Monday, December 23, 2013

စကားစစ်ထိုးသည့်ယဉ်ကျေးမှု တိုးပွားလာစေရန်အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ စီစဉ်မည်

အမြင်မတူသည့် လူ့အဖွဲ့အစည်းများအတွင်း တစ်ဘက်နှင့်တစ်ဘက် အခြေအတင် စကားစစ်ထိုးသည့် အလေ့အကျင့် ပိုမိုရှင်သန်လာရန် ရည်ရွယ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ၂၀၁၄ တွင် ကြုံတွေ့ရနိုင်သည့် နိုင်ငံရေး အခင်းအကျင်းသစ်နှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် Debate တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း စီစဉ်သူများထဲမှ တစ်ဦးဖြစ်သည့် ဦးတင်မောင်ဦးက ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးတင်မောင်ဦးက ၎င်းတို့၏ Debate ပြုလုပ်ရသည့် ရည်ရွယ်ချက်အား “အဓိကကတော့ ၂၀၁၄ မှာဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို မှန်းဆပြီး ဘာတွေကြိုတင် ပြင်ဆင်လို့ရမယ် ဆိုတာကို Debate ကနေ ရသွားမယ်ဆိုရင် တိုင်းပြည်အတွက်လည်း တစ်စုံတစ်ရာ အကျိုးရှိမယ်။ ဒီမှာ အင်အားစုအသီးသီး ရင်ဆိုင်ရလာနိုင်တဲ့ စိန်ခေါ်မှုတွေကနေ ဘယ်လိုဖြေရှင်းလို့ ရမယ်ဆိုတဲ့ မှန်းဆချက်တွေပေါ့။ နောက်တစ်ချက်ကလေ မြန်မာနိုင်ငံမှာ Debate ယဉ်ကျေးမှုက ခေတ်မစားဘူး။ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်နေရင်းကနေ အဖြေရှာလို့ ရတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ရပ်၊ အဓိက,က ငြင်းခုန်တယ်ဆိုတာ ရန်ဖြစ်တာ မဟုတ်ဘူးဆိုတာကို Message ပေးချင်တာပါ” ဟု ၎င်းတို့၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို Debate တွင် ဦးရန်မျိုးသိန်း၊ ဆရာဦးဖေမြင့် အပါအ၀င် ဦးဆောင်ဆွေးနွေးသူလေးဦး ပါဝင်မှာဖြစ်ပြီး ဦးဆောင်ဆွေးနွေးမည့်သူ တစ်ဦးဖြစ်သည့် ဆရာဦးဖေမြင့်က “၂၀၁၃ ခုနှစ်ကရှိခဲ့တဲ့ နိုင်ငံရေး အနေအထားတွေကို သုံးသပ်ပြီးတော့ ၂၀၁၄ မှာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို ခန့်မှန်းတယ်ဆိုတဲ့ ခေါင်းစဉ်မျိုးပေါ့။ ဆရာကတော့ ၂၀၁၄ မှာ ဘာလုပ်ကြမလဲဆိုတဲ့ ခေါင်းစဉ်မျိုး ပေးလိုက်တာ ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
၎င်း Debate ကို ဇန်န၀ါရီ တတိယပတ်တွင် တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်လာသူများကိုလည်း ပါဝင်ဆွေးနွေးခွင့်ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။

by eleven

No comments:

Post a Comment