Wednesday, January 15, 2014

၇ ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲကို သမ္မတ ဦးသိန်းစိန်တက်ရောက်

နေပြည်တော်၊ မဇ္ဈိမ။ ။မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၇ ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဇန်နဝါရီ ၁၄ ရက် ညနေ ပိုင်းက ကျင်းပခဲ့ရာ သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပွဲတော် ဖွင့်ပွဲ အခမ်းအနားထက် မနိမ့်ကျသည့် အစီအစဉ်တင်ဆက် မှုများကို တင်ဆက်ပြသခဲ့ပြီး အစီအစဉ် ၁၄ခုဖြင့် ကျင်းပခဲ့သည်။

မသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၂၇ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနှင့် နည်းတူ ဒေသတွင်းနိုင်ငံများအကြား ရေပန်းစားခဲ့သည့် Countdown (အမှတ်စဉ်ရေတွက်သည့် အစီအစဉ်) ဖြင့် စတင်ခဲ့ပြီး ယခုအစီအစဉ်တွင် ထူးခြားမှု အဖြစ် မြန်မာဂဏန်းဖြင့် ရေတွက်ကာ တင်ဆက်ပြသခဲ့သည်။
ဖျော်ဖြေရေး ကဏ္ဍတွင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းက မြန်မာဆိုင်းဝိုင်း ၊အနုပညာ တက္ကသိုလ်က တယောအဖွဲ့ ၊ ဆိုကရေးတီး ရွှေတံဆိပ်ရှင် မြန်မာအမျိုးသမီး ဆိုင်းအဖွဲ့များက အလှပြယှဉ်များဖြင့် တင်ဆက် ပြသခဲ့သည်။ ၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံ မသန်စွမ်း အဖွဲ့ချုပ်ဥက္ကဌ မစ္စတာ ဒါဒိုဇိုင်နယ်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မီးရှုးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်းနှင့် မီးရှုးတိုင် ထွန်းညှိခြင်းတို့ကို ဆက်လက် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့အတွက် ရွှေတံဆိပ် ၁၁ ခုအထိ ရယူပေးခဲ့သည့် အားကစားသမားကြီး ဦးတင်ငွေက မီးရှုးတိုင်ကို လှံတံပစ် ကာ ထွန်းညှိပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ သမ္မတကြီး ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း ၊ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အစိုးရအဖွဲ့အဝင် အရာရှိများ၊ အာကစားနှင့် ကာယပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပရိသတ် အင်အား ၁ဝ,ဝဝဝ ဝန်းကျင်တက်ရောက် အားပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနား အစီအစဉ်များ
၁။ ။Countdown ရေတွက်ခြင်း
၂။ ။အလှပြယှဉ်များနှင့်အတူ ဖျော်ဖြေရေး တင်ဆက်ခြင်း
၃။ ။နိုင်ငံတော်အလံနှင့်အတူ အာဆီယံမသန်စွမ်းအဖွဲ့ချုပ်အလံ၊ ပြိုင်ပွဲ အလံတို့ လွင့်တင်ခြင်း
၎။ ။အားကစားအဖွဲ့များ ကွင်းတွင် ဝင်ရောက်နေရာယူခြင်း
၅။ ။ပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ၊ အားကစားနှင့် ကာယပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ပြိုင်ပွဲ ကျင်းပရေး ရှင်းလင်းတင်ပြ
၆။ ။နိုင်ငံတော် သမ္မတ ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာ
၇။ ။ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒိုင်များ အားကစား အဓိဌာန် ရွတ်ဆို
၈။ ။အာဆီယံ မသန်စွမ်းအဖွဲ့ချုပ်ဥက္ကဌ မစ္စတာဒါဒိုဇိုင်နယ် အမှာစကားပြောကြား
၉။ ။မီးရှုးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း
၁ဝ။ ။လှံတံပစ် အားကစားသမားဟောင်း ဦးတင်ငွေမှ လှံဖြင့် ပစ်ကာ မီးထွန်းညှိပေး
၁၁။ ။အလံကိုင် အဖွဲ့များ၊ နိုင်ငံတော် ဘင်ခရာ အဖွဲ့နှင့် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ
၁၂။ ။ဖျော်ဖြေရေး ကဏ္ဍများနှင့် ဆက်လက်တင်ဆက်ခြင်း
၁၃။ ။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့ ပြန်လည်ထွက်ခွာခြင်း
၁၄။ ။အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်း

Mizzima

No comments:

Post a Comment