Thursday, December 12, 2013

SEA Games အတွက် ကန်ဒေါ်လာ ၃၆ သန်းကျော် တရုတ်ထောက်ပံ့ထား ဟုဆို

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည် ကျင်းပခွင့် ရရှိခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယွမ် ၂၂၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄၄ သန်း ကျော်) အကုန်အကျခံကာ ထောက်ပံ့ပေး ထားသည်ဟု
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Yang Houlan က ပြောကြားသည်။
တရုတ် အစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့ကြား (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် ပူးပေါင်းကူညီ ဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၁၂ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ SEA Games ပြိုင်ပွဲအတွက် အပိုင်းလေးပိုင်းကို အဓိက ကူညီဆောင်ရွက် ခဲ့ကြောင်း ၄င်းက ရှင်းပြသည်။ ယင်း အပိုင်းလေးပိုင်းမှာ SEA Games ဖွင့်ပွဲပိတ်ပွဲ ပြင်ဆင်မှု၊ စီမံခန့်ခွဲမှု နည်းပညာဆိုင်ရာ ပူးပေါင်း ကူညီမှု၊ မြန်မာနိုင်ငံမှ ကစားသမား များကို ဖိတ်ခေါ်၍ ပူးတွဲလေ့ကျင့်မှု၊ နည်းပြများကို မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းနှင့် အားကစား ပစ္စည်း အသုံးအဆောင်များ ထောက်ပံ့ပေးထားမှု ဟူသည့် အပိုင်းလေးပိုင်းကို အဓိကထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။
အဆိုပါ ထောက်ပံ့ကူညီမှုမှာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ထောက်ပံ့မှုတစ်ခု ဖြစ်ကြောင်း ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံခြားဆက်ဆံရေး ညွန်ကြားရေးမှူးချုပ် မစ္စတာဝမ်စစ်ဝမ်က ရှင်းလင်း ပြောကြားသည်။ တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးမှုတွင် SEA Games ပြိုင်ပွဲပြသမည့် LED ဘုတ်များ၊ ဖွင့်ပွဲပိတ်ပွဲ အတွက် မီးစနစ်နှင့် အသံစနစ်၊ ပရိုဂျက်တာများ မီးရှူးမီးပန်း များတွင် အဓိကထား သုံးစွဲခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ပြောသည်။ SEA Games ပြိုင်ပွဲအတွက် အထောက်အကူ ဖြစ်စေရန် တရုတ်နိုင်ငံမှ အင်ဂျင်နီယာ၊ နည်းပြ၊ အင်ဂျင်နီယာအကူ၊ အလုပ်သမား စုစုပေါင်း ၇၀၀ ခန့်ကို စေလွှတ်ပေးထားကြောင်း၊ ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံခြားဆက်ဆံရေး ညွန်ကြားရေးမှူးချုပ် မစ်စတာဝမ်စီဝမ်က ဖြည့်စွက် ပြောကြားသည်။ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ခြင်းမှာ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မြဲလာစေရေးနှင့် အခြားကဏ္ဍ များတွင်လည်း ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

No comments:

Post a Comment