မန္တလေးတိုင်း၊ မိတ္ထီလာမြို့ စစ်တပ်ပိုင် အင်းဝဘဏ်မှာ ဒီဇင်ဘာ ၁၇ ရက်မနက်က
ဗိုလ်ကြီးအဆင့်ရှိ တပ်မတော် အရာရှိတဦး ဓားကိုင် ၀င်ရောက်လာပြီး
အနုကြမ်းစီး လုယက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊
ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထား ပါတယ်။
အနုကြမ်းစီးသူက
ဘဏ်မန်နေဂျာ ဒေါ်မိမိယဉ်ကို ဓားနဲ့ထောက်ပြီး ဘဏ်ကောင်တာမှာ ရှိတဲ့ ငွေတွေကို
ကျောပိုးအိတ်ထဲ ထဲ့ခိုင်းရာမှာ ဘဏ်ဝန်ထမ်းတွေက ကောင်တာမှာ ပိုက်ဆံမရှိလို့
ငြိမ်နေကြတုန်း ဓားကို ကောင်တာပေါ် လှမ်းတင်ထားခိုက် မန်နေဂျာက ဓားကို
တွန်းချ အော်ဟစ် အကူအညီတောင်းတဲ့အတွက် လုံခြုံရေးဝန်ထမ်းတွေ ရောက်လာပြီး
ဖမ်းဆီး ရဲစခန်းကို ခေါ်ဆောင်သွားနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အနုကြမ်းစီး
လုယက်သူဟာ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း၊ ကန့်ဘလူမှ ဗိုလ်ကြီး အဆင့်ရှိ
ဝေယံမျိုးကျော် အသက် ( ၂၆ ) နှစ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခင်းဖြစ်နေရာကို
သွားရောက်ကြည့်ရှုခဲ့တဲ့ မိတ္ထီလာမြို့၊ သုခ သမဂ္ဂီအဖွဲ့ဝင် ဦးခင်နန်း က
“ဘဏ်ထဲကို ဓားတချောင်းတည်းနဲ့ ၀င်လုတယ်။ လုတော့ ဘဏ်ထဲက ဘဏ်စာရေးမတွေက
အော်တာပေါ့။ ဆိုင်ကယ် ကယ်ရီသမားတွေ ဘဏ်ထဲ ၀င်သွားတယ်။ နောက် ရဲနဲ့
နပန်းလုံးပြီး ၀င်ဖမ်းလိုက်တော့ ဓားတချောင်းတည်းနဲ့ ၀င်လုတယ်ပြောတယ်။ အခု
အမှတ် ၂ ရဲစခန်းမှာ တရားခံကို ဖမ်းထားတယ်။ တရားခံကို ကြိုးနဲ့တုပ်
ခေါင်းစွပ်စွပ်ပြီး ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ အမှတ် ၂ ရဲစခန်းရှေ့မှာ
သတင်းထောက်တွေ စောင့်နေတယ်။ ဘယ်သူမှ ၀င်ခွင့်မပေးဘူး။ မေးတာလည်း မဖြေဘူး”
လို့ ပြောပါတယ်။
မိတ္ထီလာ အင်းဝဘဏ်ဟာ မြို့ရဲ့ လူစည်ကားတဲ့နေရာမှာ
တည်ရှိပြီး မိတ္ထီလာမြို့မှာရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးတပ်က
အဓိကအသုံးပြုနေတာပါ။ ပုံမှန်အားဖြင့် ဘဏ်မှာ စစ်သား နှစ်ယောက်၊ ရဲတပ်သား
နှစ်ယောက် လုံခြုံရေး စောင့်ကြပ်လေ့ရှိတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပုံနဲ့
ဖမ်းဆီးစစ်ဆေးနေမှု အခြေအနေကို သိရဖို့ မိတ္ထီလာ အမှတ် (၂) ရဲစခန်းကို
ဒီဗွီဘီက စုံစမ်းမေးမြန်းရာမှာတော့ ဒီကိစ္စ စုံစမ်းစစ်ဆေးနေဆဲပဲလို့ တာဝန်ကျ
ရဲဝန်ထမ်း တဦးက ပြောပါတယ်။
မိတ္ထီလာမြို့မှာ ပုဂ္ဂလိကဘဏ် ၄ ခုလောက်
ဖွင့်လှစ်ထားပြီး အခုလို ဖြစ်ရပ်မျိုး တခါမှ မဖြစ်ဖူးဘူးလို့လည်း
မြို့ခံတွေဆီက စုံစမ်းသိရှိရပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)

No comments:
Post a Comment