နေပြည်တော်၊ မဇ္ဈိမ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီက လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်
အကြံပြုစာကို ဒီဇင်ဘာ ၃၁ရက်တွင် ပြည်ထောင်စုလွှတ်တော်ရှိ အခြေခံဥပဒေ
လေ့လာသုံးသပ်ရေးကော်မတီထံ တင်ပြမည်ဟု ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးက
မဇ္ဈိမကိုပြောသည်။
အကြံပြုစာတင်ပြရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပုဒ်မ ၇၄ခုခန့်ကို ပြင်ဆင်မည်ဟု ဒီဇင်ဘာလ ၂၄ရက်မှစတင်ကာ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ပြုလုပ်သော အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဖွဲ့စည်းပုံပါအချက်များကို ချက်ချင်းဦးစားပေးပြင်ဆင်ခြင်းနှင့် လွှတ်တော်က အချိန်ယူစဉ်းစားကာ ပြင်ဆင်ခြင်းဟူ၍ နှစ်ပိုင်းခွဲကာပြင်ဆင်မည်ဖြစ်ပြီး ပုဒ်မ ၅၉(စ)ကဲ့သို့သော ပုဒ်မများကိုမူ လွှတ်တော်က အချိန်ယူစဉ်းစားကာ ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် ဒီဇင်ဘာလ ၃၁ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ တင်ရန် အကြံပြုစာ Legal အရွယ်ရှိသောစာရွက် ၄၁ရွက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဝန်ကြီးချုပ်များ ခန့်ထားရာတွင် သမ္မတက တိုက်ရိုက်ခန့်ထားနိုင်သည့် ပုဒ်မ ၂၆၁ကိုပြင်ဆင်ရန်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် အချက်များကိုလည်း ပြင်ဆင်ရန် တင်ပြမည်ဟု ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပါတီ၏ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များအတွက် ဒုတိယအကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ဒီဇင်ဘာလ ၂၄ရက်မှ စတင်ကာ ၃၀ရက် နေ့လည်အထိ ပြုလုပ်ခဲ့ပြီး အစည်းအဝေးပြုလုပ်ရန် သတ်မှတ်ထားသည့်ရက်ထက် တစ်ရက်ခွဲပိုမိုကာ ဆွေးနွေးခဲ့ကြသည်ဟု ပါတီ၏ ဗဟိုကော်မတီဝင်က ပြောသည်။
by mizzima

No comments:
Post a Comment