ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအပါအ၀င်၊
တခြားနိုဘယ်လ်ဆုတွေကို နိုဘယ်လ်ဆု ကို ဖန်တီးသူနဲ့
ဒိုင်းနမိုက်ပညာရှင် အဲဖရက် နိုဘယ်လ်
ကွယ်လွန်ခဲ့တဲ့နေ့စွဲဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ
ချီးမြှင့်ပါတယ်။
ဆွီဒင်နိုင်ငံရဲ့ မြို့တော် စတော့ဟုမ်းက
တော်ဝင်အခမ်းအနားမှာ
ရူပဗေဒ၊ ဓာတုဗေဒ၊ စီးပွားရေး၊ ဆေးဘက်ဆိုင်ရာနဲ့ စာပေဆိုင်ရာ နိုဘယ်လ်ဆုတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့က ချီးမြှင့်ပေးနေတာ ဖြစ်ပါတယ်။
နိုဘယ်လ်ဆုရှင်တွေကို ဆွီဒင်ဘုရင် ၁၆ ဆက်မြောက် ကားလ်ဂူစတက်ပ်က ပေးအပ်ပါ တယ်။
ဒီနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင်ဖြစ်တဲ့ ကနေဒါ စာရေးဆရာ အဲလစ် မန်ရိုကတော့ ကျန်းမာရေးမကောင်းလို့ ဆုကို ကိုယ်တိုင် တက်ရောက် မယူနိုင်ခဲ့ပါဘူး။
ကျန်တဲ့ နိုဘယ်လ်ဆုရှင် ၁၁ ယောက်ကတော့ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၂၅ သန်းတန် ဆုတွေကို ကိုယ်တိုင် တက်ရောက် လက်ခံခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုတော့ နော်ဝေနိုင်ငံရဲ့မြို့တော် အော်စလိုမှာ ချီးမြှင့်ပေးတာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုတော့ ဓာတုလက်နက်တွေတားဆီးရေး အဖွဲ့အစည်းဖြစ်တဲ့ OPCW က ရရှိတာ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်အတွင်း စစ်မြေပြင်မှာ ဓာတုလက်နက်တွေကို ဖယ်ရှားဖို့ အားထုတ်ချက်တွေ အတွက် ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
ဩဂုတ်လထဲမှာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နားမှာ ဆာရင်းအဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် OPCW အဖွဲ့က ပညာရှင်တွေကို ဆီးရီးယားနိုင်ငံတွင်း စေလွှတ်ပြီး ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်ကမှ စတင် ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့ဟာ ရန်ပုံငွေ နည်းနည်းနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းငယ်လေး ဖြစ်ပါတယ်။
OPCW ရဲ့ ခေါင်းဆောင်ကတော့ ဒီဆုဟာ ငြိမ်းချမ်းရေးအားထုတ်မှုနဲ့ လက်နက်ဖြုတ်သိမ်းမှု တွေ လုပ်ဖို့ တခြားသူတွေကိုပါ အားပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
by dvb

No comments:
Post a Comment