မန္တလေး၊ ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံ၌ ဒီဇင်ဘာလ ဒုတိယပတ်ခန့်မှ စ၍
မြို့ကြီးအချို့တွင် အအေးပိုလျက် ရှိရာ မန္တလေးတိုင်းဒေသကြီး အမရပူရ
မြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာ တောင်ဘက် စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း
ဘေးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းခန့်က အိမ်ရာမဲ့ အမျိုးသားတစ်ဦး
အဆုတ်အအေးမိ၍ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
အဆိုပါ သေဆုံးသူ အသက် ၄၀ နှစ်ခန့် အမျိုးသားသည်
အခြေအနေမဲ့ သွားလာနေထိုင်သူ ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၀
မိနစ်ခန့်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း
အဆိုပါ ရဲတပ်ဖွဲ့စခန်း အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်း
သေဆုံးသူ၏ အလောင်းကို အမရပူရဆေးရုံတွင် ရင်ခွဲစစ်ဆေးချက်အရ လမ်းဘေးတွင်
အိပ်နေရာမှ အအေးမိ သေဆုံးခြင်း ဖြစ်သဖြင့် အမရပူရ မြို့မရဲစခန်းက
သေမှုသေခင်း အမှတ်စဉ် ၃၁/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း အဆိုပါရုံး
တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောကြားသည်။
မန္တလေးမြို့တွင် ယခုနှစ်
ဒီဇင်ဘာလ ၁၆ ရက်နေ့က အနိမ့်ဆုံးအပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ်ရှိပြီး ၂၀၁၂
ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အနိမ့်ဆုံးအပူချိန် ၁၄ ဒသမ ၂
ဒီဂရီစင်တီဂရိတ် ရှိကြောင်း၊ နှစ် ၃၀ ကို အခြေခံ တွက်ချက်ထားချက်အရ
မန္တလေးမြို့၏ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်မှာ ၁၄ ဒသမ ၉ ဒီဂရီစင်တီဂရိတ်
ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
"အခုချိန်မှာ
ရာသီဥတုက အရမ်း အေးနေတယ်။ ရာသီဥတု အရမ်းအေးလို့ သေနိုင်တဲ့သူတွေ
အများစုကတော့ အရက်သမားတွေ၊ လမ်းဘေးမှာ လေလွင့်နေတဲ့သူတွေ များတယ်။
အရက်သမားတွေက အရက်မူးပြီး လမ်းဘေးမှာ အိပ်တယ်၊သူတို့က မူးနေတော့
အေးတယ်ဆိုတာလည်း မသိဘူး။ အဲ့ဒါ မနက်ရောက်တော့ သေရော၊ နောက်တစ်ခု
လေလွင့်တဲ့သူတွေက အများစု လမ်းဘေးလို နေရာတွေ၊ ပလက်ဖောင်းတွေမှာ အိပ်ကြတယ်။
အခုရက်ပိုင်း အအေးက တော်တော်ကို အေးနေတာ။ လူကြီးတွေ၊ ကလေးငယ်တွေ
မျက်နှာသစ်မယ်ဆို ရေနွေးလေးနဲ့ ရောပြီး သစ်ရမယ်။ အခန့်မသင့်ရင်
လေဖြတ်သွားတတ်တယ်" ဟု မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ်ရှိ အထွေထွေ
ရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ လေအေးများ ဝင်ရောက်
တိုက်ခတ်နေခြင်း ကြောင့် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ မှ ၂၂
ရက်နေ့အတွင်း ပျမ်းမျှ ညအပူချိန်များအောက် ၃ ဒီဂရီစင်တီဂရိတ်မှ ၅
စင်တီဂရိတ်ထိ လျော့နည်းမည် ဖြစ်ပြီး မန္တလေးတွင် ၂၃ ဒီဂရီစင်တီဂရိတ်မှ ၈
ဒီဂရီစင်တီဂရိတ် အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု
ဦးစီးဌာန ထုတ်ပြန်ချက် များအရ သိရသည်။
The Voice Weekly
No comments:
Post a Comment