Tuesday, December 31, 2013

အဓမ္မပြုခံရပြီး သေဆုံးခဲ့သူ အိန္ဒိယကျောင်းသူလေး၏ တနှစ်ပြည့် ဆုတောင်းပွဲကျင်းပ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ကျောင်းသူလေးတဦး အုပ်စုဖွဲ့အဓမ္မပြုကျင့် သေဆုံးခဲ့တာ ဒီဇင်ဘာ ၂၉ ရက်နေ့က ၁ နှစ်ပြည့်ခဲ့တာမို့ ကျောင်းသူလေးအတွက် ဆုတောင်းပွဲတွေကို ဒေလီမြို့လယ်က Jantar Mantar ရင်ပြင်မှာ ကျင်းပခဲ့ကြပါတယ်။

ကျောင်းသူလေးရဲ့ ဖခင်ကလည်း အိန္ဒိယနိုင်ငံမြောက်ပိုင်း ဇာတိရွာရှိရာ Ballia မြို့မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒေသခံ Aam Aadmi Pary ပါတီက လွှတ်တော်အမတ် Rakhi Birla ကလည်း Jantar Mantar ဆုတောင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်အနေနဲ့မှ တက်ရောက်လာတာမဟုတ်ဘဲ ကျောင်းသူလေးရဲ့ အဖြစ်အပျက်ကို သတိရနေသေးတယ်။ ကျောင်းသူလေးနဲ့ သူရဲ့မိသားစုကို အားပေးဆုတောင်းပေးဖို့ တက်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းသူလေးဟာ ၂၀၁၂၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အုပ်စုဖွဲ့အဓမ္မကျင့်ခံခဲ့ရပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စင်ကာပူနိုင်ငံဆေးရုံတခုမှာ တက်ရောက်ကုသရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မွန်ဘိုင်မြို့ကနေ ဆုတောင်းပွဲတက်ရောက်လာတဲ့ အမျိုးသမီးလှုပ်ရှားသူ Chandni ကလည်း ကျောင်းသူလေး Nirbhaya ရဲ့အဖြစ်အပျက်အပြီး နိုးထလာတဲ့ အိန္ဒိယအမျိုးသမီးထု အတွက် ဆက်လက် အားပေးထောက်ခံသွားမယ်။ အစိုးရက ထိုက်သင့်တဲ့လုပ်ဆောင်မှုတွေ မလုပ်တဲ့ အတွက် အမျိုးသမီးထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ၂၁ မိနစ်တိုင်းမှာ အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံနေရတယ်လို့ ဆိုပါတယ်။ အက်စစ်နဲ့ပက်တာ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်မတော်မတရား စော်ကားတာတွေလည်း အမြဲတမ်းဖြစ်နေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။
အဓမ္မပြုကျင့်သူတရားခံ ၆ ဦးအနက် တဦးဟာ ပြီးခဲ့တဲ့မတ်လက ထောင်ထဲမှာ မိမိကိုယ်ကို အဆုံး စီရင်ခဲ့ပြီး ကျန်တသက်မပြည့်သေးသူ တရားခံတဦးကိုတော့ ထောင်ဒဏ် ၃ နှစ် သီးခြားတရားစီရင်ခဲ့ပါတယ်။ ကျန်သူ ၄ ဦးကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက နယူးဒေလီ တရားရုံက သေဒဏ်ချမှတ်ခဲ့ပြီး တရားခံတွေက သူတို့ရဲ့သေဒဏ်ကို အယူခံဝင်ထားတာကြောင့် အမှုက မပြီးပြတ်သေးပါဘူး။
၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လိင်မတော်မတရားမှု ၆.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

by dvb


No comments:

Post a Comment