ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ မွတ်စလင်
ကျေးရွာသားတွေကို တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ သတင်းဌာနတစ်ချို့က
ဖေါ်ပြခဲ့တာဟာ မှားယွင်းရေးသားကြတာသာဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
ALD ပါတီက ဒီနေ့ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ Cafe 47မှာ ဒီနေ့
သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးအေးသာအောင်က ပြောခဲ့တာပါ။
“ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှာ
မကြာခင်ကဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ တချို့သတင်းဌာနတွေက မမှန်သတင်းတွေ
လွှင့်ထုတ်တယ်၊ ဒါကိုအခြေခံပြီး တချို့သံရုံးတွေ ကလည်း တောင်းဆိုချက်တွေ
ထုတ်ပြန်တယ်၊ ဒီလိုမမှန်သတင်းတွေ တောင်းဆိုချက်တွေ လုပ်နေတာဟာ အေးချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရေးလို့ ပြောနေပေမယ့် တစ်ဘက်မှာလည်းလဲ တစ်ဖက်သတ်
ဘက်လိုက်မှုတွေ မမှန်သတင်းတွေနဲ့ လုပ်ဆောင်မှုတွေ လုပ်တဲ့သဘောမျိုးတွေဖြစ်
တယ်၊ အဲဒါကြောင့်မို့ နှစ်ဘက်တင်းမာမှုတွေ ပိုဖြစ်လာတယ်၊ တင်းမာမှုတွေကြောင့်
နောက်ထပ်ရခိုင် မှာ တင်းမာမှုတွေဖြစ်လာနိုင်တယ်၊ ဒါကြောင့်မို့လို့
ဒါတွေကို ဆင်ခြင်ဖို့ ပြောတာဖြစ်တယ်”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကလည်း မောင်တောမြို့နယ်
ဒုချီးရားတန်းကျေးရွာကိစ္စကို နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြချက်တွေဟာ
မှားယွင်းနေကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ
ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က လုံခြုံရေးရဲတပ်ဖွဲ့ တပ်ကြပ်ကြီးတစ်ဦး
ပျောက်ဆုံးခဲ့သလို အဲဒီကျေးရွာက မွတ်စလင်အမျိုးသား၊ အမျိုးသမီးနဲ့
ကလေးတစ်ချို့ အကြမ်းဖက် တိုက်ခိုက်ခံရတာတွေရှိခဲ့တဲ့အတွက် သေဆုံးသူ ၄၀
နီးပါးလောက်အထိ ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားကြပါတယ်။
မနေ့ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်
အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒုချီးရားတန်းကျေးရွာ
ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးတွေနဲ့
သတင်းမီဒီယာတချို့ကို ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ
တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း အဲဒီကျေးရွာကို
ပြည်တွင်းသတင်းဌာနတွေကို သွားရောက်လည်ပတ်ခွင့် ပြုသွားမယ်လို့
ပြောခဲ့ပါတယ်။
RFA

No comments:
Post a Comment