ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်သာမက
တိုင်းနှင့်ပြည်နယ် လွှတ်တော်အသီးသီးတို့တွင် လွှတ်တော်ကိုယ်စားလှယ်
ကွယ်လွန်သွားခြင်း သို့မဟုတ် ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခံရခြင်းသို့မဟုတ်
အစိုးရဌာနတစ်ခုခုတွင် တာဝန်ပေးခံရခြင်းတို့ကြောင့် လစ်လပ်နေရာများ
တစ်
နိုင်ငံလုံးတွင် နေရာ ၂၀ ခန့် ရှိနေကြောင်း၊ အဆိုပါနေရာများအတွက်
ကိုယ်စားလှယ်အသစ် အစားထိုး နိုင်ရန် ရွေးကောက်ပွဲများ မကျင်းပပေးသည့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ
အခွင့်အာဏာကို အကန့်အသတ်မရှိ အကြွင်းမဲ့ရထားသကဲ့သို့ ဖြစ်နေကြောင်း
လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ထားသည်။
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့
ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် အမှန်တကယ် လုပ်ပေးရမယ့်၊
လုပ်လဲလုပ်ပေးသင့်တဲ့အလုပ်က အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့
လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ရွေးကောက်တင်မြှောက်ပွဲတွေ
လုပ်ပေးဖို့ပဲ။ အဲဒီနေရာတွေက မဲဆန္ဒရှင် ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊
နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး အားလုံးကို ကိုယ်စားပြု ဆောင်ရွက်မယ့်
သူတွေမရှိတော့ ဒေသခံတွေအတွက် အများကြီး နစ်နာဆုံးရှုံးကြရတယ်။
ဒေသအရေးကိစ္စကို သူတို့ ကိုယ်စားလွှတ်တော်မှာ မေးမြန်းတာ၊
တောင်းဆိုတာမျိုးတွေ မရှိတော့ဘူး။ ဒီတော့ အဲဒီဒေသခံတွေက
ကိုယ်စားလှယ်ပြန်ရွေးပေးဖို့ တောင်းဆိုလာကြပြီ။ အမှန်တကယ်လုပ်ပေးသင့်တဲ့
ကြားဖြတ်ရွေးကောက် ပွဲကို လုပ်ချင်စိတ်ရှိမှ လုပ်မယ်ဆိုတာမျိုးဟာ
အဲဒီကော်မရှင်ကို အခြေခံဥပဒေကနေ အကြွင်းမဲ့ အာဏာ အပ်နှင်းထားသလို
ဖြစ်နေတယ်”ဟု ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က
ပြောခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်
လစ်လပ်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲငယ်များ
ဆောင်ရွက်မည်ဆိုလျှင် လူကြိုက်များသော NLD ပါတီဝင်တို့က အနိုင်ရပြီး
အာဏာရပြည်ခိုင်ဖြိုးပါတီဝင်တို့ မနိုင်မည်စိုးသောကြောင့် ယခုကဲ့သို့
ဆောင်ရွက်မပေးခြင်းလား၊ သို့မဟုတ် ပြည်ခိုင်ဖြိုးအစိုးရက ခိုင်းမှသာ
ဆောင်ရွက်မည်လားဟူသည်ကို ဒေသခံပြည်သူတို့ကြားနှင့် လွှတ်တော်
ကိုယ်စားလှယ်များကြား တွေးဆထင်မြင်လျက်ရှိကြောင်းလည်း ၎င်းက ပြောသည်။
“ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲတုန်းက
NLD က နိုင်သွားခဲ့သလိုမျိုး အခု လစ်လပ်နေရာတွေမှာလဲ ပြန်ရွေးရင်
ကိုယ်မနိုင်မှာကြောက်လို့ မလုပ်ပေးတာလား၊ ပြည်ခိုင်ဖြိုးအစိုးရက ခိုင်းမှပဲ
ကော်မရှင်က လုပ်တော့မှာလား။ ဒါတွေကို ပြည်သူလူထုက မေးခွန်းထုတ်နေကြပြီ။
ကျွန်တော်တို့ရခိုင်ပြည်နယ်မှာကို မင်း ပြားမြို့နယ်မှာ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊
ဂွမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပေါင်းသုံးနေရာ
လွတ်နေတယ်။ တစ်နိုင်ငံလုံးမှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာ ၂၀
ဝန်းကျင်ရှိတယ်”ဟုလည်း ဦးဘရှိန်က ဖြည့်စွက် ပြောခဲ့သည်။
ထို့ပြင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဤသို့ မဖြစ်မနေ ဆောင်ရွက်ပေးသင့်သည့်
ကြားဖြတ်ရွေးချယ်မှုကိုလုပ်ပေးရမည့်အစား ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခွင့်
(Rights of Recall)ကိုသာ ဖိအားပေး ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။
“အပြစ်ရှိတဲ့
ကိုယ်စားလှယ်ဆိုရင် ရုပ်သိမ်းရုံမက ထောင်ပါချပစ်လိုက်ပေါ့။ ဒါက
လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်လိုက်ရုံပဲ။ ကိုယ်စားလှယ်လစ်လပ်နေရာတွေမှာ
အစားထိုးဖို့ကျတော့ ဘယ်နှရက်၊ ဘယ်နှလအတွင်း ဘယ်နှနှစ်အတွင်း
ပြန်ဖြည့်ရမယ်ဆိုတာကိုတော့ မပြဋ္ဌာန်းထားတဲ့အတွက် ပြန်ရွေးတဲ့အလုပ် တွေကို
ကိုယ်လုပ်ချင်မှ လုပ်မယ်။ မလုပ်ချင်လဲ ရတယ်ဆိုတဲ့ အကြွင်းမဲ့အာဏာကို
ရွေးကောက်ပွဲကော် မရှင်ကို ပေးထားသလို ဖြစ်နေတယ်”ဟုလည်း ၎င်းက ပြောသည်။
လွှတ်တော်အစည်းအဝေးများအား
တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ကျင်းပပေးရမည်ဟု ပြဋ္ဌာန်းထား သော်လည်း
တကယ်တမ်းလိုအပ်နေသောကြောင့် တစ်နှစ်လျှင် သုံး၊ လေးကြိမ် ကျင်းပနေကြောင်း၊
အလားတူပင် ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း ကော်မရှင်အနေဖြင့်
မိမိဆင်ခြင်တုံတရားဖြင့် ဆောင် ရွက်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါသဘောထားနှင့်
ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအေးမောက်၊
ဦးစိုင်းဆောင်ဆီ၊ ဦးခိုင်မောင်ရည်နှင့် ဒေါ်နန်းဝါနုတို့ကလည်း
အလားတူအဓိပ္ပာယ်မျိုး မဇ္ဈိမသို့ ဖြေကြားခဲ့သည်။
Rights of Recall
နှင့်ပတ်သက်၍မူ ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပတော့မည့် န၀မအကြိမ်မြောက်
လွှတ်တော်အစည်းအဝေးများတွင် အပြီးသတ် ဆွေးနွေးနိုင်ကြမည်ဟုလည်း ၎င်းတို့က
မျှော်မှန်းထားကြသည်။
by mizzima
No comments:
Post a Comment