Monday, February 17, 2014

၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

နေရာအလှည့်ကျစနစ်နဲ့ လက်ခံကျင်းပနေတဲ့ ဗဟိုအဆင့် ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မုဒုံမြို့နယ် ကမာဝက်တိုက်နယ်မှာ ကျင်းပခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာကျရောက်တဲ့ ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဗဟိုအဖြစ် လက်ခံကျင်းပခဲ့တဲ့ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တာပါ။

မွန်အမျိုးသားနေ့ကို ၁၉၄၈ ခုနှစ် ကတည်းက ကျင်းပလာတာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကစပြီး ဗဟိုအဆင့်သတ်မှတ် ကျင်းပလာခဲ့ တာပါ။
မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဒေါက်တာ မင်းကြည်ဝင်း က “အမှန်တော့ မွန်အမျိုးသားနေ့ဟာ သတ်မှတ်ခဲ့ထားပေမယ့်လည်း အစိုးရအဆက်ဆက် အရင်တုန်းက ဖဆပလ ပေါ့ဗျာ။ သူတို့တွေက အားမပေးခဲ့ပါဘူး။ နောက်ဆုံး ဦးနေဝင်း အာဏာသိမ်းတယ်။ မဆလ ခေတ်မှာလည်း ကျနော်တို့ ကျင်းပခွင့် မရခဲ့ပါဘူး။ နောက် ၈၈ အရေးခင်းပြီးတော့မှ ကျနော်တို့ နည်းနည်းလှုပ်လို့ ရလာတယ်။ အရင်တုန်းက မွန်အမျိုးသားနေ့ လုပ်တာ ထောင်တွေ ကျခံခဲ့ရတယ်။ ရွာတိုင်းလိုလို ကျခံခဲ့ရတာ”လို့ ဆိုပါတယ်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေထဲက မွန်တိုင်းရင်းသားတွေ အများစု နေထိုင်ရာဒေသ ၁၈ ခုထဲကမှ ၆၇ ကြိမ်မြောက် မွန်အမျိုသားနေ့ ဗဟိုအခမ်းအနားကိုတော့ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်မှာ ကျင်းပဖို့ မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီက ပြီးခဲ့တဲ့နှစ် ပေါင်မြို့မှာ ကျင်းပခဲ့တဲ့ ဗဟိုအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားမှာ သတ်မှတ်ခဲ့တာပါ။
မွန်တိုင်းရင်းသားတွေ ယုံကြည်လက်ခံထားကြတဲ့ ဟံသာဝတီ မင်းနေပြည်တော်ကို မွန်မင်း ညီနောင်နှစ်ပါးက တည်ထောင်ခဲ့တဲ့ တပို့တွဲလဆုတ်တရက်နေ့ကို အစွဲပြုပြီး မွန်အမျိုးသားနေ့ အဖြစ် ၁၉၄၇ ခုနှစ်မှာ မွန်တိုင်းရင်းသားခေါင်းဆောင်တွေက သတ်မှတ်ထားတာဖြစ်ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းက ဦးမင်းဇေယျ က “အခုလို သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ အမျိုးသားနေ့ ပေါ့နော်။ ဒါတွေကို ပွင့်လင်းမြင်သာစွာနဲ့ လွတ်လပ်စွာ ကျင်းပခွင့်ပေးခြင်းအားဖြင့် လူမျိုးတမျိုးနဲ့ တမျိုးအကြား နားလည်မှုတွေ၊ ချစ်ခင်မှုတွေ၊ ယုံကြည်မှုတွေ ပိုရလာပြီးတော့ ဒီနိုင်ငံရဲ့ အင်မတန်ရှည်ကြာတဲ့ ဆိုးမွေတွေဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိဖို့၊ ငြိမ်းချမ်းရေးရရှိဖို့အတွက် အထောက်အကူ ပြုတယ်။ အဲလိုဘဲ ကျနော်က မွန်အမျိုးသားတယောက်နေနဲ့ ဒီအခမ်းအနားကို လာတက်သလို နိုင်ငံသားတယောက် အနေနဲ့ မွန်အမျိုးသားနေ့ကို တက်တယ်။ ကရင်အမျိုးသားနေ့ကို တက်တယ်၊ ရှမ်းအမျိုးသားနေ့ တက်တယ်။ ဗမာ အမျိုးသားနေ့ တက်တယ်။ အဲလို တက်ပေးမှဘဲ ပိုသိလာမယ်။ ပိုမြင် လာမယ်”လို့ ဆိုပါတယ်။
ဗဟိုအဖြစ် လက်ခံကျင်းပတဲ့ ဒီအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးက သဝဏ်လွှာတွေ ပေးပို့ခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်တွေ မွန်နိုင်ငံရေးပါတီနဲ့ မွန်လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေက ပြည်တွင်းပြည်ပက မွန်တိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ပါတယ်။
၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မြန်မာပြည် အနှံ့အပြားနဲ့ နိုင်ငံတကာရောက် မွန်တိုင်းရင်းသားတွေလည်း အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ လာမယ့်နှစ်မှာ ကျင်းပမယ့် ၆၈ ကြိမ်မြောက် ဗဟိုအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားကို လက်ခံကျင်းမယ့် ဒေသကို ညှိနှိုင်းနေဆဲပါ။

DVB

No comments:

Post a Comment