ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်တွင် ဆင်စွယ်ဖြတ်ခိုးယူသော
ဆင်ခိုးဂိုဏ်းကို ဖမ်းဆီးနိုင်ခဲ့သော်လည်း တရားခံရှစ်ဦးအနက် လေးဦးမှာ
လွတ်မြောက်နေဆဲဖြစ်ကြောင်း သာပေါင်းမြို့နယ် ဘုရားကုန်းရဲစခန်းမှ
သတင်းရရှိသည်။သာပေါင်းမြို့နယ်၊ စစ္စရံကြိုးဝိုင်းအတွင်း
ပြီးခဲ့သည့် အောက်တိုဘာက တောဆင်ရိုင်းတစ်ကောင်ကို သေနတ်ဖြင့်
ပစ်ခတ်သတ်ဖြတ်၍ ဆင်စွယ်ခိုးယူမှုဖြစ်ပွားခဲ့ရာ သာပေါင်းမြို့နယ်
သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့က စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ခြင်း
ဖြစ်သည်။
““လောလောဆယ်မှာ ဖြစ်ပွားခဲ့တဲ့ ဆင်သေတစ်ကောင်နဲ့
ပတ်သက်ပြီး တရားခံရှစ်ဦးမှာ လေးဦးဖမ်းမိထားတယ်။ အမှုစစ်ရင်းနဲ့
သူတို့အဖွဲ့ကျူးလွန်ထားတဲ့ နောက်ထပ် ဆင်သတ်ပြီး ဆင်စွယ်ခိုးတဲ့တစ်မှုပါ
ပေါ်လာတယ်။ စွဲချက်တင်ပြီး စုံစမ်းစစ်ဆေးနေဆဲပါ””ဟု သာပေါင်းမြို့နယ်
ဘုရားကုန်းရဲစခန်းမှ စခန်းမှူး ကျော်နိုင်မြင့်က ပြောသည်။
ဖမ်းဆီးရမိသူ
လေးဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ လေးဦးအား လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)အရ
ပ၄၃/၂၀၁၃ ဖြင့်လည်းကောင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ
ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ ပုဒ်မ
၃၇(က)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
၂၀၁၂
သြဂုတ်မှ ၂၀၁၃ ဇန်န၀ါရီအထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆင်လေးကောင်
ဦးကင်းပြတ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊
ကျောက်တံတားမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ထားမှု နှင့်
ဒိုက်ဦးမြို့နယ်၌ ယခုနှစ် အောက်တိုဘာအတွင်းက သတ်ဖြတ်ခံထားရသော
ဆင်သေကောင်နှင့် ဆင်လေးငါးကောင်၏ အရိုးစုများကိုလည်း တွေ့ရှိခဲ့သောကြောင့်
သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင်
သဘာဝတောများကို မြေအသုံးချပြောင်းလဲခြင်းကြောင့် စားကျက်နေရာ
ကျဉ်းမြောင်းရှားပါးလာခြင်းနှင့် တောဆင်ရိုင်းများကို
တရားမ၀င်သတ်ဖြတ်ခြင်းတို့ကြောင့် ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်
အဓိကစိန်ခေါ်မှုဖြစ်လာကြောင်း သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့်
သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က
ပြောကြားထားသည်။
7day Daily
No comments:
Post a Comment