“ကျွန်မဘ၀မှာ ဒီလိုတစ်ခါမှ မပျော်ဖူးပါဘူး”လို့ မျက်ရည်များနဲ့ အားရ၀မ်းသာပြောနေတဲ့သူက
အသက် ၂၀ အရွယ်သာရှိသေးတဲ့ မနွယ်နီဦးပဲ ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးတာကြောင့် မူလတန်းပညာသာ သင်ကြားခွင့်ရခဲ့တဲ့ သူ့အဖို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့
သူ ဖြစ်လာလိမ့်မယ်လို့ သူကိုယ်တိုင်ရော၊ မိသားစုကပါ ဘယ်သူမှ ထင်မထားခဲ့ ကြပါဘူး။
ဒါပေမဲ့လည်း ၀ါသနာကို အရင်းခံပြီး ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမယ်ဆိုရင် ထိပ်ဆုံးကို
ရောက်တယ်ဆိုတာကို ဆယ်ကျော်သက် အမျိုးသမီးလေးက အလုပ်နဲ့ သက်သေပြလိုက်ပါပြီ။
ဖခင်ဖြစ်သူ အပျော်တမ်းလက်ဝှေ့ ကစားတာကို ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ နွယ်နီဦး
ဟာ အဖေ့ခြေရာလိုက်ရင်းနဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပွဲတော်မှာ
ထည့်သွင်းကျင်းပခဲ့တဲ့ နိုင်ငံတကာလက်ဝှေ့ (Boxing) အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို
ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီအောင်မြင်မှုဟာ နှစ်ပေါင်း ၅၀ နီးပါး ရွှေတံဆိပ်ဆုနဲ့ ဝေးနေတဲ့ မြန်မာဘောက်ဆင် အားကစား
အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို ပြန်လည်ရယူပေးနိုင်သူအဖြစ် မလွဲမသွေ မှတ်တမ်းတင်ရမှာ
ဖြစ်ပါတယ်။
မနွယ်နီဦးကတော့ “ကိုယ့်ကိုယ် ကိုယ် အရမ်းအံ့ဩတယ်။ ရွှေတံဆိပ် ပြန်ရအောင် လုပ်ပေးနိုင်
လိမ့်မယ်လို့ မထင်မိဘူး။ ပျော်တယ်”လို့ အားပါးတရ ဆိုပါတယ်။
ဖြူးမြို့ဇာတိဖြစ်ပြီး မောင်နှမ ခြောက်ယောက်မှာ အကြီးဆုံးသမီးဖြစ်တဲ့ နွယ်နီဦးဟာ မိသားစု
စားဝတ်နေရေးအခြေအနေကြောင့် မောင်နှမများကို ငဲ့ညှာခဲ့ရပြီး ပညာရေးကို ဆက်လက်
သင်ကြားလိုပေမယ့် စတုတ္ထတန်းမှာပဲ ကျောင်းထွက်ခဲ့ရသူဖြစ်ပါတယ်။
“အိမ်မှာက အဖေတစ်ယောက်ရဲ့ လုပ်စာပဲရှိတဲ့အပြင် မောင်နှမတွေကလည်းများတော့ အားလုံးကို
ကျောင်းမထားနိုင်ဘူးလေ။ ကိုယ်က မိန်းကလေးလည်းဖြစ်တယ်။ အကြီးဆုံးလည်း ဖြစ်တယ်
ဆိုတော့ အဖေနဲ့အမေက သမီးပဲ ကျောင်းထွက်ပေးလိုက်ပါဆိုလို့ ကျောင်းထွက်ပြီး အပြင်မှာ
အလုပ် လုပ်ဖြစ်ခဲ့တယ်”လို့ သူမရဲ့ ငယ်ဘ၀အကြောင်းကို ပြောပြပါတယ်။
ဖခင်ဖြစ်သူမှာ ရပ်ကွက်ပျော်ပွဲရွှင် ပွဲတွေနဲ့ အာကစားပြိုင်ပွဲတွေမှာ အပျော်တမ်းလက်ဝှေ့ထိုးသူ
တစ်ဦး ဖြစ်တာကြောင့် ခုလိုမျိုးလက်ဝှေ့ မယ်တစ်ဦးဖြစ်လာတာဟာ ဖခင်ကို အားကျပြီး လက်ဝှေ့
ဝင်ထိုးခဲ့တာကြောင့်လို့ မနွယ်နီဦးက ဆိုပါတယ်။
“အဖေ လက်ဝှေ့ထိုးတာ ကြည့်ပြီး အားကျနေခဲ့တာ။ မိန်းကလေးဆိုတော့ အားလုံးက လက်ဝှေ့
မထိုးဖို့ တားကြတယ်။ သူငယ်ချင်းတစ်ယောက်က ရပ်ကွက်ထဲမှာ အလကားသင်ပေးတဲ့ လက်ဝှေ့
သင်တန်းကို တက်ပြီး ကျွန်မကိုထိုးလိုက်တာ နှုတ်ခမ်းကွဲသွားတယ်။ အဲဒါနဲ့ သင်တန်းပြန်တက်ပြီး
သူ့ကိုပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အားလုံးတားနေတဲ့ကြားက သင်တန်းသွားတက်ဖြစ်ခဲ့တာ။
နောက်ပိုင်းတော့ အရမ်းပဲ ဒီလက်ဝှေ့ကို အရူး အမူးဖြစ်ခဲ့တယ်။ ဘာမှမလုပ်ဘဲ တစ်ချိန်လုံး
လက်ဝှေ့ထိုးချင်နေတဲ့ အထိဖြစ်ခဲ့တာ” လို့ ပြောပြပါတယ်။
ဖြူးနယ်သား လက်ဝှေ့သမား ဟောင်းတွေ အခမဲ့ ဖွင့်လှစ်ထားတဲ့ သင်တန်းမှာ သွားတက်ခဲ့ပြီး
အဲဒီအချိန်မှာ အသက် ၁၅ နှစ်လောက်ပဲ ရှိသေး တယ်လို့ဆိုပါတယ်။ ရက် ၂၀ လောက် သင်တန်း
တက်အပြီးမှာ ရပ်ကွက်က ကျင်းပတဲ့ပြိုင်ပွဲနဲ့ ကြုံတာမို့ ပါဝင်ယှဉ် ပြိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရပ်ကွက်အားကစားပွဲတွေကနေ တစ်ဆင့် တိုင်းနဲ့ပြည်နယ်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ထိုးသတ်ခွင့်ရခဲ့
သလို အောင်မြင်မှုတွေလည်းရှိသလို ရှုံးနိမ့်မှုတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ငွေကြေးပိုင်းမှာတော့ ထိထိရောက်ရောက်ရရှိတာမျိုး မရှိခဲ့ဘူးလို့ မနွယ်နီဦးက ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ်မှာတော့ သူ့ဝါသနာ နဲ့ ကြိုးစားမှုအတွက် လမ်းစပွင့်လာပြီလို့ဆိုရပါမယ်။
တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတွေမှာ သူ့ရဲ့လက်ဝှေ့ထိုးသတ်ပုံကိုကြည့်ပြီး မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က
၂၀၁၃ ဆီးဂိမ်းမှာထည့်သွင်းဖို့ ခေါ်ယူပြီးသင်တန်း ပေးခဲ့တယ်လို့ ပြောပြပါတယ်။
တစ်ဖက်ကလည်း အဲဒီအချိန်တွေမှာ ၀ါသနာနဲ့ မိသားစုကြားမှာ သူ့ဘ၀အတွက်၊ သူ့မိသားစု
အတွက် အခက်ခဲဆုံးအချိန်တွေ ဖြစ်ခဲ့တယ်လို့ မနွယ်နီဦးက ဆိုပါတယ်။
“အဖေက လက်ဖက်ရည်ဆိုင်မှာ အဖျော်ဆရာဆိုတော့ သူ့ဆိုင်မှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်။
နောက်ပိုင်း လက်ဝှေ့တွေသွားထိုး၊ လေ့ကျင့်ရေးတွေ ဆင်းလုပ်တော့ ဆိုင်ရှင်က သိပ်မကျေနပ်
တော့ဘူး။ နောက်တော့ လက်ဝှေ့ပဲ သွားထိုးကြတော့ဆိုပြီး အဖေ့ကိုရော ကျွန်မကိုပါ အလုပ်က
ထုတ်လိုက်တော့တယ်။ အဖေရော ကျွန်မပါ နှစ်ယောက်စလုံး အလုပ်မရှိတော့လို့ တော်တော်လေး
မိသားစု စီးပွားရေးအခြေအနေ ဆိုးဝါးခဲ့တယ်။ ကျွန်မကတော့ လက်ဝှေ့မှာ အရမ်းအရူးအမူး
ဖြစ်နေတော့ လက်လျှော့ဖို့ လုံးဝ စိတ်မကူးခဲ့ဘူး။ လက်ဝှေ့သွား မထိုးခိုင်းရင် တစ်နေ့လုံး ထမင်း
မစားဘူး”လို့ တစ်ချိန်က ကြုံခဲ့ရတဲ့ခက်ခဲမှုတွေကို ရယ်မောရင်း ပြန်ပြောင်းပြောပြပါတယ်။
အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ပြီး ကျော်ဖြတ်ခဲ့လိုပဲ လူတိုင်း ယှဉ်ပြိုင်ခွင့် မရနိုင်တဲ့ အားကစားပွဲကြီး
မှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အောင်မြင်မှုတွေကိုပါ ဆုပ်ကိုင်နိုင်ခဲ့ပါပြီ။
ဆီးဂိမ်းပွဲဟာ သူ့အတွက် ပထမဆုံးအကြိမ် နိုင်ငံတကာပွဲဖြစ်ပြီး ဒီလိုပွဲကြီးမျိုး ထိုးသတ်ရခြင်း
မှာလည်း ပထမဆုံးအတွေ့အကြုံဖြစ်တယ်လို့လည်း ဆိုပါတယ်။
“စစချင်း ထိုးရမယ်ဆိုတုန်းက အရမ်း စိတ်လှုပ်ရှားနေတယ်။ နိုင်ငံခြားသားနဲ့ ယှဉ်ပြီးထိုးရတာ
ပထမဆုံး အကြိမ်ဖြစ်လို့လည်း ပါတယ်။ ‘မြန်မာ၊ မြန်မာ’နဲ့ အားပေးနေတဲ့ ပရိသတ်တွေကိုကြည့်ပြီး
လက်တွေတောင် တုန်တယ်။ ကိုယ့်စိတ်ကို ပြန်ထိန်းပြီး ယှဉ်ပြိုင်ခဲ့ရတယ်”လို့ သူ့ရဲ့ပထမဆုံး
နိုင်ငံတကာပွဲအကြောင်းကို ပြောပြပါတယ်။
ရွှေတံဆိပ်ဆု ပိုင်ဆိုင်ခွင့်ရတာကို ခုချိန်ထိ အိပ်မက်တစ်ခုလို ထင်မှတ်နေသေးတဲ့ မနွယ်နီဦးက
ဆီးဂိမ်းပြိုင် ပွဲအတွက် လေ့ကျင့်နေတဲ့ကာလ တစ်လျှောက်လုံးမှာလည်း ကြိုးစားလေ့ကျင့်နေ
ပေမယ့် ပြိုင်ပွဲမှာပါဝင်ခွင့် ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူးလို့လည်း ပွင့်ပွင့်လင်းလင်းပဲ
ပြောပြပါတယ်။
“အဖွဲ့မှာက မိန်းကလေးခြောက်ယောက် ရှိတယ်။ လေးယောက်ပဲ ၀င်ပြိုင်ခွင့်ရမှာဆိုတော့
ကိုယ့်ကိုယ်ကိုယ် မမျှော်လင့်ခဲ့ဘူး။ ပါဖြစ်တော့လည်း ကိုယ်ထိုးရမယ့် ၀ိတ်တန်းက ၅၄ ကီလိုတန်း၊
ကိုယ်က ၅၅ ကီလိုတန်းဖြစ်နေတော့။ ပြိုင်ပွဲနီးမှ မနက်အစောကြီး ထပြေးပြီး ၀ိတ်ချရတယ်။ ဒါပေမဲ့
ကိုယ့် ၀ိတ်က ၅၄ ကီလိုကို ဒသမကျော်နေလို့ ၅၇ ကီလိုတန်းမှာပဲ ပြိုင်ခဲ့ရတယ်”လို့ပြောပါတယ်။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသမီးဘောက်ဆင်ပြိုင်ပွဲမှာ
၄၈ ကီလိုတန်းမှာ မသက်ထားစံက ကြေးတံဆိပ်၊ ကီလို ၆၀ တန်းမှာ မခိုင်ခိုင်ဦးက ကြေးတံဆိပ်၊
၆၄ ကီလိုတန်းမှာ မကြူကြူလှိုင်က ငွေတံဆိပ်နဲ့ ၅၇ ကီလိုတန်းမှာ မနွယ်နီဦးက ရွှေတံဆိပ်ရရှိ
ခဲ့တာ ဖြစ်ပါတယ်။
နွယ်နီဦးဟာ ပြိုင်ပွဲတစ်လျှောက်မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ပြိုင်ပွဲဝင်တွေနဲ့ ထိုးသတ်ခဲ့ရပြီး
နောက်ဆုံးပြိုင်ပွဲမှာ ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ အိမ်ရှင်နိုင်ငံဖြစ်သောကြောင့် အနိုင်ပေးခံ
ရတယ်ဆိုတဲ့ စကားသံများကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“တချို့က ပြောတယ်။ အိမ်ရှင်နိုင်ငံမို့လို့ အနိုင်ပေးတာလို့။ အမှန်တော့ မဟုတ်ပါဘူး။ ပြိုင်ပွဲက
အမှတ်ပေးတဲ့ ပြိုင်ပွဲပါ။ ကျွန်မထိုးရင် အဝေးကနေ အဖြောင့်လက်သီးတွေ ထိုးပါတယ်။ ဖိလစ်ပိုင်
ကတစ်ယောက်က ကပ်ထိုးတာများတယ်။ ပြီးတော့ ၀ိုက်လက်သီးသုံးတာ များတယ်။ ဒါကြောင့်
ရိုက်သလိုဖြစ်နေတယ်။ အမှတ်ပေးစည်းမျဉ်းအရ ထိုးတာကိုပဲ အမှတ်ပေးတာပါ။ ရိုက်တာကို
အမှတ်မပေးပါဘူး။ အဲဒီပြိုင်ပွဲတုန်းက မျက်လုံးတစ်ဖက် ထိတယ်။ ပါးတစ်ဖက်ဆို ညိုပြီးရောင်လာ
တယ်။ သူက ရိုက်လက်သီးတွေသုံးတော့ အမှတ်တွေလျော့ပြီး ရှုံးတာပါ” လို့ မနွယ်နီဦးက
ရှင်းပြပါတယ်။
လက်ဝှေ့ထိုးခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း ဖိလစ်ပိုင်သူနဲ့ ရွှေလုခဲ့တဲ့ပြိုင်ပွဲဟာ အထိအနာဆုံး
ပဲလို့ လည်း သူကပြောပါတယ်။
ဒါပေမဲ့ အနာခံပြီးတဲ့နောက်မှာတော့ အသာစံခွင့်ရလာပါပြီ။ ဒီရွှေတံဆိပ်ဟာ သူ့ရဲ့ဘ၀ကို
ပြောင်းလဲပေးခဲ့ပြီလို့ မနွယ်နီဦးက ဆိုပါတယ်။
“ငွေရေးကြေးရေးအရ ပြောမယ်ဆိုရင် ဆုငွေအားလုံးပေါင်း သိန်း ၄၀၀ လောက်ရတယ်” လို့
မနွယ်နီဦးက ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။
ဒါပေမဲ့ ဒီအောင်မြင်မှုအပေါ်မှာ သာယာမနေဘဲ ၂၀၁၅ ခုနှစ်မှာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့်
ဆီးဂိမ်းပွဲမှာလည်း ပါဝင်ပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ လက်ဝှေ့မယ်လေးက
ဆိုပါသေးတယ်။
Myanmar Times

No comments:
Post a Comment