၂၀၁၃ခုနှစ် အရှေတောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းလ်)ကို ဒီဇင်ဘာလဆန်း
ပိုင်းကစပြီး မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာမှာ ပြိုင်ပွဲအရပ်ရပ်
ပြီးဆုံးတဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာတော့ ရွှေတံဆိပ် ၈၆ ခု ရရှိပြီး
နိုင်ငံအလိုက် ဒုတိယအဆင့်နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။
မြန်မာ့ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့တွေ ရရှိတဲ့
ရွှေတံဆိပ်တွေကို ကြည့်ပြီး မြန်မာ့အားကစား အဆင့်အတန်း တိုးတက်လာပြီးလို့
ပြောလို့ မရကြောင်း ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က
သုံးသပ်ပြောကြားလိုက်ပါတယ်၊
ရိုးရာအားကစားနည်းတွေနဲ့ အိမ်ရှင်နိုင်ငံတိုင်းက ရွှေတံဆိပ်တွေ
ရယူနေကြတဲ့ အကျင့်ဆိုးကြီးဟာ အရှေတောင်အာရှနိုင်ငံတိုင်းမှာ
စွဲကပ်နေပြီးလို့လဲ ပြောပါတယ်။
“ရွှေတံဆိပ်တွေနဲ့ ဒုတိယရတာလည်း ၀မ်းသာတယ်။ ဒါပေမယ့် အားကစား
အတွေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီလို ရိုးရာအားကစားနည်းတွေ အများစုက ရတဲ့
ရွှေတံဆိပ်တွေဟာ နိုင်ငံရဲ့ အားကစားအဆင့်အတန်း တိုးတက်တယ်လို့
မပြောနိုင်ဘူး။ ကျနော်တော့ မပြောချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ
ရိုးရာအားကစားနည်းတွေနဲ့ အိမ်ရှင်နိုင်ငံတိုင်းက ရွှေတံဆိပ်တွေ အများကြီး
ရယူနေတဲ့ အကျင့်ဆိုးကြီးက အရှေ့တောင်အာရှ နိုင်ငံတိုင်းမှာ စွဲကပ်နေကြတယ်။
ဒါက ကျနော်တို့ တနိုင်ငံတည်း မဟုတ်ပါဘူး။ အင်ဒိုနီးရှားမှာတုန်းက
ဒီလိုပါပဲ၊ ဖိလစ်ပိုင်မှာတုန်းက ဒီလိုပါပဲ စသဖြင့်ပေါ့ဗျာ။ ဒီလို ရိုးရာ
အမည်ခံတဲ့ အားကစားနည်းတွေဟာ ရှိသင့် ရှိထိုက်တယ်။ ဥပမာ –
ရိုးရာလှေလှော်ပြိုင်ပွဲတို့ စစ်တုရင်ပွဲတို့က ရှိသင့် ရှိထိုက်တဲ့
ဟာတွေပေါ့။ တချို့ အားကစားနည်းတွေက မြန်မာပြည်မှာတောင် မရှိဘူး။ ဥပမာ –
ပင်တက်ခ်တို့ ဘာတို့ပေါ့။ အဲဒီက ရတဲ့ ရွှေတံဆိပ်တွေဟာ နိုင်ငံတကာ
အားကစားနည်းတွေ ရတဲ့ဟာနဲ့ မနှိုင်းယှဉ်အပ်ဘူးလို့ ထင်ပါတယ်။”
နိုင်ငံတကာအားကစားနည်းတွေဖြစ်တဲ့ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊
ဘောလီဘော၊ ဘတ်စကက်ဘောစတဲ့ အားကစားနည်းတွေမှာ မြန်မာအားကစားအဖွဲ ရွှေတံဆိပ်
မရတာဟာလည်း မြန်မာ့အားကစား တိုးတက်မှု မရှိသေးတာကို
ဖော်ထုတ်ပြသနေတာပဲလို့လည်း ဦးခင်မောင်ထွေးက ပြောပါတယ်။
မြန်မာ့ဆီးဂိမ်းပြိုင်ပွဲ အရပ်ရပ်မှာ ရိုးရာအားကစားနည်းတွေနဲ့
ရွှေတံဆိပ်တွေ ရရှိခဲ့မှန်ပေမယ့် အရင် ရွှေမရဘူးတဲ့ တခြားအားကစားနည်းတွေမှာ
ရွှေတံဆိပ်တွေ ရရှိလာတာမျိုးလဲ ရှိပါတယ်လို့ နေပြည်တော်အားကစားပွဲတွေမှာ
သတင်းယူနေတဲ့ အားကစားကလောင်ရှင် ဦးစိုးညီက ပြောပါတယ်။
“ဒီ ရိုးရာအားကစားနည်းတွေ ထည့်လို့ ရွှေရတယ်ဆိုတာကတော့ အတိုင်းအတာတခုအထိ
မှန်ပါတယ်။ ဒါက အိမ်ရှင်တွေရဲ့ အခွင့်အရေးပေါ့။
အိမ်ရှင်လုပ်ခွင့်ရတဲ့အချိန်တွေမှာ ထည့်တယ်။ အဲဒီအတွက် သူတို့ ရွှေရတယ်။
ဒါပေမယ့် မြန်မာက ရွှေ ၈၆ ခု ရတယ်ဆိုတာ ရိုးရာ အားကစားနည်း ထည့်လို့
တခုတည်းတော့ မဟုတ်ပါဘူး။ ဥပမာ ပြောရရင် မြန်မာ့ရိုးရာ ခြင်းလုံးက ရတာက ရွှေ ၆
ခုပဲ ရှိပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင်က ရွှေရတာ ၃ ခု လောက်ပဲ ရှိတယ်။
အဲဒီတော့ ၂ ခုပေါင်းမှ ၁၀ ခု မကျော်ပါဘူး။ မြန်မာ့ရိုးရာ လှေပြိုင်ပွဲကို
ထည့်လို့ မရပါဘူး။ အခုပါတဲ့ ရိုးရာလှေဆိုတာ ဟိုးအရင်ကတည်းက စင်ကာပူက
စခဲ့တဲ့ နဂါးလှေပါ။ အဲဒီမှာ ကျနော်တို့ ရွှေ ၁၄ ခု ရခဲ့တယ်။ ဒါက မြန်မာ
အိမ်ရှင်လုပ်လို့ ရတဲ့ ရွှေ မဟုတ်ပါဘူး။ အရင် ဆီးဂိမ်းတွေမှာလည်း ပါတဲ့
အားကစားနည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာက
အိမ်ရှင်ဖြစ်တဲ့အတွက် အရင် တခါမှ ရွှေမရခဲ့တဲ့ ကရာတေးလို အားကစားနည်းတွေ
ပန်ကျပ်စီလက်လို့ အားကစားနည်းတွေ နဘန်းလို အားကစားနည်းမှာ ရွှေ ရလာတယ်။ ဒါက
အိမ်ရှင် ဖြစ်တဲ့အတွက် ၂ နှစ်လောက် အချိန်ယူပြီး လေ့ကျင့်တယ်။
နောက်ပြီးတော့ ကိုယ့်မြေ ကိုယ့်ရေမှာ ပြိုင်ရတဲ့အတွက် အစားအသောက်၊
အနေအထိုင်ကအစ သူများဆီမှာ သွားပြိုင်ရတာထက် သာတယ်။ အဲဒီအတွက်
အောင်မြင်မှုတွေ ရတယ်။ အဲဒီလိုပဲ ကျနော် မြင်တယ်။ ရိုးရာကြောင့်တော့
ရွှေတွေရတာ မဟုတ်ဘူး။ အိမ်ရှင်ဖြစ်တဲ့အတွက် ကျနော်တို့ ပြင်ဆင်မှု
ပိုကောင်းတယ်။ အစစ အရာရာမှာ အရင်ပြိုင်ပွဲတွေထက် ပိုကောင်းခဲ့တဲ့အတွက်
ရွှေတွေ ပိုရတာလို့ ကျနော်ထင်ပါတယ်။”
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းနိုင်ငံအားကစားအဖွဲ့က ရွှေတံဆိပ် ၁၀၀
ကျော်နဲ့ နိုင်ငံ အလိုက် ပထမ၊ အိမ်ရှင် မြန်မာက ၈၀ ကျော်နဲ့ ဒုတိယ၊
ဗီယက်နမ်က ၇၀ ကျော်နဲ့ တတိယ၊ အင်ဒိုနီးရှားက ၆၀ ကျော်နဲ့ စတုတ္ထအသီးသီး
ရရှိခဲ့ကြပါတယ်။
ပြိုင်ပွဲဝင်အားကစားသမားအင်အားအနေနဲ့ ထိုင်းနိုင်ငံက အားကစားသမားအင်အား ၁
ထောင်ကျော်နဲ့ အများဆုံး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သူ့နောက်မှာ မြန်မာက
၉၀၀ကျော်၊ အင်ဒိုနီးရှားက ၉၀၀ လောက်နဲ့ တတိယ အင်အားအများဆုံး
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၅ ဆီးဂိမ်းကို စင်ကာပူနိုင်ငံက ကျင်းပဖို့ ရှိပြီး ပြီးခဲ့တဲ့
၂၀၁၁ ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ မြန်မာအားကစားအသင်းဟာ ရွှေတံဆိပ် ၁၆
ခုနဲ့ နိုင်ငံအလိုက် အဆင့် ၇ မှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
by dvb

No comments:
Post a Comment