Saturday, December 28, 2013

အမေရိကန်ရေတပ်စခန်း မြေနေရာ အိုကီနာဝါကျွန်း အုပ်ချုပ်ရေးမှူး ခွင့်ပြု

ဂျပန်ရဲ့ တောင်ပိုင်း ကျွန်း အိုကီနာဝါရဲ့ အုပ်ချုပ်ရေးမှူးက အမေရိကန် ရေတပ် အခြေစိုက် စခန်းကို ရွှေ့ပြောင်းဖို့ ကမ်းရိုးတန်း တလျှောက်မြေနေရာကို အသုံးပြုခွင့် အတည်ပြုလိုက်ပါပြီ။ ဒါပေမယ့် အမေရိကန် ရေတပ် အခြေစိုက်စခန်းကို ကျွန်းကနေ လုံးဝ ဖယ်ရှားရေးအတွက် ဆက်ပြီး
ဖိအားပေးသွားမယ်လို့လည်း သူက ပြောလိုက်ပါတယ်။ အိုကီနာဝါ ကမ်းခြေမှာ စစ်အခြေစိုက် စခန်း အသစ်အတွက် မြေနေရာ ပေးဖို့ ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ တောင်းဆိုချက်ကို အုပ်ချုပ်ရေးမှူး Hirokazu Nakaima က အတည်ပြုလိုက်တာ ဖြစ်ကြောင်း သောကြာနေ့မှာ အိုကီနာဝါကျွန်းက အရာရှိတဦးက အတည်ပြု ပြောဆိုပါတယ်။

အိုကီနာဝါရဲ့ ကျွန်းမကြီးက လူနေ ပိုထူထပ်တဲ့ နေရာမှာ ရှိနေတဲ့  Futenma အခြေစိုက် အမေရိကန် ရေတပ်ကို ရွှေ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Futenma တပ်ဖွဲ့ကို အိုကီနာဝါ အပြင်က ပြေးလမ်းတွေနဲ့ ထောက်ပံ့ရေး တချို့ ရှိနေတဲ့ နေရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ထားဆဲပါလို့ အုပ်ချုပ်ရေးမှူးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အမေရိကန် အခြေစိုက် စခန်းတွေ ကျွန်းကနေ လုံးဝ ဖယ်ရှားသွားရမယ်လို့ မစ္စတာ Nakaima က ရွေးကောက်ပွဲ မဲဆွယ်မှုတွေ အတွင်းမှာ ကတိပေးခဲ့တာပါ။ အိုကီနာဝါ ကျွန်းကို ဘဏ္ဍာရေး ထောက်ပံ့မှု တိုးပေးဖို့ ကမ်းလှမ်းပြီးနောက်ပိုင်း ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက  ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ အုပ်ချုပ်ရေးမှူး Nakaima ကို အခြေစိုက် စခန်း နေရာရွှေ့ရေး အတည်ပြုပေးဖို့ ဖိအားပေးခဲ့တာပါ။

Futenma အခြေစိုက်စခန်း ဟာ လူနေ သိပ်သည်းတဲ့ Ginowan ဧရိယာ အတွင်းမှာ ရှိနေတာ ဖြစ်ပြီး လေယာဉ်သံတွေ ဆူညံလွန်းတာနဲ့ အခြေစိုက် စခန်းအနီးအနားမှာ နေသူတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဒေသခံတွေက တိုင်တန်းနေကြတာ ဖြစ်ပါတယ်။ ဂျပန် အစိုးရကတော့ ၂၀၀၆ ခုနှစ်က အမေရိကန်နဲ့ သဘောတူညီချက် တခု အရ ရွှေ့ပြောင်းရေးကို အပြင်းအထန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အိုကီနာဝါ ဒေသခံတွေကတော့ ဒီသဘောတူညီချက်ကို ခိုင်ခိုင်မာမာ ဆန့်ကျင်နေတာလည်း ဖြစ်ပါတယ်။

by voa

No comments:

Post a Comment