စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အကောက်ခွန်
ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ မှောင်ခိုကုန်သွယ်မှုများအား
ကြပ်မတ်စစ်ဆေး နေသော်လည်း ပြည်ပသို့ တရားမ၀င် ရွှေခိုးထုတ်မှုများ
နေ့စဉ်ဖြစ်ပွားနေကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက
ပြောကြားသည်။
“စီးပွားကူးသန်း၊ အကောက်ခွန်၊ လ၀က၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့
တားဆီးစစ်ဆေးနေတဲ့ကြားက မမြင်နိုင်တဲ့ လမ်းကြောင်းကနေ နေ့စဉ်သွားနေတယ်။
ရွှေနဲ့ပတ်သက်ရင် မှန်မှန်ကန်ကန် ရောင်းဝယ်ဖောက်ကားဖို့ လိုတယ်။ နိုင်ငံနဲ့
သက်ဆိုင်တဲ့ အခွန်အခတွေ ရဖို့လိုတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးမြင့်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ရှားပါးသတ္တု စာရင်းဝင်အဖြစ် သတ်မှတ်ထားသည့် မြန်မာ့ရွှေသယံဇာတများအား
ပြည်ပသို့ တရားဝင် တင်သွင်းခွင့် ရရှိရန် မြန်မာနိုင်ငံ
ရွှေလုပ်ငန်းရှင်များ အသင်းမှ ကြိုးပမ်းလျက်ရှိသည်။
သို့သော် လက်ရှိအချိန်အထိ တရားဝင် တင်ပို့ခွင့်ရရှိရန် ခွင့်ပြုမှု
မရှိသေးကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး
ဦးကျော်ဝင်းက ပြောကြားသည်။
“ရွှေကို တရားဝင် တင်သွင်းခွင့် ရဖို့အတွက် ကျွန်တော်တို့အနေနဲ့
တင်ပြရမယ့် ၀န်ကြီးဌာနတွေ အရမ်းများနေတယ်။ တစ်ဆင့်ချင်း လုပ်ဆောင်ရပါမယ်”
ဟု ဦးကျော်ဝင်းက ဆိုသည်။
မြန်မာနိုင်ငံမှ ရွှေများအား ပြည်ပသို့ တရားမ၀င် တင်ပို့ရာတွင်
တရုတ်နိုင်ငံ အပါအ၀င် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့နေကြောင်း
သိရသည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ
လုပ်ဆောင်နေပြီး သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေမှာအဓိကကျသော ကဏ္ဍတွင်
ပါဝင်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး
ဦးသန်းထွန်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံအတွက် အခွန်အခမရဘဲ မှောင်ခိုလမ်းကြောင်းမှ သွားနေသော
ရွှေများအား လုပ်ငန်းရှင်များ အနေဖြင့် အခွန်ပေးဆောင်လိုသည့် အနေအထားတွင်
ရှိနေသော်လည်း လက်ရှိမူဝါဒများအရ တရားဝင် တင်ပို့နိုင်သည့် အနေအထား
မရှိသဖြင့် မှောင်ခိုလမ်းကြောင်းမှသာ တရားမ၀င် တင်ပို့နေရကြောင်း
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောကြားသည်။
ပြည်တွင်းရွှေဈေးကွက် အတွင်း၌ နှစ်စဉ်ပွင့်လင်းရာသီနှင့် နှစ်သစ်ကူး အချိန်များတွင် ရွှေဝယ်ယူမှု များလေ့ရှိသည်။
သို့သော်လည်း ယခုအချိန် အရောင်းအ၀ယ်မှာ ယခင်နှစ်ကထက် အေးနေကာ
ဝယ်လိုအားထက် ရောင်းလိုအားများနေသည့် အနေအထားတွင် ရှိနေကြောင်း
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်နှစ်များက ဈေးကွက်အတွင်း ရွှေဈေးကျဆင်းမှုများ ဖြစ်ပေါ်ပါက
ဝယ်ယူမှုများပြားခဲ့ပြီး ယခုနှစ်တွင်မူ ပြည်တွင်းရွှေပေါက်ဈေးမှာ
နိုင်ငံတကာရွှေဈေး အတက်အကျပေါ်တွင်သာ မူတည်နေပြီး နိုင်ငံတကာ၌ ရွှေဈေးများ
ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ၀ယ်လိုအား သိသာစွာ များပြားလာခြင်း
မရှိကြောင်း သိရသည်။
by eleven
No comments:
Post a Comment