ရန်ကုန်၊ ဒီဇင်ဘာ ၂၇
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်
နယ်နိမိတ် သတ်မှတ်ရေး အတွက် ဒေသခံများအကြား အငြင်းပွားနေမှုကို
ဖြေရှင်းရန်အတွက် အိန္ဒိယ ဗဟိုအစိုးရ မြေတိုင်းအရာရှိများ ကွင်းဆင်း
စစ်ဆေးမည်ဟု မဏိပူရ ပြည်နယ် ပြည်ထဲရေးဝန်ကြီး Gaikhangam က ထုတ်ပြန်
ကြေညာခဲ့သည်။နယ်နိမိတ် သတ်မှတ်ရေးတွင် ယနေ့တိုင် နှစ်နိုင်ငံအစိုးရ
သဘောတူညီချက်များ မရရှိသေးဘဲ ယခုရက်ပိုင်းအတွင်း နယ်စပ် ဒေသခံများအကြား
တင်းမာမှုများ ပိုမို ပြင်းထန် လာခဲ့သောကြောင့် ယင်းသို့ ဗဟိုအစိုးရက
မြေတိုင်းအရာရှိများကို စေလွှတ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ
မြေတိုင်း အရာရှိများသည် မကြာမီ ကာလအတွင်း မဏိပူရ ပြည်နယ်သို့
ရောက်ရှိမည်ဖြစ်ပြီး အငြင်းပွားရာ နယ်မြေအတွင်း တိုက်ရိုက်ကြီးကြပ်
စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်အရ သိရသည်။
ပြီးခဲ့သည့်
ရက်ပိုင်းအတွင်းက နှစ်နိုင်ငံအစိုးရ သဘောတူညီမှု မရရှိသေးသော
နယ်စပ်နယ်နိမိတ် ကျောက်တိုင် အမှတ် ၇၈ အနီးတွင် စစ်ဆေးရေးဂိတ်တစ်ခု
တည်ဆောက်ရန် အိန္ဒိယနိုင်ငံ ဘက်မှ မြေနေရာ ပြုပြင်နေမှုများနှင့် ပတ်သက်၍
နှစ်ဖက် အစိုးရက ဖြေရှင်းပေးရန်အတွက် တမူး လူငယ်ကွန်ရက်မှ ဦးဆောင်ကာ
နယ်စပ်မှ တမူးမြို့လယ်ရှိ ကဘော်ဂျိုင့် ဝှမ်းမြို့တော်အထိ စီးတန်းလှည့်လည်
ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင်
ဖြစ်ပွားနေသော နယ်မြေ အငြင်းပွားမှု ပြဿနာကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ
အစိုးရ ဝန်ကြီးဌာနသုံးခု တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သွားမည်
ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။
နှစ်နိုင်ငံ
အစိုးရအဖွဲ့ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးပွဲ ၃ ခု စီစဉ်ထားပြီး ဒီဇင်ဘာ
လကုန်ပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၄
ခုနှစ် ဇန်နဝါလတွင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်ခြားစောင့်တပ်များ
တွေ့ဆုံဆွေးနွေးပွဲနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးအဆင့်
ဆွေးနွေးပွဲဟူ၍ အသီးသီး ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ
သိရသည်။
လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာ
နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာ သတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူစာချုပ်ကို
၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး၊ ယင်းသဘောတူစာချုပ်အရ နယ်နိ
မိတ်တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲ
တိုင်းတာခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ တိုင်းတာရာတွင် မြန်မာ၊
တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာ နေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်း
ဒေသအတွင်း နယ်နိမိတ်သတ်မှတ် တိုင်းတာရန် ကျန်ရှိနေခဲ့ပြီး ယခုအငြင်းပွားမှု
ဖြစ်ပေါ်နေသည့် နေရာမှာ ယင်းကဘော်ချိုင့်ဝှမ်း ဒေသတွင် ဖြစ်ပေါ်နေခြင်း
ဖြစ်သည်၊။
ယင်းသို့ နယ်နိမိတ် သတ်မှတ်ရန် ကျန်ရှိနေခြင်းမှာ
ကဘော်ချိုင့်ဝှမ်းဒေသ အတွင်းတွင် လွတ်လပ်ရေး မရမီကပင် အင်္ဂလိပ်အစိုးရ
လက်ထက်က နယ်မြေ သတ်မှတ်သည့်အနေနှင့် မှတ်တိုင် ၃၉ တိုင် စိုက်ထူခဲ့ပြီး၊
ယင်းမှတ်တိုင်များ နေရာရွေ့လျားမှုနှင့် အိန္ဒိယဘက်မှ ရွာများ မြန်မာ့
နယ်မြေဘက်တွင် ကျူးကျော်နေမှု များကြောင့် မှတ်တိုင်သစ်များ ပြန်လည်
သတ်မှတ်စိုက်ထူရန် အခက်အခဲများရှိ နေခြင်း ဖြစ်ကြောင်း မြန်မာ အစိုးရဘက်က
သတင်းထုတ်ပြန်ထားသည်။
အမှန်တကယ်တွင် ယင်းနေရာသည် မြန်မာပိုင်
နယ်မြေများဖြစ်ပြီး နယ်နိမိတ်စာချုပ် သဘောတူညီချက်များအရ အတိအကျ
ဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာ အစိတ်အပိုင်း အချို့သည်
ပြောင်းပေးရမည် ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင် ဆန္ဒပြမှုကြောင့်
ဆက်လက် မတိုင်းတာနိုင်ခြင်း ဖြစ်ကြောင်း သမ္မတရုံးမှ အရာရှိတစ်ဦးက ဆိုသည်။
ထိုသို့
အငြင်းပွားမှု ပြေလည်စေရန် မြန်မာဘက်မှ အိမ်နီးချင်း ပီသစွာဖြင့်
ကမ်းလှမ်းခဲ့သည့် ကျူးကျော် ကျေးရွာများကို ဖယ်ရှားပေးစရာ မလိုဘဲ၊
ယင်းနယ်မြေ အစားထိုးနယ်မြေအချို့ ပြန်ပေးရန် အိန္ဒိယအစိုးရနှင့်
ညှိနှိုင်းမှုတွင်လည်း အဆင်မပြေခဲ့ကြောင်း ၎င်းကဆိုသည်။
The Voice Weekly

No comments:
Post a Comment