မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ် စီမံကိန်း ချမှတ်အကောင်အထည် ဖော်သွားမည်ဟု ယခင် တပ်မတော်အစိုးရ လက်ထက်ကပင်
ကမ္ဘာ့ကုလသမဂ္ဂ (UN) သို့ ကတိပြု ထားသော်လည်း စီမံကိန်း နောက်ဆုံးနှစ် ရောက်နေသည့်တိုင် အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။
အဆိုပါ စီမံကိန်းများ အောင်မြင်ရေးအတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး အတွက် ဘိန်းခင်း တိုင်းတာရေးနှင့် အခြားကိစ္စရပ်များအား မူးယစ်ဆေးဝါး ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချွန်လွှာတစ်ရပ် လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန် ပြီးလျှင် ဒုတိယမြောက် ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေပြီး တစ်နိုင်ငံလုံး၏ ဘိန်းစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံ အရှေ့ဖျားပိုင်းများ ဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ရေးရာရုံး (UNODC) က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် မြန်မာအစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းများလည်း နိုင်ငံတကာက မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။
“အများဆုံး စိုက်ကြတာကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ အများဆုံးပဲ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေက လူတွေ သိပ်မရောက်နိုင်တဲ့ တောင်တွေဘက်မှာ စိုက်ကြတယ်” ဟု ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေးအဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ထိုဒေသကို မြန်မာနိုင်ငံ အရှေဖျားရှိ မာဖီးယားဒေသဟု တင်စားခေါ်ဝေါ်ကြောင်း ၎င်းက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလုံ၊ လွိုင်လင်၊ ပင်လုံ၊ ဆီဆိုင်၊ ဟိုပုံး၊ ကွန်ဟိန်း၊ ပင်လောင်း၊ လင်းခေး၊ မိုင်းပွန် စသည့် မြို့များတွင် အများဆုံး စိုက်ပျိုးကြကြောင်း ၎င်းကရှင်းပြသည်။
ယင်းသို့ စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး “အဲဒီဘက်မှာက စိုက်ပျိုးမှု အရမ်းမြင့်လာတယ် ဆိုတာတော့ သိတယ်။ တောင်သူတွေက အရင်ကတော့ ဖက်စိုက်တာ များတယ်၊ အခုနောက်ပိုင်း တစ်နိုင်တစ်ပိုင် ဘိန်းစိုက်ပျိုးမှု ရှိလာတယ်” ဟု ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ အတွင်းရေးမှူး ဦးခွန်သောမက်စ်က ဆိုသည်။
မြန်မာနိုင်ငံ အတွင်း၂၀၀၉ ခုနှစ်က ဘိန်းစိမ်း တန်ချိန် ၃၃၀ ထွက်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် တန်ချိန် ၅၈၀ သို့ တိုးမြှင့်လာသည့်အတွက် ဘိန်းထုတ်လုပ်မှု ၇၅ ရာခိုင်နှုန်း တိုးမြှင့်လာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ တိုးမြှင့်လာခြင်းမှာ ဘိန်းစိုက်ပျိုးမှု လုပ်ကိုင်ရာတွင် ဒေသခံများ သာမက တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးတို့မှ စီးပွားဖြစ် လာရောက် စိုက်ပျိုးလေ့ ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“သူတို့ ကိုယ်တိုင်တော့ စိုက်တာ မဟုတ်ဘူး၊ စိုက်ဖို့ကို ငွေကြေး ထုတ်ပေးတာတွေ ရှိတယ်၊ ကိုယ်တိုင် စိုက်ပြီးတော့၊ ကိုယ်တိုင် ရောင်းတဲ့သဘော မလုပ်ဘူး” ဟု ၎င်းကရှင်းပြသည်။
အခြား တောင်ယာ လုပ်ငန်းထွက် သီးနှံများကဲ့သို့ ဈေးကွက်သို့ ပို့ဆောင်စရာ မလိုဘဲ ရရှိလာသော ဘိန်းစိမ်းများကို စိုက်ပျိုးသော နေရာသို့ပင် လာရောက် ဝယ်ယူလေ့ ရှိကြောင်း ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေးအဖွဲ့မှ သိရသည်။
“အများဆုံး ဝယ်တာကတော့ ပြည်မကလာတဲ့ ပွဲစားတွေပဲ။ ဝယ်လက်ကောင်းရင် တစ်ပိဿာကို ရှစ်သိန်းလောက် အထိ ဈေးပေါက်တယ်” ဟု ဆီဆိုင်မြို့နယ်မှ ကိုယ်တိုင် စိုက်ပျိုးသူတစ်ဦးက ဆိုသည်။
ယင်းသို့ စိုက်ပျိုးမှု ရောင်းချမှုများကို အစိုးရ အနေနှင့် သိသော်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နယ်မြေ ကျွမ်းကျင်မှုနှင့် သွားရေးလာရေး ခက်ခဲမှု များကြောင့် ဝင်ရောက် စွက်ဖက်မှုများ အားနည်းကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ အကြံပေး ဦးခွန်စိုင်က ရှင်းလင်း ပြောဆိုသည်။
“စိုက်ပျိုးမှုက လက်နက်ကိုင်တွေက စိုက်တာ မဟုတ်ဘူး၊ သူတို့ နယ်မြေထဲကို လာစိုက်တဲ့ တောင်သူတွေ ဆီကနေ အခွန်ကောက်တာပဲ ရှိတယ်။ တစ်ဧကကို ဘယ်လောက် ဆိုတဲ့နှုန်းနဲ့ ကောက်တယ်” ဟု ၎င်းကရှင်းပြသည်။
ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဘိန်းခင်း ဖျက်ဆီးမှုများ ပြုလုပ်နိုင်ရန်အတွက် ရှမ်းပြည်တောင်ပိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး ဦးခွန်လာက ဆိုသည်။
ယင်းကဲ့သို့
ဘိန်းခင်းများကို ဖျက်ဆီးမှုများ ပြုလုပ်သော်လည်း ဘိန်းအစားထိုး
သီးနှံများမှာ ဈေးကွက် မရှိသောကြောင့် ပြန်လည် စိုက်ပျိုးမှုများ
ရှိကြောင်း ဆီဆိုင်မြို့နယ် အတွင်းမှ တောင်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက
ဆိုသည်။“ရှေ့ကဖျက် နောက်က ပြန်စိုက် ဆိုတာတွေ ဖြစ်လာတယ်” ဟု ၎င်းကဆိုသည်။
၎င်းအပြင် အစားထိုးသီးနှံ စိုက်ပျိုးနိုင်မှု အားနည်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် အောင်မြင်မှု နည်းပါးလျက် ရှိသည်ဟု မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အစားထိုး သီးနှံတွေပေးလည်း ဈေးကွက် မရှိတာနဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် နောက်နှစ် ဘိန်းစိုက်ပျိုးတာကိုပဲ ပြန်လည် လုပ်ကိုင်နေကြတာ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။
တိုင်းရင်းသားများ လက်နက်ကိုင် အုပ်ချုပ်မှုများရှိသော ဒေသများတွင် ဘိန်းခင်းများအား ဖျက်သိမ်းရေးတွင် အဆိုပါ လက်နက်ကိုင်များနှင့် ပူးပေါင်း လုပ်ဆောင်ရေးကို အစိုးရအနေနှင့် အလေးပေး ဆောင်ရွက်သင့်သည်ဟု SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“အခြားသီးနှံ စိုက်ပျိုးရေး အတွက်မှာ အဆင်ပြေအောင် အခွင့်အလမ်းမှ မရှိတာ။ အဲဒီတော့ စားဝတ်နေရေး ပြေလည်အောင် အချိန်သိပ် မကုန်တဲ့ ဘိန်း စိုက်ပျိုးမှုကို လူထုက ရွေးချယ်လာတာ” ဟု ၎င်းကဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု ရပ်တန့်ရေးအတွက် ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၅၀၊ လွိုင်လင်နှင့် ပင်လုံရှိကျေးရွာ ၃၀ တွင်သာ ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် မူးယစ် ဆေးဝါး တားဆီးနှိမ်နှင်းရေး အဖွဲ့နှင့် UNODC တို့က ပံ့ပိုးပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မူးယစ်ဗဟိုဋ္ဌာနက ထုတ်ပြန်ထားသည်။
“၂၀၁၅ မှာ ဘိန်းစိုက်ပျိုးမှု ရပ်တန့်ရေးဟာ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံ ရဲချုပ်က ဝန်ခံထားတယ်။ သူကနောက်ထပ် ငါးနှစ်ထပ်ပြီးတော့ သက်တမ်းတိုးပြီး လုပ်ဖို့ကို ပြောထားတယ်” ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၉၉၄ ခုနှစ်မှ စတင်သည့် ၁၅ နှစ် စီမံကိန်းအတွင်း လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ရှင်းပြသည်။
မည်သို့ပင် ဆိုစေကာမှု မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ဧရိယာမှာ ၂၀၁၁ ခုနှစ်တွင် ၄၃၆၀၀ ဟက်တာမှ ၂၀၁၂ ခုနှစ်မှအတွင်း ၅၁၀၀၀ ဟက်တာထိ မြင့်တက်လျက် ရှိသောကြောင့် အန္တရာယ်ရှိကြောင်း UNODC က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အစိုးရက ဘိန်းခင်းများ ဟန်ပြ ဖျက်ဆီးနေရုံဖြင့် မလုံလောက်ကြောင်း စီမံကိန်း သတ်မှတ်ချိန်အတွင်း အားကောင်းသော အစီအစဉ်များဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် နယ်မြေအချို့၏ လူမှုရေး အခြေအနေများကို သွားရောက် လေ့လာဖူးသူ သတင်းစာဆရာ ဦးနေသန်မောင်က ဆိုသည်။
“အစီအစဉ် ကောင်းကောင်း မရှိဘဲနဲ့ အစိုးရက ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဘိန်းစိုက်ခင်း ဖျက်ဆီးတာတွေကို ဟန်ပြ လုပ်ပေးနေမယ်ဆိုရင် ၂၀၂၀ တင်မကဘူး ၂၀၃၀ လည်း ဘိန်းစိုက်တာ ရပ်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောကြားသည်။
တိုင်းရင်းသား ဒေသများတွင် စားဝတ်နေရေး အဆင်မပြေမှု များကြောင့် ဘိန်းကို အဓိက စိုက်ပျိုးနေခြင်း ဖြစ်သောကြောင့် အခြားအလုပ်အကိုင် အခွင့်အလမ်းနှင့် ဈေးကွက်တစ်ခု ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ ဈေးကွက် ဖန်တီးရန် အခြေအနေကိုလည်း ပြည်တွင်းစစ် မပြီးဆုံးသေးသည့်အတွက် မလုပ်ကိုင်နိုင်ကြောင်း ဆင်ခြေပေးလျှင် ဘိန်းသံသရာမှ လွတ်မြောက်နိုင်ဖွယ် မရှိဟု ဦးနေသန်မောင်က သုံးသပ်သည်။
“ဘိန်းစိုက်ပျိုးရေး ရပ်ဖို့ စက်ရုံတွေ၊ အခြားစီးပွားရေး လုပ်ငန်းတွေ ဖန်တီးပေးမှ ရပ်နိုင်မယ်၊ အဲဒါကလည်း ပြည်တွင်း ငြိမ်းချမ်းရေးရမှ လုပ်နိုင်မှာ” ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မည်သို့ပင်ဆိုစေ အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေး စီမံချက်ကို နောက်ထပ် ငါးနှစ်သက်တမ်း ထပ်တိုးမည် ဖြစ်ရာ မြန်မာပြည် အရှေ့ဖျားက မာဖီးယား ဒေသသည်လည်း ဆက်လက် သက်တမ်း ရှည်နေဦးမည်လား ဆိုသည်မှာ စောင့်ကြည့် ရဦးမည် ဖြစ်သည်။
BY THE VOICE

No comments:
Post a Comment