နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံဟာ (၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထည်ထည်ဝါဝါ ဖွင့်လှစ်
နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူး ထောမနာပြုခြင်းကို ခံခဲ့ရပါတယ်။
အားကစားပြိုင်ပွဲမှာ
ဆုတံဆိပ် ရရှိမှုဟာလည်း ထိပ်ဆုံး လေးနိုင်ငံအတွင်း ရပ်တည် နိုင်ခဲ့တဲ့အတွက်
နှစ်ထောင်းအားရ ဖြစ်နေတဲ့ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အမျိုးသား
ဘောလုံးပြိုင်ပွဲနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေဟာ တစ်မျိုးသားလုံး
အားပေးခဲ့ကြပေမယ့် အောင်မြင်မှုတွေနဲ့ ဝေးကွာ ခဲ့ရပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့
အကြောင်းရင်းတွေကို ဘယ်လိုပဲ ထုတ်ပြထုတ်ပြ လက်ရှိ မြန်မာနိုင်ငံ ဘောလုံး
အဖွဲ့ချုပ်ဟာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ
လုပ်ဖို့ အချိန်တန်ပြီဆိုတာ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း
၆၀ အားပေးတဲ့ ကစားနည်းတစ်ခုကို နိုင်ငံတော်က ငွေကြေး ပံ့ပိုးမှုတွေ
ကြီးကြီးမားမား မပြုလုပ်ဘဲ ပြင်ပက သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး
အားကိုးနေတာဟာ သဘာဝ မကျပါဘူး။ ဘောလုံးအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံက
အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေးချမ်းသာတဲ့ ခရိုနီ
သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။
ဘောလုံးအဖွဲ့ချုပ်
အပါအဝင် မြန်မာနိုင်ငံက အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေး
ချမ်းသာတဲ့ သူဌေးကြီးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အားကစားအကြောင်း
ခြေခြေမြစ်မြစ် နားမလည်ပေမယ့် ငွေကြေး အဓိက စိုက်ထုတ်သူတွေ ဖြစ်တဲ့အတွက်
သက်ဆိုင်ရာအဖွဲ့မှာ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ အားကစားကို
နှစ်ပေါင်းများစွာ ဘဝကို မြှုပ်နှံပြီး ဆောင်ရွက်ခဲ့တဲ့ အားကစားသမားတွေဟာ
သူကျွမ်းကျင်ရာ အဖွဲ့မှာ ဥက္ကဋ္ဌ ဖြစ်သူရဲ့ အရိပ်အကဲကို ကြည့်နေရသူ ဖြစ် ပြီး
ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေ ထိပ်တိုက်ပြောဆိုဖို့ ဖြစ်လာတိုင်း လူမုန်း
မခံဘဲ ရှောင်ဖယ်သွားလေ့ ရှိပါတယ်။ သူတို့ဆီမှာ နိုင်ငံတကာ အဆင့်မီတဲ့
စီမံခန့်ခွဲရေး သမားတွေ၊ CEO တွေကို ခန့်မထားခဲ့ပါဘူး။ ဒါကြောင့်
စီမံခန့်ခွဲမှု အလွဲအမှားတွေကို ဒီ SEA Games မှာ ကြုံတွေ့ခဲ့ကြပါတယ်။
တကယ်တော့
ဒီ SEA Games ကို မြန်မာက လက်ခံကျင်းပဖို့ သဘောတူပြီးနောက် ၂၀၀၈
ခုနှစ်စပြီး ကြိုတင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အားကစားကွင်းတွေ၊
အားကစားရုံတွေနဲ့ တခြားအထောက်အကူ ပြုပစ္စည်းတွေ အားလုံး ဖြစ်ပေါ်လာဖို့အတွက်
နိုင်ငံတော်က ဘတ်ဂျက် ၁၀၁ ဘီလီယံ ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံ အစိုးရက ၃၃
ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ သန်း) ကူညီခဲ့ပါတယ်။ ပြိုင်ပွဲ စပွန်ဆာက ရငွေ
ခုနစ် ဘီလီယံဆိုတော့ စုစုပေါင်း ကုန်ကျငွေဟာ ၁၄၁ ဘီလီယံ ရှိပါတယ်။ ဒီအတွက်
မြန်မာနိုင်ငံက ဆုတံဆိပ် တစ်ခုရတိုင်း ငွေဘယ်လောက် ကုန်သွားသလဲဆိုတာ
တွက်ကြည့်လို့ ရပါတယ်။ သက်ဆိုင်ရာ အားကစားဝန်ကြီး ကိုယ်တိုင် ရွှေ ၁၀၀
ရရှိရေး ရည်မှန်း ခဲ့ပေမယ့် မပြည့်မီခဲ့ပါဘူး။ တချို့သော သေချာပေါက်
မျှော်မှန်းထားတဲ့ ရွှေတံဆိပ်တွေ လက်လွတ်ခဲ့ရသလို တချို့ပွဲတွေဟာ
ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကြောင့် နစ်နာခဲ့ရတာတွေ ရှိပါတယ်။ Content
Games တွေလို ကစားပွဲတွေမှာ မြန်မာဟာ ရသင့်တဲ့ အိမ်ရှင် အခွင့်အရေးတွေကို
မရခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆီးဂိမ်းရဲ့ Control Panel မှာ
ဆုတံဆိပ်ခွဲတမ်း ဆိုတာ ရှိပါတယ်။ အထူးသဖြင့် ဒိုင် အဆုံးအဖြတ်ပေါ်မှာ
လုံးဝမှီခိုနေတဲ့ ဝူရှူးတို့၊ အလေးမတို့၊ ကာယဗလမောင် ပြိုင်ပွဲတို့၊
လက်ဝှေ့တို့လို အားကစား ပြိုင်ပွဲတွေမှာ အိမ်ရှင် မြန်မာဟာ ဒိုင်တွေရဲ့
ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။
အရှုံးကြီး ရှုံးခဲ့ရတဲ့ အမျိုးသား
ဘောလုံးပွဲမှာရော၊ အမျိုးသမီး ဘောလုံးပွဲမှာရော ဒိုင်တွေရဲ့
ဆုံးဖြတ်မှုတွေဟာ မြန်မာ တစ်မျိုးသားလုံးကို အကြီးအကျယ် အနာတရ
ဖြစ်စေခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပတဲ့ အမျိုးသမီး အကြိုဗိုလ်လုပွဲ ထိုင်း-
မြန်မာပွဲစဉ်မှာ ထိုင်း ဘုရင့်မြေးတော် ကိုယ်တိုင် ထိုင်းအမျိုးသမီး
ဘောလုံးအသင်းကို အားပေးခဲ့တဲ့အတွက် ထိုင်းကစားသမားတွေ အထူးတက်ကြွ
နေတာကိုလည်း တွေ့မြင်ရပါတယ်။ အမျိုးသမီး အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်း
ရသွားတဲ့ အဖွင့်ဂိုးဟာ လူကျွံနေတယ်ဆိုတာ သိသာရှင်းလင်း နေပေမယ့် ဂိုးအဖြစ်
ခွင့်ပြုခဲ့ရသလို မြန်မာအသင်း ရရှိတဲ့ အဖွင့်ဂိုးကတော့ လူကျွံတယ် ဆိုပြီး
မပေးခဲ့ပါဘူး။ ဗီယက်နမ်နဲ့ အုပ်စုပွဲမှာလည်း မြန်မာရတဲ့ ဂိုးကို လူကျွံဘော
အဖြစ်ပဲ သတ်မှတ် ခဲ့ပြန်ပါတယ်။
SEA Games ရဲ့ သဘော သဘာဝအရ
အိမ်ရှင်နိုင်ငံတွေက အားကစား ပြိုင်ပွဲတိုင်းမှာ အခွင့်အရေးတွေ ရပါလျက်နဲ့
မြန်မာအလှည့် ရောက်မှ ဘာလို့ ဒီအခွင့်အရေးတွေ မရသလဲဆိုတာ လေ့လာသုံးသပ်ဖို့
လိုလာပါတယ်။ မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုး
ကျင်းပခဲ့ပြီး နိုင်ငံတကာက ဒိုင်လူကြီး ရာပေါင်း များစွာနဲ့ ပြည်တွင်း
ဒိုင်လူကြီး များစွာကို တာဝန် ပေးအပ်ထားပါတယ်။ ပြိုင်ပွဲ ကာလအတွင်း
နိုင်ငံတကာ ဒိုင်လူကြီးတွေကို နေ့စဉ် Daily Allowence ဒေါ်လာ ၁၅၀ ပေးထားပြီး
မြန်မာဒိုင်တွေကို တစ်နေ့ ၄၀၀၀ ပေးထားပါတယ်။ ဒီမှာတင် မမျှတမှုကို စတင်တွေ့
ရှိရပါတော့တယ်။ ယခင်က ကျင်းပခဲ့တဲ့ SEA Games ပြိုင်ပွဲတွေမှာ
ပြည်တွင်းဒိုင်၊ နိုင်ငံတကာဒိုင် မခွဲခြားဘဲ နေ့စဉ် အသုံးစရိတ်ကို
ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်း ဒိုင်တွေကို Air Com မပါတဲ့
စည်ပင်ရိပ်သာက အခန်းတွေမှာ ပေးတာ။ ကုန်ဈေးနှုန်း ကြီးမားလွန်းတဲ့
နေပြည်တော်မှာ အသုံးစရိတ် ၄၀၀၀ ပဲ ပေးထားတာတွေဟာ ပြည်တွင်း ဒိုင်တွေရဲ့
နိုင်ငံချစ်စိတ်ကို ထိုးနှက်ခဲ့ပါတယ်။ ဒီလိုပါပဲ ပြည်ပကလာတဲ့
ဒိုင်လူကြီးတွေကလည်း မြန်မာတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု အပေါ် စိတ်တိုင်း
မကျခဲ့ပါဘူး။
သူတို့ စိတ်အပျက်ရဆုံးက သယ်ယူ ပို့ဆောင်ရေးကိစ္စ
ဖြစ်ပါတယ်။ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေက နိုင်ငံတကာ ဒိုင်တွေကို
ကားတွေ လုံလောက်အောင် စီစဉ် မပေးနိုင်ခဲ့ပါဘူး။ မွေလက်ဝှေ့က တာဝန်ရှိသူ
တစ်ဦးကဆိုရင် မြန်မာလက်ဝှေ့သမားတွေ လက်ရည် သာရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ
ဒိုင်တွေကို ကားငှားမပေးနိုင်ခဲ့လို့ ဆိုပြီး ညည်းထွားခဲ့ပါတယ်။ ပြီးတော့
အိမ်ရှင်နိုင်ငံက ပေးတဲ့ ယူနီဖောင်းတွေက မတော်လို့ ဝတ်ရတာမှာ အဆင်မပြေ
ဖြစ်ကုန်ကြပါတယ်။ ယူနီဖောင်းတွေ လာပေးတာကလည်း ပြိုင်ပွဲတွေ စတင်ပြီး
ရက်အတန်ကြာမှ လာပေးနိုင်တာမျိုးတွေ လည်း ရှိနေပါတယ်။ အထူးသဖြင့် အားကစား
အဖွဲ့တိုင်းမှာ ပြဿနာ အနည်းအများ ဆိုသလို ရှိပြီး သက်ဆိုင်ရာ အားကစား
ဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
သူတို့တွေဟာ ပြဿနာ တစ်ခုခုနဲ့ ကြုံဆုံရတိုင်း တာဝန်ခွဲ ဖြေရှင်းပေးလိုစိတ်
မရှိဘဲ တစ်ယောက်ယောက်ဆီကို အလျင်အမြန် လွှဲချလေ့ ရှိတယ်လို့ နေပြည်တော်ကို
ရောက်နေတဲ့ မလေးရှား ဒိုင်လူကြီးတစ်ဦးက ရင်ဖွင့်ပါတယ်။
SEA Games
မကျင်းပခင် တစ်ရက်ကလည်း ဒိုင်လူကြီး ၂၀၀ လောက်ကို ခန်းမ တစ်ခုထဲမှာ
စုဝေးစေပြီး ဝတ်စုံချုပ်ဖို့ ယိုးဒယားက ဆရာနဲ့ တစ်ယောက်ချင်း ကိုယ်တိုင်း
ယူပါသတဲ့။ တစ်ယောက်ချင်းကို သုံးလေးခါ ပြန်တိုင်းနေရလို့ နာရီ
ပေါင်းများစွာ အချိန်ကုန်ခဲ့ပြီး စောင့်ဆိုင်းရတဲ့ ဒိုင်လူကြီးတွေထဲမှာ
နိုင်ငံတကာက လေးစားအသိအမှတ် ပြုရတဲ့ လူကြီးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ဒါဟာ
On Paper နဲ့ မလုပ်တတ်ကြောင်း ပေါ်လွင်သွားခဲ့သလို ပွဲစဉ်ဇယားတွေ
ပြောင်းလဲမှုတွေအတွက် ပြင်ဆင် ဆောင်ရွက်ရာမှာ မိတ္တူကူးစက် စောင့်ရ၊
စက္ကူစောင့်ရ၊ ချုပ်စက်စောင့်ရနဲ့ အချိန် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပြဿနာတွေအတွက် တာဝန်ရှိသူတွေ သိသွားတိုင်း ‘Sorry’ တစ်လုံးနဲ့ ပြီးသွား
တာပါပဲ။
SEA Games ပြိုင်ပွဲကြီးကတော့ ခမ်းနားထည်ဝါ ခဲ့ပါတယ်။
ပိတ်ပွဲကလည်း လှပဦးမှာပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲကာလအတွင်း 4G အင်တာနက်
စနစ်တွေ မကောင်းတာ၊ IBC ထဲက စားသောက်ဆိုင်တွေ ဈေးနှုန်း အမျိုးမျိုး
ပြောင်းလဲတာ၊ LO လို့ခေါ်တဲ့ Listing Officer တွေ အရည်အသွေး မပြည့်ဝ သေးတာ၊
နေပြည်တော်မှာ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ စီမံခန့်ခွဲမှုတွေဟာ နိုင်ငံတကာ
အဆင့်အတန်း မမီတာ၊ တချို့ဆီးဂိမ်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား
ရှာဖွေ သွားတာတွေဟာ သမိုင်းတစ်ကွေ့မှာတော့ မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ပါပြီ။
မြစ်တစ်မြစ်မှာ နှစ်ခါရေမိုး မချိုးနိုင်သလို ဒါတွေ အားလုံးဟာလည်း ပြန်လည်
ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ (၂၇) ကြိမ်မြောက် SEA Games ကို မြန်မာက
အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုသာ အားကိုး
ဆုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။
Written by နဒီရဲရင့်

No comments:
Post a Comment