ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSJAC) ၏ ဆန္ဒအရ လည်းကောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ပြည်တွင်း ပြည်ပ ရှမ်းတိုင်းရင်းသား အစုအဖွဲ့များ၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တင်သွင်းသည့် လူထုဆန္ဒ သဘောထား ၉၇ ရာခိုင်နှုန်းအရ လည်းကောင်း ရှမ်းနှစ်ပါတီ ပူးပေါင်းရန် လိုလားမှုများ ရှိနေသည့်အတွက် ဟုဆိုကာ ပါတီပူးပေါင်းရေး ဆွေးနွေးရန် SNLD ဘက်က နိုဝင်ဘာ ၁၆ ရက်တွင် SNDP ဘက်သို့ ပထမအကြိမ် စာပို့ကမ်းလှမ်းခဲ့သည်။
သို့သော် လက်ရှိအချိန်ထိ SNDP ဘက်က အကြောင်းပြန်ကြားမှု မရှိသေးသည့်အတွက် တစ်လပြည့်သည့် အချိန်တွင် ထပ်မံအသိပေးသည့် အနေဖြင့် စာပို့ကာ နောက်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြီးနောက် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ခု ဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် တည်ထောင်ခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် သုံးနေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် နှစ်နေရာ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့ကာ လက်ရှိပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် တတိယ အများဆုံးရှိသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။
by eleven
No comments:
Post a Comment