အာဆီယံ – ဂျပန် ချစ်ကြည်ရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်
ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီနေ့
စတင် ကျင်းပနေပြီး ဒီအစည်းအဝေးအတွင်း ဂျပန်နိုင်ငံက
မြန်မာနိုင်ငံအတွက် ယန်းငွေ ဘီလီယံ ၆၀ ချေးငွေ
ကူညီပေးဖို့ ရှိတယ်လို့ သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးဟာ မြန်မာနိုင်ငံရဲ့
အခြေခံလူမှုအဆောက်အဦတွေ ဆောက်လုပ်ရာမှာ ကူညီဖို့
အမေရိကန် ဒေါ်လာ သန်း ၅၈၀ တန်ဖိုးရှိ ဂျပန်ယန်းငွေ ဘီလီယံ
၆၀ ကို ချေးငွေ ထုတ်ပေးဖို့ စီစဉ်ထားတယ်လို့
ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကို
ကိုးကားပြီး ကျိုဒိုသတင်းမှာဖော်ပြပါတယ်။
ဂျပန်ဝန်ကြီးချုပ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ
ဒီနေ့ တိုကျိုမှာ စတင်ကျင်းပမယ့် ဂျပန်နဲ့ အာဆီယံနိုင်ငံ
ခေါင်းဆောင်များရဲ့ အထူးထိပ်သီးအစည်းအဝေးမှာ
တွေ့ဆုံဖို့ရှိပြီး အဲဒီအစည်းအဝေးမှာ မြန်မာ့
ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ကဏ္ဍတွေအတွက် ဂျပန်ကပေးမယ့်
အကူအညီနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမယ်လို့ သတင်းက
ဆိုပါတယ်။
ထိပ်သီးအစည်းအဝေးပွဲမှာ ဂျပန်နိုင်ငံဟာ အာဆီယံကို
အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နဲ့ ညီမျှတဲ့ ဂျပန်ယမ်းငွေ ၂
ထရီလီယံ ကူညီပေးသွားဖို့ ၀န်ကြီးချုပ် ရှင်ဇို အာဘေးက
ကြေညာဖို့ရှိနေတယ်လို့ အန်အိတ်ကေ ဂျပန်သတင်းဌာနက
ဆိုပါတယ်။
ဂျပန်အနေနဲ့ အရှေ့တရုတ်ပင်လယ်ပြင်မှာ ရေပိုင်နက်
အငြင်းပွားမှုနဲ့ တရုတ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်
သတ်မှတ်ထားတဲ့ ကိစ္စတွေမှာ အာဆီယံနိုင်ငံတွေရဲ့
ထောက်ခံမှုရအောင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့လည်း
ဖော်ပြထားပါတယ်။
ဂျပန်အစိုးရဟာ မြန်မာပြည်နယ်စပ်အစွန်အဖျားက
တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လူနေမှုအဆင့်ကို
မြှင့်တင်ပေးနိုင်ဖို့ ပြည်သူ့ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့
တခြားကဏ္ဍတွေမှာ အထောက်အကူ ပြုပေးနိုင်ဖို့
မျှော်လင့်ထားတာ ဖြစ်ပြီး မြန်မာကို စုစုပေါင်း
စီးပွားရေး အကူအညီ ယန်းပေါင်း ဘီလီယံ ၁၅၀ ကျော် ချေးငွေ
အကူအညီပေးသွားမယ်လို့ အရင်ကတည်းက ကတိပြုထားတာ
ဖြစ်ပါတယ်။
ဂျပန်ရဲ့ အကူအညီဟာ မြန်မာနိုင်ငံမှာ တရုတ်ရဲ့
လွှမ်းမိုးမှုကို ချိန်ညှိတဲ့ ကြိုးပမ်းချက်တရပ် ဖြစ်ပြီး
မြန်မာနိုင်ငံထဲ ၀င်ရောက်လုပ်ကိုင်မယ့် ဂျပန်ကုမ္ပဏီတွေကို
အထောက်အကူပြုဖို့ လုပ်ဆောင်မှုလည်း ဖြစ်တယ်လို့
ဂျပန်သတင်းတွေမှာ ရေးပါတယ်။
အာဆီယံ -ဂျပန် ထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတ
ဦးသိန်းစိန်၊ အင်ဒိုနီးရှားသမ္မတ
ဆူဆီလိုဘန်ဘန်းယူဒိုယိုနို၊ ဖိလစ်ပိုင်သမ္မတ အာကွီနို၊
စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ လာအိုနဲ ကဗောဒီးယား
ဝန်ကြီးချုပ်တွေတက်ရောက်ဖို့ရှိပြီး ထိုင်းနိုင်ငံကတော့
နိုင်ငံ ရေးမငြိမ်မသက်ဖြစ်နေတဲ့အတွက် ၀န်ကြီးချုပ်
ယဉ်လပ်ရှင်နာဝပ်တက်ရောက်နိုင်ခြင်းမရှိဘဲ
ဒုဝန်ကြီးချုပ် နီဝပ်တ်သမ်ရောင် ဘွန်ဆွန်ပန်ဆန် တက်ရောက်မှာဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေးပွဲအတွင်းမှာ ထိုင်း
ဒုဝန်ကြီးချုပ်အနေနဲ့ ထားဝယ်အထူးစီးပွားရေး
ဇုန်စီမံကိန်းကို ကူညီထောက်ပံ့ပေးဖို့ ကိစ္စ
ဂျပန်ဝန်ကြီးချုပ်ကို တောင်းဆိုဆိုသွားဖို့ရှိတယ်လို့ ထိုင်း
သတင်းတွေမှာရေးပါတယ်။
ဂျပန်ကုမ္ပဏီတွေဟာ ရန်ကုန် သီလ၀ါ
အထူးစီးပွားရေးဇုန်ကို အာရုံထား စိတ်ဝင်စားနေကြပြီး
ဂျပန်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မစ်ဆူဘီရှီနဲ့
ဆူမီတိုမို ကုမ္ပဏီတွေ က
ရင်းနှီးမြှုပ်နှံထားကြတာဖြစ်ပါတယ်။
ဒါပေမယ့်လဲ ထားဝယ်ဆိပ်ကမ်းစီမံကိန်းကြောင့်
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ဂျပန်စီးပွားရေး
သမားတွေကြားမှာ တုံ့ဆိုင်းမှုတွေ ရှိနေတဲ့အကြောင်း
ဂျပန်နိုင်ငံ စီးပွားရေး၊ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး
ယိုရှီဟီကို အီဆိုဇာကီက ထုတ်ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှု
အနာဂတ်ကို သီလ၀ါ အထူးစီးပွားရေးဇုန် အောင်မြင်ခြင်း
သို့မဟုတ် ရှုံးနိမ့်ခြင်းက အဆုံးအဖြတ် ပေးလိမ့်မယ်လို့
ကျိုဒိုသတင်းမှာ သုံးသပ်ရေးသားထား ပါတယ်။
by dvb

No comments:
Post a Comment