ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊
ဝန်းသိုကျောင်းတိုက်အတွင်း၌ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်ကာ
မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ ဟိုပင်၊
အင်းတော်ကြီး၊ ၀ိုင်မော်၊ ခက်ချို၊ မိုင်းနား၊ တာလောကြီး၊ ဇီးကျွန်း၊
နောင်ခမ်းရှမ်း စသည့်မြို့ရွာများမှ ရှမ်းမျိုးနွယ်စု (၁၀၀၀၀) ၀န်းကျင်ခန့်
စုဝေးခဲ့ကြပြီး စီတာပူရပ်ကွက်၊ KIO,KIA ငြိမ်းချမ်းရေးဖော်ဆောင်ရေး
နည်းပညာအထောက်အကူပြုအဖွဲ့၊ ဆက်ဆံရေးရုံးရှေ့အထိ ငြိမ်းချမ်းစွာ
စီတန်းလမ်းလျှောက် ဆန္ဒဖေါ်ထုတ်ဖို့ စီစဉ်ခဲ့ကြသော်လည်း ပြည်နယ်-ရဲမှူးကြီး
ဦးမြင့်လွင်မှ ခွင့်ပြုမိန့်မပေးခဲ့သောကြောင့်
ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်အတွင်းမှာသာလျှင် စုဝေး၍ လူထုအခမ်းအနားနဲ့
ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရှိရသည်။
အဆိုပါ စုဝေးဆန္ဒဖေါ်ထုတ်သော ရှမ်းမျိုးနွယ်စုများသည် -
-မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ၏ ဆန္ဒဖေါ်ထုတ်ပွဲ
-နိုင်ငံတော်အစိုးရမှ လက်နက်မဲ့ပြည်သူများအား အကာအကွယ်ပေးပါ
-ငြိမ်းချမ်းရေး အမြန်ဆုံးရအောင် ဖေါ်ဆောင်ကြပါ
-အဖမ်းဆီးခံ ရှမ်းလူငယ်များအား အမြန်ဆုံးပြန်လွှတ်ပေး
-KIA တို့၏ အဓမ္မ စစ်သားသစ် စုဆောင်းမှု အလိုမရှိ
-KIO,KIA တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ပေး
-လက်နက်ရှိသူက လက်နက်မဲ့သူအား အနိုင်ကျင့်စော်ကားမှု အလိုမရှိ
-မီဒီယာများအား အမှန်တရားကို မျှတစွာ ဖေါ်ပြပါ - စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက်
အဓမ္မ
စစ်သားစုဆောင်းတဲ့ KIA အလိုမရှိ၊ အဓမ္မ ဆက်ကြေးကောက်တဲ့ KIA အလိုမရှိ၊
KIO,KOA အလိုမရှိ၊ လူထုဆန္ဒ အောင်ရမည်, အောင်ရမည်၊ ရှမ်းလူမျိုးများ
ညီသလားဟေ့ - ညီတယ်ဟေ့ ညီတယ်ဟေ့ လို့ ကြွှေးကြောခဲ့တယ်လို့လည်း သိရှိရပါသည်။
ဒီဇင်ဘာလ
၂၀ ရက်နေ့ ရှမ်းမျိုးနွယ်စုများ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်
ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်ကို ပြည်နယ်ရဲမှူးကြီးမှ တရားဝင် ကန့်ကွက်ခဲ့ပြီး၊
ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ခွင့်ပြုပေးခဲ့ပါတယ်။ မနေ့ညက ၇
နာရီလောက်မှ အကြောင်းပြန်လာတာပါ၊ အားလုံးစီစဉ်ထားပြီး နီးမှလာပြောတာကတော့
ကျွန်တော်တို့ အစီအစဉ်ကို ပြည်နယ်အစိုးရက လျစ်လျူရှုထားတဲ့ သဘောပဲ၊
ကျွန်တော်တို့ကလည်း တရားဥပဒေအတိုင်းပဲ လုပ်ချင်ပါတယ်၊ ဘယ်သူ့ဘယ်သူကိုမှ
မထိခိုက်စေချင်ပါဘူး ဒါကြောင့် ကျောင်းဝင်းအထဲမှာပဲ အခုလို
လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်တာပါလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့
ဒု-ခေါင်းဆောင်း ဦးစိုင်းစန်းဝေက ပြောဆိုပါတယ်။
KIO,KIA အဖွဲ့ကို
လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်ဖို့ စီစဉ်ရခြင်းရဲ့ အကြောင်းကိုတော့ -
မြန်မာပြည်မြောက်ပိုင်းပေါ့ ကချင်ပြည်နယ် နေရာအနှံ့အပြားမှာရှိတဲ့
ရှမ်းမြို့၊ ရှမ်းရွာတွေမှာ အဓမ္မ စစ်သားစုဆောင်းနေတာတွေ၊
ဆက်ကြေးကောက်နေတာတွေ၊ ရှမ်းမျိုးနွယ်စုများအပေါ် လူ့အခွင့်အရေး
ချိုးဖောက်နေတာတွေကို ရင်ထဲမှာ မခံမရပ်နိုင်တော့လို့
မမျိုသိပ်နိုင်တော့လို့ ဆန္ဒဖေါ်ထုတ်ဖို့ စီစဉ်ရတာပါ။
ဒီဇင်ဘာလ ၎
ရက်နေ့မှ စတင်ကာ မန်စီမြို့နယ်အတွင်း ရှမ်းရွာများမှ ရှမ်းလူငယ်များအား KIA
မှ ဆက်တိုက်သလို တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဆက်မလုပ်ဖို့ တောင်းဆိုထားတဲ့ကြားက
ပြုလုပ်ခဲ့တဲ့အတွက် အခုလို လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်ဖို့ အစီအစဉ်တွေ
ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ဦးစိုင်းစန်းဝေကပဲ ပြောဆိုပါတယ်။
ရှမ်းနီပါတီ
ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က - တော့ KIA တပ်မတော် စတင်တည်ထောင်ချိန်မှ စ၍
နှစ်ပေါင်း ၅၀ ကျော်သော ယနေ့အချိန်ထိ ရှမ်းနီလူမျိုးများနေထိုင်ရာ
ရှမ်းမြို့ရှမ်းရွာများတွင် အဓမ္မ စစ်သားသစ် စုဆောင်းမှုများ
ပြုလုပ်လေ့ရှိခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လယ်ယာနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးချ စေခိုင်းခြင်း၊ လူမျိုးရေး၊
ပုဂ္ဂိုလ်ရေးအရ ခြိမ်းခြောက်ခိုင်းစေခြင်းများ ပြုလုပ်လေ့ရှိတယ်လို့
ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်သတ္တပတ်များအတွင်း KIA မှ
တပ်သားသစ် စုဆောင်းမှုဦးရေ ၁၀၀ ကျော်ထိ ရှိခဲ့ရာမှ ရှမ်းတိုင်းရင်းသား
ဦးရေစာရင်း ၆၀ ကျော်ရရှိခဲ့တယ်လို့ ရှမ်းနီပါတီက ပြောဆိုထားပြီး၊
ဒီရက်ပိုင်းအတွင်း KIA က ရှမ်းနီလူမျိုး ၂၆ ဦး
ပြန်လွတ်မြောက်လာခဲ့တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က
BBC ကို ပြောဆိုထားပါတယ်။

No comments:
Post a Comment