Friday, January 3, 2014

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လူ့အဖွဲ့အစည်းကို တောင်းပန်ရန် လိုအပ်ကြောင်း ဦးကိုကိုကြီးပြောကြား

ရန်ကုန်၊ မဇ္ဈိမ ။         ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဝန်ခံမှု၊ ၀န်ချမှု၊ တောင်းပန်မှုများသည်  လက်တွေ့ကျသည့် ခြေလှမ်း များဖြစ်ကြောင်း၊ ယင်းခြေလှမ်းများရောက်ရန် တောင်းပန်ရန် မဆိုထားဘဲ အမှန်တိုင်း လက်ခံရန် တွန့်ဆုတ်ခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်ဟု ဇန်နဝါရီလ ၂ ရက်
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား
ထာက်ပံ့ကြေး ပေးအပ်ပွဲတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဦးကိုကိုကြီးက ပြောသည်။
“တိုင်းရင်းသားတွေ ဖံွ့ဖြိုးမှုနှေးကွေးခဲ့ခြင်းနဲ့ ပတ်သက်လို့ တာဝန်ရှိခဲ့တဲ့သူတွေက တိုင်းရင်းသားတွေအပေါ်မှာ ၀န်ခံဖို့ တောင်းပန်ဖို့ လိုပါတယ်။ အဲဒါကမှ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ရုံးတင်ဖို့ ပြောနေတာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ ဝန်ချမှု၊ ဝန်ခံမှုတို့ရှိရန် လိုအပ်ပြီး အဆိုပါ ယဉ်ကျေးမှုသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက် အကူဖြစ်ပြီး၊ အဆိုပါ နှစ်လိုဖွယ်ကောင်းသည့် ယဉ်ကျေးမှုကို မသုံးပါက အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ လေထဲတွင် စကားလုံးအဖြစ်သာ ရှိနေမည်ဟု ဆက်ပြောသည်။
နိုင်ငံရေး အပြောင်းအလဲတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသားအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းသည် တိုးတက်သည့် လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ မည်သည့်ပုဒ်မ၊ မည်သည့် ပုဂ္ဂိုလ်မျိုးဆိုခြင်းကို တိတိကျကျ မသတ်မှတ်နိုင်သေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို အဓိကဆွဲခေါ်မှုရှိသော ပုဒ်မများနှင့် သတ်မှတ်ခြင်းများ၊ နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေးနှင့် ဆက်စပ်သည့် ပုဒ်မများနှင့် မဖမ်းဘဲ နိုင်ငံရေးပုဒ်မများနှင့် လုပ်ကြံပြီးဖမ်းသည့် ကိစ္စများကို ဆိုလိုကြောင်း ၎င်းကဆိုသည်။
“လက်ရှိ တာဝန်ရှိရှိ၊ မရှိရှိ အာဏာကတော့ ရှိတယ်။ ကိုယ့်မှာ တာဝန်ရှိတယ်လို ယူဆရင် နှုတ်ထွက်တဲ့ ယဉ်ကျေးမှု မရှိဘူး။
နိုင်ငံတကာမှာ ရထားအချင်းချင်း တိုက်မိရင်တောင် ဝန်ကြီးက နှုတ်ထွက်တယ် ဆိုတာမျိုးပေါ့” ဟု ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင် က အဆိုပါ အခမ်းအနားတွင် ပြောသည်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအသင်းက ပထမဆုံးအကြိမ်အဖြစ်
နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ၆၅ အနက် ၅၄  ဦးကို တစ်မိသားစုလျှင် ကျပ် ဆယ်သိန်း ကူညီထောက်ပံ့ခဲ့သော်လည်း ကျန်မိသားစု ၁၁ စုအား ဆက်လက်ထောက်ပံ့ရန် စီစဉ်နေသည်ဟု အဆိုပါ အခမ်းအနားစီစဉ်သူ ဦးအောင်မျိုးကျော်က ပြောသည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်တွင် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်က သူရဲကောင်း အာဇာနည်တွေ ဆိုတာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ တိုက်ပွဲ အဆက်ဆက်၊ အရေးတော်ပုံ အဆက်ဆက်မှာ ပေါ်ပေါက်ခဲ့ကြပါတယ်။ သူရဲကောင်း အာဇာနည်တွေဟာ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်အတွက်၊ အမျိုးဘာသာ၊ သာသနာအတွက် စွန့်လွတ်စွန့်စားခဲ့ကြ၊ ပေးဆပ် အနစ်နာခံခဲ့ကြပါတယ်ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါ အခမ်းအနားသို့ မတက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့တိုင်းပြည်မှာ ဒီလိုယုံကြည်ချက်တွေ လွတ်လပ်စွာ
ဖော်ပြနိုင်ပြီး လက်တွေ့လည်း ကျင့်သုံးနိုင်တဲ့ ခေတ်၊ အကျဉ်းတန်ခဲ့တဲ့ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အကောင်းဆုံး ကုစားနိုင်မယ့်ခေတ်ကို အမြန်ဆုံး ရောက်သင့်ပါပြီ” ဟု အဆိုပါ သ၀ဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။

by mizzima


No comments:

Post a Comment