ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရွေးကောက်ပွဲကို ကန့်ကွက်
ဆန္ဒပြနေသူတွေကို ရဲအဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့
ပစ်ခတ်ခဲ့လို့ တော်တော်များများ ဒဏ်ရာရ သွားပါတယ်။ရွေးကောက်ပွဲဝင်မယ့်
ပါတီတွေနဲ့ လွှတ်တော်အမတ်လောင်းတွေ မှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့
ထိုင်း-ဂျပန် အားကစားရုံထဲအထိ ၀င်ဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသမားတွေကို ဒီနေ့
မနက် ၈ နာရီ မတိုင်ခင်မှာ ရဲက လူစုခွဲခဲ့တာ ဖြစ်ပါတယ်။
အပြောင်းအလဲအတွက်
ကျောင်းသားနဲ့ ပြည်သူတွေ ကွန်ရက်လို့ နာမည်ပေးထားတဲ့ အဖွဲ့က ဦးဆောင်ပြီး
လူ ၅၀၀ ၀န်းကျင်ဟာ အားကစားရုံအနီးမှာ မနက် ၆ နာရီကတည်းက
ချီတက်ဆန္ဒပြခဲ့ကြပြီးနောက် တချို့က အားကစားရုံ ခြံစည်းရိုးကို ဖျက်ဖို့
ကြိုးစားတဲ့အခါမှာ ရဲက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့
ပစ်ခတ်ခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့အတိုင်းဆိုရင်
ပါတီတွေနဲ့ လွှတ်တော်အမတ်တွေဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး
မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို မယုံကြည်တဲ့
ဆန္ဒပြသမားတွေကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ပါတီတွေနဲ့
လွှတ်တော်အမတ်တွေကို မှတ်ပုံမတင်နိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်
ရုံးထိုင်နေတဲ့ အားကစားရုံနားမှာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅
ရက်နေ့မှာ ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် ၀န်ကြီးချုပ် ယင်းလပ်က
ဆန္ဒပြသမားတွေကို နှစ်သိမ့်ဖို့ ကြိုးစားတဲ့အနေနဲ့ ဖေဖော်ဝါရီလ
ရွေးကောက်ပွဲအပြီးမှာ လွတ်လပ်တဲ့ ပြုပြင်ပြောင်းလဲရေးကောင်စီ
ဖွဲ့စည်းမယ့်အစီအစဉ်ကို ချပြခဲ့ပေမယ့် ဆန္ဒပြသမားတွေက ချက်ချင်းပဲ
ပယ်ချခဲ့ပါတယ်။
ဆန္ဒပြခေါင်းဆောင် ဆူသက် တောင်းဆိုနေတဲ့
ပြည်သူ့ကောင်စီနဲ့ ၀န်ကြီးချုပ် အဆိုပြုတဲ့ ပြုပြင်ပြောင်းလဲရေး
ကောင်စီတို့အကြားမှာ ခပ်ဆင်ဆင်တူညီပေမယ့် ကြားဖြတ်ဝန်ကြီးချုပ်
အဆိုပြုတဲ့ကောင်စီဟာ ရွေးကောက်ပွဲ နည်းလမ်းအရ တက်လာတဲ့ အစိုးရနဲ့ ပူးတွဲ
အလုပ်လုပ်ဖို့ အကြံပြုထားပါတယ်။
ဆန္ဒပြခေါင်းဆောင် ဆူသက်ကတော့ ပြည်သူ့ကောင်စီကို ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖွဲ့စည်းဖို့ တောင်းဆိုနေပါတယ်။
ထိုင်းနိုင်ငံမှာ
၂၀၀၁ ခုနှစ်ကစလို့ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတိုင်းမှာ အဂတိလိုက်စားမှုနဲ့
ထောင်ဒဏ် ချမှတ်ခံရပြီး လောလောဆယ် ပြည်ပမှာ တိမ်းရှောင်နေတဲ့
ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မကင်းတဲ့သူတွေပဲ အနိုင်ရနေတာကြောင့်
ဆန္ဒပြသမားတွေက ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးစနစ်ကို
ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေပါတယ်။
By ဒီဗွီဘီ
No comments:
Post a Comment