Sunday, December 22, 2013

သူ့အုပ်စုနဲ့သူ အဖြေတူပါရဲ့လား

သူ့အုပ်စုနဲ့သူ ကိုယ့်အုပ်စုနဲ့ကိုယ်။ ဘယ်လိုပင်ရှိရှိ၊ အဓိက အဖြေတူဖို့ လိုပါသည်။ သို့သော် ထိုအဖြေက မည်သို့သောအဖြေ ဖြစ်သင့်ပါသနည်း။ စာရေးသူ စိတ်ဝင်စားမိပါသည်။ ဆက်စပ်စဉ်းစား တွေးတောနေမိပါသည်။ အဖြေတူသည် ဆိုသော်လည်း ထိုအဖြေသည် မှားသောအဖြေ ဖြစ်နေပါက အုပ်စုလည်းကွဲ၊ အဖြေလည်းမှား၊ ကိုယ်ကျိုးနည်း
ဒုက္ခရောက်ကြမည်သာ ဖြစ်ပါသည်။
စာရေးသူ မုံရွာမြို့တွင် နေပါသည်။ မုံရွာမြို့ရှိ လမ်းမများထက်တွင် စိတ်ဝင်စားစရာ များစွာရှိနေပါသည်။ ထိုများစွာထဲကမှ ပို၍စိတ်ဝင်စားမိသည်က အမှိုက်ပုံများ ဖြစ်ပါသည်။ လမ်းကြိုလမ်းကြား၊ လမ်းမများမကျန် အမှိုက်ပုံသေးသေး၊ ကြီးကြီးများက ရှိနေတတ်ပါသည်။ ထိုအမှိုက်ပုံများကို မှီခိုနေရသော မိသားစုများသည် သူ့အုပ်စုနဲ့သူ ရှိနေသည့် အုပ်စုတစ်စု ဖြစ်ပါသည်။ ဒီနှစ်ပိုင်းအတွင်း အမှိုက်ပုံများကို မှီခိုနေရသော မိသားစု အရေအတွက်သည် ပို၍ပို၍ များလာသည်ဟု ဆိုချင်ပါသည်။ အမှိုက်ပုံတိုင်းလိုလို သူတို့ရောက်ကြသည်။ ပြန်လည်ရောင်းချ၍ရသည့် အမှိုက်မှန်သမျှ သူတို့ရှာဖွေ၊ မွှေနှောက်ကောက်ယူ သယ်ဆောင်ကြသည်။ တစ်ယောက်ချင်းစီ အမှိုက်ရှာဖွေသည်လည်း ရှိသည်။ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ ရှာဖွေသည်လည်း ရှိသည်။ အချို့က မိသားစုလိုက် ရှာဖွေကြသည်။ ငါးနှစ်အောက် ကလေးငယ် နှစ်ယောက်တွဲ၊ သုံးယောက်တွဲများကိုတောင် လူကြီးအဖော်မပါဘဲ လမ်းတွေပေါ်မှာ နေ့စဉ်တွေ့နေရပါသည်။
မုံရွာ ကျောက်ကာလမ်းပေါ်မှ အဓိက အမှိုက်ပုံနေရာများဖြစ်သည့် ဒေါင်းကျောင်းတိုက် အရှေ့နှင့် ရန်ကင်းကျောင်းတိုက် အရှေ့ရှိ အမှိုက်ပုံများတွင် ညနေစောင်းအချိန်မှစကာ အမှိုက်ရှာဖွေသူများ အလုပ်စလုပ်နေသည်ကို တွေ့ရပါသည်။ လာပစ်သမျှ အမှိုက်တွေကို တစ်ညလုံးစောင့်ကာ စုဆောင်းကြခြင်း ဖြစ်ပါသည်။ မိဘများ အမှိုက်ရှာထွက်လာတော့ နို့စို့အရွယ်၊ ထိုင်နိုင်ခါစအရွယ် ကလေးများသည်လည်း အမှိုက်ပုံများအကြားမှာ တွေ့နေရသည့်အခါ မသက်မသာ ရှိလှပါသည်။ သူတို့အုပ်စုအတွက် သူတို့ရရှိထားသော အဖြေသည် မည်သို့ရှိပါသနည်း။ အဖြေမှန်၏၊ မမှန်၏ ဆုံးဖြတ်စဉ်းစားကြရန်မှာ အားလုံးတွင် တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။ ဒီလိုမြင်ကွင်း၊ ဒီလိုအနေအထားမျိုးကို မြို့တိုင်း၊ ဒေသတိုင်းမှာ တွေ့ရနိုင်ပါသည်။
မြန်မာ့ကျေးလက်တွင် အများအပြား တွေ့ရနိုင်သည့် ဆင်းရဲသား တောင်သူလယ်သမားများ၊ မြို့ပြများတွင် တွေ့ရနိုင်သည့် ဆင်းရဲသား လက်လုပ်လက်စားများသည်လည်း အုပ်စုတစ်စု ဖြစ်ပါသည်။ အချို့အချို့အတွက် နေ့ဖို့ညစာရအောင်ပင် မနည်းရုန်းကန် နေကြရပါသည်။ နောင်ရေးအတွက် စိတ်အေးစရာ၊ မျှော်လင့်အားကိုးစရာ နတ္ထိဟု ဆိုနိုင်ပါသည်။ သူတို့အတွက် အကာအကွယ်ပေးမှု၊ စောင့်ရှောက်မှု၊ အသိပညာ မြှင့်တင်ပေးမှု အားနည်းနေသေးသည်ဟု ထင်ပါသည်။ သူတို့အုပ်စုအတွက် သူတို့ကြုံတွေ့နေရသော အဖြေသည်လည်းေ၀၀ါးထွေပြားနေဆဲ ဖြစ်ပါသည်။
ဒေသအနှံ့ ရှိနေပြီဖြစ်သည့် လူမှုရေး အသင်းများသည်လည်း ကိုယ့်အားကိုယ်ကိုး၍ သော်လည်းကောင်း၊ အမာခံ စေတနာရှင်များ၏ လှူဒါန်းထောက်ပံ့မှုဖြင့်သော် လည်းကောင်း ရပ်တည်နေကြရပါသည်။ သူတို့၏ အကျိုးပြုမှုကို ပြည်သူအများစု ရရှိနေကြပြီ ဖြစ်ပါသည်။ သို့ရာတွင် သူတို့တွင်လည်း လက်ရှိလှုပ်ရှား ဆောင်ရွက်ရမှု အပိုင်းနှင့် ရေရှည်ရှင်သန် ခိုင်မာရေးများအတွက် အခက်အခဲ၊ အတားအဆီးများ ရှိနေဆဲ ဖြစ်ပါသည်။ အစိုးရက ကြီးကြပ်စီမံ လုပ်ကိုင်ပေးမှု မရှိ၍ ပြည်သူများ စုပေါင်းတည်ထောင်ကြရသည် ဖြစ်သောကြောင့် အတိုင်းအတာ တစ်ခုအထိ အဖြေထွက်နေပြီ ဖြစ်သော်လည်း လာမည့်အနာဂတ်များစွာအတွက်မူ မှန်ကန်တိကျသည့်အဖြေ မဟုတ်သေးဟု ဆိုချင်ပါသည်။
ထိုနည်းတူ စေတနာ သင်တန်းကျောင်းများ၊ အခမဲ့ ဘုန်းတော်ကြီးသင် အခြေခံ ပညာကျောင်းများ တိုးပွားလာခြင်းသည် မှီခိုသူ မိသားစု၊ ၀င်ငွေနည်းမိသားစုမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကောင်းသည်ဟု ပြောနိုင်ပါသည်။ သို့သော် အခြေခံအဆောက်အအုံနှင့် အဆောက်အဦများ၊ သင်ထောက်ကူများ၊ ဆရာ၊ ဆရာမများ စသည်ဖြင့် မပြည့်စုံမှု လိုအပ်ချက် အများအပြား ရှိနေဆဲ ဖြစ်ပါသည်။ အစိုးရ၏ အခြေခံနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍနှစ်ရပ်လုံးတွင်လည်း လူသားအရင်းအမြစ် များစွာသည် စမ်းသပ်မှုများ၊ ပြုပြင်ပြောင်းလဲမှုများဖြင့် ရင်ဆိုင်နေကြရဆဲ ဖြစ်ပါသည်။ ထိုကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက်လည်း နှစ်ရှည်စီမံကိန်းဝင် နှစ်ပေါင်းများစွာ ကြာသည်အထိ ပုံမှန်အာမခံချက်ရှိသော အဖြေမထွက်သေးသည်မှာ စဉ်းစားစရာ တစ်ရပ်ဟု ရှုမြင်မိပါသည်။
အချို့အချို့သော ၀င်ငွေအလွယ်ရသူများ၊ ၀င်ငွေပေါများသူများက အကောင်းစားကားများ၊ အကောင်းစား အစာများဖြင့် ပျော်ရွှင်ကျေနပ်ကြသည်။ သူတို့အတွက် သူတို့ရရှိထားသော အဖြေသည် မှန်သည်ဟု လက်ခံထားကြသည်။ အချို့အချို့သော ရာထူးအာဏာ ရထားသူများကလည်း လုပ်ပိုင်ခွင့် အမျိုးမျိုး၊ လက်တစ်လုံးခြား လှည့်ပတ်နည်း အမျိုးမျိုးဖြင့် ဘ၀စားဝတ်နေရေး ကိစ္စများကို သက်သောင့်သက်သာ ဖြေရှင်းနိုင်ကြသဖြင့် သူတို့ရရှိထားသော အဖြေအတွက် အားရကြသည်။ ၀င်ငွေအလွယ်ရသူက တစ်ဦးတည်း ဖြစ်သော်လည်း ထိုသူ၏ အနောက်တွင် ပေါင်းဖက်လက်တွဲ မှီခိုသူဦးရေမှာ များစွာရှိနေတတ်ပါသည်။ ရာထူးအာဏာ ရထားသူက တစ်ဦးတည်း ဖြစ်သော်လည်း ထိုသူနှင့် ချိတ်ဆက်၍ အဆွယ်အပွား လုပ်စားနေသူ ဦးရေမှာလည်း မြင့်တက်လျက်ရှိပါသည်။ သူတို့အားလုံးသည် သူတို့အုပ်စု၏ အဖြေအတွက် မှန်သည်ဟု ၀ိုင်းဝန်းထောက်ခံသူများဟု ယူဆနိုင်ပါသည်။
နိုင်ငံရေး နယ်ပယ်တွင်လည်း ယုံကြည်ရာ စွဲကိုင်ထားသည့် ပါတီများ၊ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသားအရေးကို အခြေခံထားသည့် လူမှုအဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ လိုလားသူများ၊ တပ်မတော် လိုလားသူများ စသည်ဖြင့် သူ့အုပ်စုနှင့်သူ ရှိနေဆဲဖြစ်ပါသည်။ မည်သည့်အုပ်စုက မည်သည့်အရာသို့ ဦးတည်နေသနည်း ဆိုသည်ကို သုံးသပ်ကြဖို့ လိုသည်ဟု ထင်ပါသည်။
ပညာတတ် အုပ်စုတချို့၏ လွဲမှားသော လမ်းပြမှုများကြောင့် ပညာမဲ့အုပ်စုဝင် အရေအတွက် အဆတိုးလာခဲ့ရသည်။ ဆိုင်ရာဆိုင်ရာ အာဏာရှင်အုပ်စုတချို့၏ ဘက်လိုက်မှု၊ တရားမသိမှုများကြောင့် အခြေခံပြည်သူအုပ်စုမှာ နစ်နာဆုံးရှုံးမှုများကို ခါးစည်းခံနေကြရသည်။ ကိုယ့်အတွက်၊ ကိုယ့်အုပ်စုအတွက် အနေဟန်သဖြင့် အဖြေမှန်ဟု စွဲကိုင်လျက် ပြည်သူကို ထည့်မတွက် သူအုပ်စုများကြောင့် တိုင်းပြည်သည် နာလန်မထူနိုင် ဖြစ်ခဲ့ရသည်။ ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် အုပ်စုတွေလည်း ရှိနေဆဲဖြစ်သည်။ တိုင်းပြည်အတွက်ဟုဆိုကာ ထင်ရာစိုင်းနေကြသည့် အုပ်စုတွေလည်း ရှိနေဆဲဖြစ်သည်။ ယုံကြည်ချက်အတွက်ဟုဆိုကာ ပြည်သူကို ညာစား၊ နိုင်ငံတကာကို လှည့်ဖြားကြသည့် အုပ်စုတွေလည်း ရှိနေဆဲဖြစ်သည်။ ထိုအုပ်စုတွေအကြားမှာ ဒုက္ခသည်စခန်းတွေ၊ ဒုက္ခသည်ဦးရေ အမည်ပေါက်အုပ်စုဝင်တွေ ပေါ်ပေါက်လာခဲ့ရသည်။ ကိုယ့်အုပ်စုနဲ့ကိုယ်၊ သူ့အုပ်စုနဲ့သူ လက်ရှိအဖြေများအတိုင်း သဘောကျလျက် ခရီးဆက်နေကြပါက ကောင်းမွန်သော အဖြေတူပန်းတိုင်သို့ ရောက်လိမ့်မည် မဟုတ်ဟု ဆိုချင်ပါသည်။
သူ့အုပ်စုနဲ့သူ အဖြေတစ်ခုစီ ရှိနေကြသော်လည်း အားလုံးအတွက်၊ တစ်နိုင်ငံလုံးအတွက် တစ်မျိုးသားလုံးအတွက် နှစ်ခြိုက်စိတ်ချဖွယ်ဖြစ်သော၊ လုံခြုံနွေးထွေးဖွယ်ဖြစ်သော၊ အနာဂတ် မျိုးဆက်အတွက် တည်တံ့ခိုင်မာသော အဖြေများ မဟုတ်သေးဟူသည့် တူညီသည့် အချက်ကိုသာ တွေ့နေရပါသေးသည်။ အမှန်မှာ ညီညွတ်သော၊ မျှတသော၊ ၀င့်ကြွားဂုဏ်ယူနိုင်ဖွယ်ဖြစ်သော၊ သာယာအေးချမ်းသော နိုင်ငံတစ်နိုင်ငံအဖြစ် တက်လှမ်းရောက်ရှိရေးသည်သာ အားလုံးအရေးစိုက် ကြိုးပမ်းကြရမည့်၊ တူညီသော ရည်မှန်းချက်ဖြစ်ရမည့် အဖြေဟု ဆိုလိုက်ချင်ပါသည်။

Written by လွင်ချန်ဖြိုး (နတ်မောက်)  
eleven

No comments:

Post a Comment