Monday, February 24, 2014

နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်တွင် နှစ်ရက်ဆက်တိုက် ထိုင်သပိတ်ဖြင့်ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ကူညီမှုများပြုလုပ်နေသည့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ကို ခွဲခြားကူညီမှုများ ပြုလုပ်နေသည်ဆိုကာ စစ်တွေဒေသခံများက နှစ်ရက်ဆက် ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်မှုများ
ပြုလုပ်ခဲ့သည်။
စစ်တွေဒေသခံ ၆ဝဝကျော်က ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ရက်တို့တွင် စစ်တွေမြို့ရှိ  MSF(နယ်စည်းမထား ဆရာဝန်များ)ရုံး
ရှေ့တွင် ဆက်တိုက်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခြင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်ရာတွင် နေ့လည် ၁ နာရီမှ ၂ နာရီအထိ MSF ရုံးရှေ့တွင် စုဝေးထိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ခွင့်ပြုမိန့်က ၂ ရက်ပဲ ရတဲ့အတွက် နှစ်ရက်ပြတာပါ။ ထိုင်သပိတ်ပြီးရင် သပိတ်စခန်းဖွင့်ဖို့လည်း ခွင့်ပြုမိန့်တင်ထားပါတယ်” ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက မဇ္ဈိမကို ပြောသည်။
ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ နယ်စည်းမထားဆရာဝန်များအဖွဲ့က ရခိုင်ပြည်နယ်တွင် ဆက်လက်ပြီး ကူညီမှုများ
ပြုလုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ရခိုင်ဒေသခံများအနေဖြင့် MSF အဖွဲ့ကို မြို့နယ်များတွင် ဆက်တိုက်ဆန္ဒထုတ်ဖော်ခြင်း နှင့်စပ်လျဉ်း၍ ပြည်နယ် အစိုးရ အဖွဲ့
ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က “MSF က ကျမ်းမာရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက် MOU ထိုးထားတာဖြစ်တဲ့ အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြန်စီစစ်ပါလိမ့်မယ်။ ဒေသခံတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကိုတော့ တားမယ့် အစီအစဉ် မရှိသလို MSFကိုလည်း ဖိအားပေးခွင့်မရှိပါဘူး”ဟု မဇ္ဈိမကို ပြောသည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ခွဲခြားကူညီမှုများပြုလုပ်ပေးသည်ဆိုကာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သေးသည်။
၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှ မသီတာထွေး အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခသည်များကို အကူအညီပေးရန်အတွက် NGO,INGO အဖွဲ့အစည်းများ ထပ်မံဝင်ရောက်ခဲ့ရာ လက်ရှိအခြေအနေထိ ရခိုင်ပြည်နယ်တွင် အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်း ၃၃ ခုရှိသည်။
UNHCR အပါအဝင် NGO,INGO  အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီဒုက္ခသည် ၈ဝဝဝဝ သောင်းနှင့် ရခိုင်ဒုက္ခသည် သုံးသောင်းကျော်ကို ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းကာ အဆောက်အဦး၊ စားသောက်စရာအပါအဝင်၊ ကျန်းမာရေး လုပ်ငန်း များကို ကူညီပေးလျှက်ရှိသည်ရာ ရခိုင်ပြည်ဒေသခံများက အဆိုပါ အကူအညီပေးရေး အဖွဲ့များသည် ဘက်လိုက်ကူညီမှု လုပ်ဆောင်နေသည်ဟု စွတ်စွဲကာ ရခိုင်ပြည်နယ်ရှိ မြို့နယ် အများစုက ဆက်တိုက် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

 Mizzima

No comments:

Post a Comment