သမ္မတဦးသိန်းစိန်ထံ အသနားခံစာပေးလို၍ သမ္မတနှင့်
ငါးမိနစ်ခန့် တွေ့ဆုံခွင့်ရရေး အော်ဟစ်တောင်းဆိုသူ အငြိမ်းစား
ကျောင်းဆရာမကြီးကို အရေးယူခြင်း၊ အော်ငေါက်ခြင်း မပြုရန် သမ္မတက
မြို့နယ်တာဝန်ရှိသူ တစ်ချို့ကို မကွေးခရီးစဉ်အတွင်း ဇန်နဝါရီ ၁၆ ရက်က
ညွှန်ကြားခဲ့သည်။
"သူ့ကို ရုံးမှာခေါ်တွေ့လိုက်ပါ။ ပြဿနာရှိရင် အဖြေကလည်း ရှိမှာပဲ။
မှန်မှန်ကန်ကန်နဲ့ ဖြစ်အောင် ဥပဒေနဲ့ ညီညွတ်အောင် လုပ်ပေး လိုက်ကြပါ။
တရားစွဲတာတို့၊ အမှုဖွင့်တာတို့၊ ဟောက်တာတို့ ဟန်းတာတို့ မလုပ်ပါနဲ့။
ပြဿနာဆိုတာ ဖြေရှင်းလို့ရတယ်။ ဒါပေမယ့် ဥပဒေနဲ့ အညီလုပ်"ဟု သမ္မတက
မကွေးမြို့နယ်မှ အစိုးရဝန်ထမ်းတစ်ဦးကို ပြောကြားသည်။
မကွေးမြို့ အလယ်ရပ်ကွက်မှ အသက်၅ဝခန့်ရှိ ကျောင်ဆရာမဟောင်း ဒေါ်လှမြင့်က
မကွေးမြို့တော်ခန်းမတွင် ကျင်းပသော သမဝါယမ ချေးငွေပေးအပ်ပွဲအပြီး
သမ္မတဦးသိန်းစိန် ပြန်အထွက်တွင် မြို့တော်ခန်းမရှေ့၌ အော်ဟစ် ငိုယိုကာ
အသနားခံစာ ပေးရန် ကြိုးပမ်းခဲ့ခြင်း
ဖြစ်သည်။
"သမ္မတကြီး ၅မိနစ်လောက် တွေ့ခွင့်ပြုပါ။ ပညာရေးဝန်ထမ်း
အငြိမ်းစားပါရှင့်။ သမ္မတကြီး သနားပါရှင့်။ နေစရာမရှိအောင် အနိုင်ကျင့်
ခံရပါတယ်ရှင့်။ အိမ်ကြီးကို ဖျက်ပြီးတော့ အိမ်ဝိုင်းကြီးကို
အနိုင်ကျင့်ပြီး သိမ်းသွားလို့ပါရှင့်။ ဦးဘုန်းမော်ရွှေ (ဝန်ကြီးချုပ်)က
လျစ်လျူရှု ထားပါတယ်"ဟု ဒေါ်လှမြင့်က မြို့တော်ခန်းမရှေ့တွင် ငိုယိုကာ
အော်ဟစ်တောင်းဆိုခဲ့သည်။
၎င်းက မိမိနေအိမ်အား မတရားသဖြင့် သိမ်းဆည်းခံခဲ့ရသည်ကို
မကွေးတိုင်းဝန်ကြီးချုပ်က လျစ်လျူရှုထားသည်ဟုဆိုကာ သမ္မတကို
တွေ့ခွင့်တောင်းခဲ့ခြင်း ဖြစ်သော်လည်း တွေ့ခွင့် မရရှိခဲ့ပေ။
အဆိုပါ သိမ်းဆည်းခံမြေနှင့် ပတ်သက်၍ ဒေါ်လှမြင့်က “ကျမတို့ နှစ် (၈ဝ)
လောက်နေလာတဲ့ ကျမတို့ ဘိုးအေပိုင် ဒီမြေကွက်ကြီးကို
လုံးဝနေထိုင်ခဲ့ခြင်းမရှိတဲ့ တောင်တွင်းကြီးမြို့က ဒေါ်တင်တင် က
ဒီအိမ်ဝိုင်းမှာ နေထိုင်တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်
လက်မှတ်ယူပြီး မကွေးခရိုင် အုပ်ချုပ်ရေးမှူးရုံးကလဲ လုပ်ထုံးလုပ်နည်းနဲ့
မညီဘဲ မြေဂရံကို ထုတ်ယူသွားပါတယ်။ အဲဒီကနေ မကွေးတိုင်း တရားသူကြီးရုံးသို့
ကျမတို့ကို တရားမမှုနဲ့ တရားစွဲခံရပါတယ်။ တရားခွင်မှာ ငွေများတရားနိုင်
ဆိုသလို ကျမတို့ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲ
လောက်က အဆောက်အဦးတွေဖျက်ပြီး
အားလုံးထွက်ပေးရန် အနိုင်ကျင့်ခံလိုက်ရပါတယ်။ ယခုမြင်ရတဲ့အတိုင်း ကျမတို့
လမ်းဘေးမှာ မိုးကာတဲလေးထိုးပြီးနေရပါတယ်” ဟု ပြောသည်။
သမ္မတ၏ ကားတန်းအထွက်တွင် ဒေါ်လှမြင့်အား တာဝန်ကျ ရဲမေနှစ်ဦးက ဆွဲခေါ်ပြီး
ဟိုင်းလတ်ကားဖြင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။
ဒေါ်လှမြင့်က ကားနောက်ခန်းမှနေ၍ "အသနားခံစာလေး ပေးချင်တာ။ ပေးလို့မရဘူး"ဟု ပေးမည့်စာအိတ်ကိုပြကာ ပြောသွားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မကွေးတိုင်းအစိုးရ အဖွဲ့ရုံးမှ
ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "နိုင်ငံတော်သမ္မတကြီး၏ မှာကြားချက်အရ
ဆရာမကြီး ဒေါ်သန်းမြင့်ကို တရားစွဲဆိုခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းမပြုရန်
လမ်းညွှန်တဲ့အတွက် ဖြစ်စဉ်အမှန်အတိုင်း ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ
စစ်ဆေးဖြေရှင်း ရန်ဆောင်ရွက်သွားပါမည်" ဟု ပြောသည်။
အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်သန်းမြင့်သည် အလယ်တန်းပြဆရာမကြီး
မကွေးမြို့ အမှတ် ( ၄) အလယ်တန်းကျောင်းမှ ပင်စင်စား တစ်ဦးဖြစ်ပြီး
စစ်မှုထမ်းဟောင်း ဦးမောင်မောင် (ကွယ်လွန်) ၏ဇနီးဖြစ်သည်။
Mizzima

No comments:
Post a Comment