Sunday, December 8, 2013

သုံးဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ မြန်မာ




မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့  ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာလ ၇ရက် ညနေ ၆နာရီ ၄၅မိနစ်မှ စတင်ကာ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ၃ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားပြီဖြစ်သည်။
ပထမပိုင်းအပြီးတွင် မြန်မာအသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ပြီး မြန်မာအသင်းအတွက် အဖွင့်ဂိုးကိုနောက်ခံလူ ဇော်မင်းထွန်းက ဂိုးသမားဘယ်ဘက် ထောင့်ကျဉ်းထဲသို့ ပထမပိုင်း ပွဲချိန် ၁၆မိနစ်တွင် ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယ ဦးဆောင်ဂိုးကို ညာတောင်ပံမှ ကြည်လင်းထောင်ပေးရာကို တိုက်စစ်မှူး ကျော်ကိုကိုက ပွဲချိန် ၃၄မိနစ်တွင် အပိုင်ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်း ပွဲအစ ၄၆မိနစ်တွင် ကမ္ဘောဒီးယားအသင်း နောက်ခံလူများ အထနှေးသည်ကို အခွင့်ကောင်းယူကာ  မြန်မာအသင်းမှ ကျောနံပါတ် ၁၀ ကျော်ကိုကိုကပင် တတိယမြောက်ဂိုးကိုထပ်မံ သွင်းနိုင်ခဲ့သည်။ အဆိုပါဂိုးကို ကြည်လင်းနေရာတွင် လူစားဝင်လာသည့် သိန်းသန်းဝင်းက ကမ္ဘောဒီးယားနောက်ခံလူ နှစ်ဦးကြားက ဖြတ်ထိုးပေးခြင်းကို တိုက်စစ်မှူး ကျော်ကိုကိုက အပိုင်ပိတ်သွင်း ယူပေးခဲ့ခြင်းဖြစ်သည်။
ယနေ့(ဒီဇင်ဘာ ၇ရက်)ပွဲတွင် တိုက်စစ်မှူးကျော်ကိုကိုက တိုက်စစ်ပိုင်းတွင် အကောင်းမွန်ဆုံး အဆုံးသတ် ဂိုးများ သွင်းပေးနေသလို လိုအပ်လျှင် ခံစစ်ဇုန်အထိ ဆင်းကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းကို တွေ့ရသည်။
မြန်မာအသင်းကို သုံးဂိုးပေးထားသည့် ကမ္ဘောဒီးယားအသင်းအနေဖြင့်လည်း အားလျော့သွားခြင်း မရှိဘဲ တစ်ချက်တစ်ချက်၌ တန်ပြန်တိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်း ပြီးခါနီးတွင် မြန်မာအသင်း အပိုင်အခွင့်အရေးတစ်ချို့ ရခဲ့သော်လည်း ဂိုးအဖြစ် ဖန်တီးနိုင်ခြင်းမရှိခဲ့ပေ။ ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ၃-၀ဂိုးနှင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရာမှာ ရရှိသည့် သုံးဂိုးအနက် နှစ်ဂိုးသည် ခေါင်းတိုက်သွင်းကာ အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာ- ကမ္ဘောဒီးယား ဘောလုံးပြိုင်ပွဲသို့ ပရိတ်သတ်ပေါင်း ၂၆,၀၀၀ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ဒီဇင်ဘာလ ၇ရက် ညနေတွင်ပင် Temor Leste (အရှေ့တီမော)အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက အရှေ့တီမောအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သေးသည်။

No comments:

Post a Comment