ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင်
မူးယစ်ဆေးဝါးရောင်းချနေသူနှစ်ဦးကို ဖမ်းဆီးလာသည့် ရဲတပ်ဖွဲ့ဝင်များအား
ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများနှင့် ဒေသခံအင်အား နှစ်ဆယ်ခန့်က လမ်းခုလတ်မှ
စောင့်ကာ တိုက်ခိုက်မှု ဇန်န၀ါရီ ၁၁ ရက် ညနေက ဖြစ်ပွားခဲ့သည်။
ထိုသို့
ရဲတပ်ဖွဲ့ကို စောင့်ဆိုင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူများ
လွတ်မြောက်သွားသည့်အပြင် တိုက်ခိုက်ခံရသည့် ရဲတပ်ဖွဲ့ဝင်များ
ဒဏ်ရာပြင်းထန်စွာရရှိကာ ဆေးရုံသို့ တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။
““ရွာသားတွေက
တူမီးသေနတ်တွေရော ဓားတွေပါကိုင်ထားပြီး ရဲတွေကို ၀ိုင်းထားတာပါ။ သူတို့ကို
ရွာသားတွေက ၀ိုင်းထားတဲ့အကြောင်း သတင်းပို့လို့ နောက်ထပ်အင်အားတိုးပြီး
လိုက်သွားတဲ့အချိန်မှာတော့ ရွာသားတွေအားလုံး ထွက်ပြေးကုန်ပါပြီ။
ရဲတွေကိုတော့ ကျိုင်းတုံဆေးရုံကို ချက်ချင်းပို့ခဲ့ရပါတယ်””ဟု
ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။
ကျိုင်းတုံမြို့နယ်၊
လွယ်လုံအုပ်စု ကျူကော်ရွာနှင့် ၀ပ်ပုံရွာကြား လယ်ကွင်းထဲတွင်
နေအိမ်ဆောက်လုပ်၍ မူးယစ်ဆေးဝါးရောင်းချနေသော အမျိုးသားနှစ်ဦးကို
မူးယစ်ရဲတပ်ဖွဲ့ ဒုရဲအုပ် မြင့်နိုင်စိုး အပါအ၀င် ရဲတပ်ဖွဲ့ဝင်လေးဦး
သွားရောက်ဖမ်းဆီးရာမှ ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း
ကျိုင်းတုံမူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးကျော်ဆွေကပြောသည်။
အဆိုပါ
မူးယစ်ဆေးဝါးရောင်းချသူနှစ်ဦးကို ဖမ်းဆီးလာစဉ် ဆွေမျိုးများနှင့် ရွာသား
နှစ်ဆယ်ခန့်က လမ်းမှစောင့်၍ ပြန်လွှတ်ပေးရန် တောင်းဆိုသည်။ ရဲတပ်ဖွဲ့က
ငြင်းဆန်သောကြောင့် ၎င်းတို့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ
ဖမ်းဆီးမှုတွင်ပါဝင်သော ရဲတပ်ဖွဲ့ဝင်အားလုံး ဓားဖြင့်အခုတ်ခံခဲ့ရသောကြောင့်
ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ရဲမှူးကျော်ဆွေကပြောသည်။
““တရားခံနှစ်ယောက်ကို
မူးယစ်ဆေးဝါးတွေနဲ့ရော၊ ပိုက်ဆံတွေနဲ့ပါ ဖမ်းမိထားတာပါ။ ရွာသားတွေက
လမ်းကစောင့်ပြီး ပြန်လုတာပါ။ ဖမ်းမိထားတဲ့သူရဲ့သားက ဦးဆောင်ပြီး
တိုက်ခိုက်တာ။ တရားခံတွေလည်း ပြန်လွတ်သွားပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကို
ပြန်ဖမ်းနိုင်ဖို့ စီစဉ်နေပါတယ်””ဟု ၎င်းကပြောသည်။
ဇန်န၀ါရီ ၁၁ ရက်က
ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင်
တာဝန်ဝတ္တရား ဆောင်ရွက်နေသူများအား အပြင်းအထန်နာကျင်စေမှု ပြစ်မှု ဥပဒေ ၃၃၃
ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
၂၀၁၃ နိုဝင်ဘာကလည်း
ပင်လယ်ဘူးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးလာသည့်
မူးယစ်ဆေးရောင်းချသူများအား ဆွေမျိုးများနှင့် ဒေသခံအချို့က ပြန်လွှတ်ပေးရန်
တောင်းဆိုရာမှ ပဋိပက္ခ စတင်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်အချို့
ဒဏ်ရာရရှိခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
7day Daily

No comments:
Post a Comment