရုပ်ရှင်မင်းသားကို
ကြည့်ချင်သဖြင့် လာကြသည်။ ရုပ်ရှင်မင်းသား ဟောပြီးချိန်တွင် လူမရှိတော့။
စာရေးဆရာခမျာ ပွဲစီစဉ်သူတွေ ကိုသာ ဟောရတော့သည်။
အခုတစ်လော အချို့စာပေ ဟောပြောပွဲတွေ ကတော့ မဲဆွယ်ပွဲတွေ ဖြစ်ကုန်သည်။
နိုင်ငံရေး ပါတီတွေကလည်း စာပေ ဟောပြောပွဲ အမည်ခံပြီး မဲဆွယ်ပွဲတွေ လုပ်သည်။
စာရေးဆရာတွေ ကလည်း ပါတီက ငှားသည်ဆိုတော့ ပါတီအကြိုက် ဟောပေးကြသည်။
နောက်နှစ် ပွဲမငှားမှာ စိုးရိမ်ပုံရသည်။ အချို့ စာရေးဆရာတွေကလည်း သူတို့
ကြိုက်သည့်ပါတီကို ခေတ်အဆက်ဆက် မျိုသိပ် ထားခဲ့ရသမျှ ဖွင့်ထုတ်တော့သည်။
အချို့ စာရေးဆရာတွေကလည်း နတ်ပူးပြီးဟောသည်။ ဝိညာဉ်ခေါ်ပြီး ဘယ်ပါတီကို
မဲပေးရမယ်လို့ ဝိညာဉ်က ပြောတယ်လို့ စာရေးဆရာကြီးတွေက လုပ်ကြပြန်သည်။
စိုပြေတို့ကတော့ တအံ့တသြကို ဖြစ်လို့။ စာရေးဆရာ မလုပ်ဘဲ နတ်ကတော်လုပ်ဖို့
ကောင်းသည်ဟုလည်း တွေးမိသည်။ ပါတီ လူကြီးအချို့ကလည်း စာပေဟောပြောပွဲ
ရန်ပုံငွေတွေ ဘုံးပစ်သည်ဟုလည်း ကြားရသည်။ ငွေစာရင်းရှင်းတမ်း
ထုတ်ပေးဖို့ပြောတော့ ရူးချင်ယောင် ဆောင်ကုန်သည်။
ဒီကြားထဲ ဘုန်းကြီးတွေကလည်း ပါလာသည်။ နိုင်ငံရေးပါတီတွေက လုပ်တဲ့
စာပေဟောပြောပွဲမှာ အစ္စလာမ်တွေက ဟောလို့ဆိုပြီး လိုက်ပိတ်သည်။ ဒီတော့
ခပ်စွာစွာ ပါတီဝင်တွေက ဘုန်းကြီးတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး
ဆဲကြပြန်သည်။ ဘုန်းကြီးနှင့်ပါတီ ရန်တွေ ဖြစ်ကြ၏။
ခေတ်သစ် စာရေးဆရာ အချို့ကတော့ နပ်သည်။ ပါးသည်။ သူတို့ရေးသော စာအုပ်ကို
ပရိသတ် မဖတ်ဖူးမှန်း သိပုံရသည်။ ဟောပြောပွဲ သွားလေရာကို သူတို့ရေးသမျှ
စာအုပ်တွေ ယူသွားပြီး ရောင်းသည်။ ဟောရင်း ပြောရင်းလည်း စာအုပ်ကို ကြေညာ
လိုက်သေးသည်။ ဒီတော့ ပရိသတ်ကလည်း အားနာပါးနာ ဝယ်ကြသည်။ တစ်ချက်ခုတ်
နှစ်ချက်ပြတ်။ စာပေ ဟောပြောကြေးလည်း ရသည်။ စာအုပ်လည်း ရောင်းရသည်။
ခေတ်ကြီးက စာရေးဆရာဖြစ်ဖို့ လွယ်သောခေတ်။ အဆက်အသွယ် ကောင်းလျှင်
ဟောပြောပွဲလိုက်ဖို့ လွယ်သောခေတ်။ ဒီလိုခေတ်ကြီးမှာမှ စာရေးဆရာ မဖြစ်လျှင်
ညံ့ရာကျတော့မည်။
ဘာပဲဖြစ်ဖြစ် စိုပြေကတော့ ဘယ်သူတွေက စာရေးဆရာမှန်း သိရအောင် အမည်စာရင်း
လုပ်ထားဦးမည်။ ထိုစာရေးဆရာ အမည်စာရင်းကို စာအုပ်ထုတ်ရမည်။ ဒါဆို
စိုပြေလည်း စာရေးဆရာ ဖြစ်မည်။
စိုပြေ (သံချောင်းပါတီ)
The Voice Weekly
No comments:
Post a Comment