ဒီရပ်ကွက်လေးက လူတော်တော် စုံတယ်။ ကြံ့ခိုင်ရေးလည်း ရှိတယ်။ အန်အယ်လ်ဒီလည်း
ရှိတယ်။ ရာအိမ်မှူးတွေ ရှိတယ်။ စီအိုင်ဒီက ရဲမေလည်း ရှိတယ်။ စစ်သား
မိန်းမလည်း ရှိတယ်။ စွမ်းအားရှင် လိုလိုတွေ၊ အရန်မီးသတ်လိုလို တွေကလည်း
ရှိတယ်။
သူတို့တွေရှိတာ ပျော်စရာ သိပ်ကောင်းတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် မှိုချိုးမျှစ်ချိုး ပြောကြတယ်။
ကိုထွေးကို ကိုညိုက “ဖွတ်မျိုးတွေ” လို့ ခေါ်တယ်။ ကိုထွေးကတော့ ကိုညိုကို ဒီလိုပြောတယ်။ “ထဘီ လိုက်ဆွဲနေတဲ့ အကောင်” တဲ့။
ကိုညိုကတော့ သူ့ကိုယ်သူ ဒီမိုမောင်ညိုလို့ ကင်ပွန်းတပ်တယ်။
ကိုထွေးကတော့ “မောင်ညိုက ဒီမို မဟုတ်ဘူး။ ဟိုမိုကွ။ ခြောက်နေတာ” လို့ ပြောတယ်။
ဟိုးအရင် အစိမ်းရောင် ခေတ်တုန်းကတော့ ရပ်ကွက်ထဲမှာ အရန်မီးသတ်ယောင်
ဆောင်ထားတဲ့ စွမ်းအားရှင်တွေနဲ့ သူတို့ကို နောက်ကွယ်က ထိန်းချုပ်ထားတဲ့
အမျိုးသား နိုင်ငံရေးအသင်းက လူတွေကို ကြောက်ရတယ်။
အခုခေတ်ကျတော့ ဒီမိုကိုညိုကို ကြောက်ကြရပြန်တယ်။ ဒီမို ကိုညိုက သူ့ကို
မခန့်လေးစားလုပ်ရင် “ငါ့အမေနဲ့ တိုင်ပြောမယ်” လို့ အမြဲပြောတယ်။ သူ့အမေက
နည်းနည်း ပေါက်ပေါက်ရောက်ရောက် ရှိတော့ ရပ်ကွက်သားတွေက ကြောက်ကြတယ်။
ကိုထွေးကတော့
သူနဲ့ ရန်ဖြစ်ရင် “အဘနဲ့ တိုင်ပြောမှာနော်” တဲ့။ သူ့ကိုတော့ အရင်ကတည်းက
လူရာ မသွင်းဘူးလေ။ ငပေါကြီးလို့ပဲ သတ်မှတ်ထားတာ။ ဒါပေမဲ့ သူ့ အဘတွေကိုတော့
ကြောက်ရတုန်းပဲ။
ဒီမိုကိုညိုက စစ်သားမိန်းမ ဒေါ်ချိုကိုလည်း ကြည့်မရဘူး။ စီအိုင်ဒီက ရဲမေ
မသိန်းကိုလည်း ကြည့်မရဘူး။ ဒီမိုကိုညိုက သူတို့ကို “စစ်ခွေး နောက်လိုက်တွေ”
လို့ ခေါ်တယ်။
ဒေါ်ချိုနဲ့ မသိန်းကတော့ ဘာမှ မပြောပါဘူး။ သူ့ဘာသာ ဘယ်လိုခေါ်ခေါ် ကိုယ့်ထမင်း ကိုယ်ရှာစား နေရတာတဲ့။
ဒီမိုကိုညိုရဲ့ အပေါင်းအသင်း အဟောင်းတွေကတော့ သူ့ကို အခုလို
မှတ်ချက်ပြုတယ်။ “သူခိုးပြေးမှ ထိုးကွင်း ထနေတာပါ။ ၂၀၀၇ တုန်းက
အပြင်သွားဖို့ ခေါ်တာတောင် ဖျားနေလို့တဲ့”
ဒါပေမဲ့ အခုတော့ ဒီမိုကိုညိုက သူတို့ ပါတီမှာ အကောင် ဖြစ်နေပြီ။
အရင်နှစ်တုန်းက ပါတီက ထုတ်တဲ့ ဂျာနယ် ကိုယ်စားလှယ် ယူပြီး ရပ်ကွက်ထဲ
လှည့်ရောင်းတာ တော်တော်လေး မြတ်လိုက်ဖူးတယ်။
တစ်ခုပဲ ပြောစရာရှိတယ်။
ကိုညိုက ထောင်မကျဖူးတာပဲ။
ဒါကိုလည်း
နောင်တရလို့ မဆုံးဘူး။ ဒါပေမဲ့ ဂျာနယ် ရောင်းပေးတဲ့အတွက် ၂၀၁၅ မှာတော့
ရပ်ကွက်စည်းရုံးရေး ကိုယ်စားလှယ်ဖြစ်ဖို့ ရေပန်းစား နေပြီ။
ကိုထွေးက ပေါတောတောမို့ လူချစ်လူခင် များပါတယ်။ ဒါပေမဲ့ ဘဘကြီးတို့ ပါတီကဆိုတော့ လူမမြင်ရသေးခင် အသံကြားကတည်းက နားကြောက စိမ့်နေပြီ။
ကိုထွေးတို့ ပါတီကို တည်ထောင်ခဲ့တာက ပြည်သူအားလုံး လေးစားချစ်ခင်
အားကျခဲ့ရတဲ့ စာဖတ်နေသူကြီး မဟုတ်လား။ အရင်ခေတ်တုန်းကတော့ ကိုထွေးတို့
ခေတ်ကောင်းတာပေါ့။ လမ်းထိပ်က ဈေးဆိုင်တွေ အကုန်ပိတ်ရမယ် ဆိုတုန်းကလည်း
ကိုထွေးပဲ အီးအိုကို ဝင်ပြောခဲ့တာလေ။ ကိုထွေးကိုတော့ ဘာညာသာရကာ အာရကေလေး
ပေးရတာပေါ့။ အခုတော့ ဈေးသည်တွေက ကိုထွေးနဲ့ စကားပြောရမှာပဲ ရှက်သလိုလို။
အရင် ကိုထွေးက စည်ပင်နဲ့လည်း ပိုင်တယ်။ ရယကနဲ့လည်း ပိုင်တယ်။ အခုတော့ ရာအိမ်မှူးတွေကလည်း ခပ်ခွာခွာ လုပ်နေပြီ။
အရင်က အရန်မီးသတ်တစ်ပိုင်း ဖြစ်ခဲ့တဲ့ လူတွေကလည်း မီးသတ်တစ်ပိုင်း၊ ကြက်ခြေနီတစ်ပိုင်း လုပ်ပြီး ကိုထွေးကို စွန့်ခွာသွားပြီ။
ဘာတဲ့ “အဲ့ဒီ ပါတီကလို့ ပြောတာ ရှက်စရာ ကောင်းသတဲ့”
အခုတစ်လော ရပ်ကွက်ထဲမှာ လူအကုန်လုံးက ညောင်နှစ်ပင် ဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်တစား ဖြစ်နေကြပြီ။
ဘာတဲ့။
ဒီမို ကိုညိုက သူ့အမေကို သမ္မတ မဖြစ်အောင် ပိတ်ပင်ထားတဲ့
ညောင်နှစ်ပင် ဥပဒေထဲက ၅၉ (စ) ကို ပြင်ရမယ်တဲ့။ မပြင်ရင် လမ်းပေါ်ထွက်
ဆန္ဒပြမယ်ဆိုပဲ။ သူ့အမေ သမ္မတဖြစ်မှ တိုင်းပြည် တိုးတက်မှာဆိုပဲ။
အခုဆို ဒီမိုကိုညိုမှာ ပြင်ဆင်ရေးသမားတွေ တော်တော်များများ ရှိနေပြီ။
ကိုထွေးကတော့ ညောင်နှစ်ပင် ဥပဒေထဲက ၅၉ (စ) ကို ပြင်လို့ မဖြစ်ဘူးတဲ့။
အဲ့ဒါကို ပြင်လိုက်ရင် လူမျိုးခြား၊ ဘာသာခြားတွေ မြန်မာနိုင်ငံကို
ကြီးစိုးသွားလိမ့်မယ်တဲ့။ ရပ်ကွက်ကလည်း ဘာသာရေး သိပ်ပြင်းထန်တဲ့
ရပ်ကွက်မို့ ကိုထွေးကို ထောက်ခံကြပြန်တယ်။
ဒါကြောင့် ရပ်ကွက်က ဒီမို ကိုညိုကို ပြင်ဆင်ရေးသမားလို့ ခေါ်တယ်။ ကိုထွေးကိုတော့ ပုတ်သင်ညိုတဲ့။ ဘာလာလာ ထောက်ခံလို့ဆိုပဲ။
ဒီမို ကိုညိုနဲ့ ကိုထွေးတို့ လုပ်လိုက်တာ တစ်အိမ်တည်းမှာတောင်
မိသားစုတွေ စိတ်ဝမ်း ကွဲကုန်ပြီ။ ဟိုတစ်နေ့ကတောင် မျက်စောင်းထိုး အိမ်က
အဘိုးကြီးနဲ့ သူ့သား “ပြင်မယ်” “မပြင်ဘူး” အော်ရင်း ရန်ဖြစ်ကြတယ်။
ရပ်ကွက်ထဲက တစ်ဦးတည်းသော ကွန်မြူနစ်ကြီးတော့ ပြောတာ ရှင်းတယ်။
“အဲ့ဒီစာအုပ် တစ်ခုလုံး မီးရှို့ပြီး အသစ် ပြန်ရေးရမှာ” တဲ့။
အဲ့ဒီ ကွန်မြူနစ် ဘဘကြီးကိုတော့ တစ်ရပ်ကွက်လုံး ကြောက်ကြတယ်။ စိတ်မထင်ရင် အော်ဆဲပြီး ထိုးမယ် တကဲကဲ လုပ်တတ်တာ။
ဒီကြားထဲမှာ ဒေါ်ချိုကလည်း ကျိတ်ဝမ်းသာနေတယ်။ ပြင်မယ်၊ မပြင်ဘူးနဲ့
တစ်တိုင်းပြည်လုံး ရန်ဖြစ်ရင် သူ့ယောက်ျား အခြေအနေကောင်းပြီး အခွင့်အရေးတွေ
ရလာနိုင်တယ် ဆိုပြီးတော့ပေါ့လေ။
ဒေါ်သိန်းကတော့ ရန်တွေဖြစ်လို့ အမှုတွေ စီအိုင်ဒီ ရောက်လာရင် လက်ဗွေရာတွေ စစ်ရတာ စိတ်ညစ်ဖို့ ကောင်းတယ်ဆိုပြီး တွေးပူနေတယ်။
အရန်မီးသတ်လိုလို၊ ကြက်ခြေနီလို လိုတွေကတော့ ယူနီဖောင်းကို မီးပူ
တိုက်နေတယ်။ သူတို့ကတော့ ရုတ်ရုတ်ဖြစ်ရင် ဧည့်စာရင်း စစ်ရမှာဆိုပြီး
ပျော်နေတယ်။
“ဧည့်စာရင်း စစ်ရင် ခြင်ထောင် လှန်ရမှာ” ဆိုပဲ။
ဘာတွေမှန်းကို မသိတော့ပါဘူး။
လောလောဆယ်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကတော့ လော်စပီကာနဲ့ လိုက်အော်နေတယ်။
“ဧည့်စာရင်း မတိုင်ပါက မိမိတာဝန်သာ ဖြစ်ပါသည်” တဲ့။
တစ်နေ့ နေပူပူမှာ လမ်းထောင့်က အရူးကြီးက “ပြင်ပြင်၊ မပြင်ပြင် .....
ငါ့ထိုင်ခုံပြန်ပေး .... ဝေးဟေး ဟေး ပလို့ဂျိ” လို့ ဘာမှန်း
မသိတဲ့သီချင်းကို ဆိုပြီး ကနေပါတယ်။
စိုပြေ (သံချောင်းပါတီ)
The Voice Weekly

No comments:
Post a Comment