အမေရိကန် ပြည်ထောင်စု Yellowstone အမျိုးသား ဥယျာဉ် အောက်တွင် တည်ရှိသော
မီးတောင်ကြီး သည် ယခင်က ခန့်မှန်းခဲ့ သည်ထက် အဆပေါင်း များစွာပိုကြီး
နေကြောင်း အမေရိကန် ဘူမိရူပ သမဂ္ဂညီလာခံ တွင် သိပ္ပံပညာရှင် များက ထုတ်ပြန်
ကြေညာ လိုက်သည်။
Yellowstone အောက်တွင် ရှိသော ကျောက်ရည်ပူ လိုဏ်ကြီးသည် မူလခန့်မှန်း
ထားသည်ထက် ၂ ဒသမ ၅ ဆ ပိုကြီးပြီး အရှည် ၅၅ မိုင်ခန့် ရှိကာ ချော်ရည်
ချော်ခဲ ၂ဝဝ မှ ၆ဝဝ ကျူးပစ် ကီလိုမီတာ ခန့် ရှိကြောင်း ၊ ယခင်က မှန်းဆထား
သည်ထက် အရွယ်အစား ပိုကြီး လိမ့်မည်ဟု ယူဆ ခဲ့သော်လည်း ဤရွေ့ဤမျှ ကြီးမား
လိမ့်မည်ဟု မထင်မိ ခဲ့ကြောင်း ယူတာ တက္ကသိုလ် မှ ပါမောက္ခ ဘော့စမစ်က
ပြောပြသည်။
Yellowstone မီးတောင်ကြီး ပေါက်ကွဲခဲ့လျှင် အလွန်တရာ ကြီးမားသော
ဘေးအန္တရာယ် ဆိုးကျရောက်မည် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၄ဝဝဝဝ ခန့်က
တစ်ကြိမ် ပေါက်ကွဲခဲ့ရာ မြောက်အမေရိက တိုက်တစ်ခွင်လုံး ပြာများ
ဖုံးလွှမ်းခဲ့ပြီး ကမ္ဘာ့မိုးလေဝသ ကို ဆိုးရွားစွာ ထိခိုက် စေခဲ့သည်။
” သုတေသီများက မြေငလျင် တိုင်းကိရိယာ အမြောက်အမြား ကို ကွန်ရက်ဖွဲ့ကာ
အသုံးပြုခဲ့ပြီး ချော်ရည် လိုဏ်ကြီးကို စောင့်ကြည့် တိုင်းတာ ခဲ့ခြင်း
ဖြစ်သည်။ ” Yellowstone အနီး ပတ်ဝန်းကျင် တွေမှာ လှုပ်ခတ်တဲ့ မြေငလျင်တွေကို
စောင့်ကြည့်ပြီး ငလျင်လှိုင်း ဖြတ်သန်းမှု နှုန်းကို တိုင်းတာခဲ့တယ်။
ငလျင်လှိုင်း တွေက ချော်ရည် ၊ ချော်ကျောက် တွေကို ဖြတ်သန်းတဲ့ အခါမှာ
အရှိန်နှေးသွား လေ့ရှိတယ်။ ဒီစနစ်နဲ့ ချော်ရည် လိုဏ်ကြီးရဲ့ အရွယ်အစား
အစစ်အမှန်ကို ခန့်မှန်း တွက်ချက် နိုင်ခဲ့တာပါ . . . ”ဟု ယူတာ တက္ကသိုလ်မှ
ဒေါက်တာ ဂျေမီဖရဲလ် က ဆိုသည်။
အဆိုပါ ချော်ရည်လိုဏ် သည် အနက် ၁ မိုင်မှ ၉ မိုင်ခန့် အထိ ရှိနိုင်ပြီး
၅၅ မိုင်ခန့် ရှည်လျားကာ မိုင် ၂ဝ ခန့် ကျယ်နိုင်ကြောင်း ၊ ကမ္ဘာပေါ်တွင်
ဤမျှ ကြီးမားသော ချော်ရည်လိုဏ် ကို မတွေ့ဖူး သေးကြောင်း ၊
Yellowstone ဒေသအတွက် မခန့်မှန်း နိုင်သော အန္တရာယ်မျိုး သက်ရောက် စေနိုင်ကြောင်း သိရသည်။
ယခင်က မှတ်တမ်းများ အရ Yellowstone မီးတောင်သည် နှစ်ပေါင်း ၇ဝဝဝဝဝ တွင်
တစ်ကြိမ် ပေါက်ကွဲလေ့ ရှိရာ နောင် နှစ်ပေါင်း ၄ဝဝဝဝ တွင် တစ်ကြိမ် ထပ်မံ
ပေါက်ကွဲဖွယ် ရှိနေကြောင်း သိရသည်။

No comments:
Post a Comment