Saturday, December 28, 2013

စီးတီးမတ်ဂိုဒေါင် အပါအဝင် တိုင်ကြားမှုငါးခု မိုဘိုင်းလ်တင်းက တရားစွဲဆို

စီးတီးမတ်ပိုင် ဂိုဒေါင်အပါအဝင် တရားမဝင် ကုန်သွယ်မှု ငါးခုကို စစ်ဆေးတဲ့ အခါ တရားမဝင် ကုန်သွယ်မှုအဖြစ် စစ်ဆေးတွေ့ရှိတဲ့အတွက် မိုဘိုင်းတင်း အဖွဲ့က ပို့ကုန်၊ သွင်းကုန်ဥပဒေ ၂၀၁၂ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါ တယ်။

“စီးတီမတ်ပိုင် ဂိုဒေါင်နဲ့ ကျန်ဂိုဒေါင်တွေမှာ တရားမဝင် ကုန်သွယ်မှုတွေ လုပ်နေတယ်ဆိုပြီး တိုင်ကြားလာတဲ့အတွက် သွားရောက် စစ်ဆေးခဲ့တယ်၊ သွားစစ်တဲ့အခါမှာ ကန့်သတ်ကုန်ဖြစ်တဲ့ အရက်၊ ဘီယာ၊ ဝိုင်နဲ့ စားသောက် ကုန်တွေကို သိုလှောင်ထားတာ တွေ့ရတယ်” လို့ တရားမဝင် ကုန်သွယ်မှု တားဆီးရေးအဖွဲ့ (ဗဟို)ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က စီးတီးမတ် ဈေးဝယ်စင်တာ ဂိုဒေါင်ထဲကနေ စစ်ဆေး တွေ့ရှိတဲ့ နိုင်ငံခြားအရက် ၁၂၉၇ ပုလင်း၊ ဝိုင် ၈၇၅၇၈ ပုလင်း၊ စုစုပေါင်း တန်ဖိုး ကျပ်သိန်းငါးထောင့်ခုနှစ်ရာတို့ သွင်းကုန်(မူရင်း)လိုင်စင် မပြနိုင်တဲ့ အတွက် ပို့ကုန်သွင်းကုန် ဥပဒေ ၂၀၁၂ ပုဒ်မ(၈)နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်က အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းမှာ ဒိုင်နာကားတစ်စီးပေါ်ကနေ နိုင်ငံခြားဖြစ် အရက်ပုလင်း ၂၁၆၀ လုံးကို တရားမဝင် ကုန်သွယ်မှုအဖြစ် တွေ့ရတဲ့အတွက် မိုဘိုင်းလ်တင်း အဖွဲ့က တရားစွဲဆိုထားတယ်လို့ သိရတယ်။
လှိုင်သာယာမြို့နယ် ဘုရင့်နောင်လမ်းသွယ်(၁)က ဂိုဒေါင်တစ်လုံးမှာ ဝိုင်ပုလင်း ၃၀၀၀၀ ကျော်နဲ့ ဘီယာပုလင်း ၂၄၀၀ တွေ့ရှိတဲ့အတွက် ပို့ကုန်သွင်းကုန် ၂၀၁၂ ပုဒ်မ(၈)နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၂)က ဂိုဒေါင်တစ်ခုမှာ ဘီယာနဲ့ အချိုရည် ၁၈၉၈ ဖာကို စစ်ဆေးတွေ့ရှိတဲ့အတွက် သွင်းကုန်ဥပဒေ ၂၀၁၂ ပုဒ်မ(၈)နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ကားဝင်းအတွင်း ဂိုဒေါင်တစ်ခုမှာ အရက်ဘီယာနဲ့ အချိုရည် ၂၅၆၁ ဖာကို တရားမဝင် ကုန်သွယ်မှုအဖြစ် စစ်ဆေးတွေ့ရှိတဲ့အတွက် ပို့ကုန်သွင်းကုန် ဥပဒေ ၂၀၁၂ ပုဒ်မ(၈/၁၀)နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
ဒေါပုံမြို့နယ်က ဂိုဒေါင်တစ်ခုမှာ တင်သွင်းခွင့်မပြုတဲ့ ပြည်ပနိုင်ငံထုတ် ဝီစကီပုလင်း ၈၉၇၄၈ လုံး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ပုဒ်မ (၈/၁၀)နဲ့ ပို့ကုန်သွင်းကုန် ဥပဒေ ၂၀၁၂ နဲ့ အရေးယူထားတယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထား ပါသည်။ ”

No comments:

Post a Comment