ရန်ကုန်၊ ဇန်န၀ါရီ ၃
၂၄.၁၂.၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန် ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာနေ
မဆောင်းနှင်းအေးသည် မိသားစုနှင့်အတူနေအိမ်တွင် အိပ်နေစဉ် နေအိမ်ရှေ့မှ
ခင်ပွန်းဖြစ်သူမင်းမင်းစိုး၏ အမည်အား ခေါ်သံကြားသဖြင့် ထကြည့်ရာ
ခြေရင်းအိမ်နေဦးညွန့်ရွှေနှင့်အတူ အမည်မသိ အမျိုးသား(၃)ဦးနှင့်
အမျိုးသမီး(၁)ဦးတို့အားတွေ့ရပြီး
အမည်မသိအမျိုးသား(၁)ဦးက ၎င်းတို့သည့်
ရဲများဖြစ်ကြောင်း ပြောဆိုကာ နေအိမ်ပေါ်သို့တက်လာစဉ်
ဦးညွန့်ရွှေမှာပြန်သွားခဲ့ကြောင်း၊ ၎င်းနောက် အမျိုးသား(၁)ဦးက
မဆောင်းနှင်းအေးအား မောင်ဖြစ်သူ အောင်ကိုနှင့် သူငယ်ချင်း ကို
မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း၊ အမှုမဖွင့်လိုက
ငွေကျပ် ၅ သိန်း ပေးရမည် ဖြစ်ကြောင်း၊ မပေးပါက
ဒုက္ခရောက်လိမ့်မည်ဖြစ်ကြောင်းတို့ပြောသဖြင့် မဆောင်းနှင်းအေးမှာ
၎င်းတို့တောင်းသည့်ငွေ ပေးရန်အတွက် အိပ်ခန်းအတွင်းရှိသေတ္တာထဲ၌ သိမ်းဆည်းထားသော
ငွေနှင့်ရွှေထည် ပစ္စည်းများ ထည့်ထားသည့် အိတ်ကိုယူဆောင်စဉ်
စစ်ဆေးမည်ဟုဆိုကာ အဆိုပါအိတ်အတွင်းမှငွေနှင့် ရွှေထည်ပစ္စည်း
စုစုပေါင်းတန်ဘိုးငွေ ကျပ် (၇၃၄၀၀၀၀)အား လုယူထွက်ပြေးသွားကြသဖြင့်
တက်သစ်နယ်မြေရဲစခန်း (ပ) ၁၃၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၁၇၀ ဖြင့်
အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ အမြန်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ညွှန်ကြားချက်၊ လမ်းညွှန်မှုများအရ
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည်
အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ မဆောင်းနှင်းအေး၏
အစ်ကိုဝမ်းကွဲတော်စပ်သူ သီဟအောင်အား သံသယဖြစ်ဖွယ်
အထောက်အထားများတွေ့ရှိရသဖြင့် ၎င်းနှင့်ပတ်သက်၍ အသေးစိတ်
စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၄.၁၂.၂၀၁၃ ရက်နေ့တွင် သီဟအောင်၏ မရီးတော်စပ်သည့်
မင်္ဂလာဒုံမြို့နယ်နေသူထံသို့ ဆွေမျိုးများဖြစ်သည့် နေပြည်တော်တိုင်းဒေသကြီး၊
ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ သူများဖြစ်သော ဦးမြင့်အောင်၊
နိုင်နိုင်(ခ)စိုးမြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်း၊ မသန္တာစိုးတို့
မိသားစုမှာရောက်ရှိတည်းခို နေထိုင်ခဲ့ကြောင်း၊ သီဟအောင်နှင့်
ဦးမြင့်အောင်တို့တယ်လီဖုန်းများဖြင့်
သံသယဖြစ်ဖွယ်ဆက်သွယ်မှုများရှိခဲ့ကြောင်းနှင့်
အခင်းဖြစ်ပွါးပြီးချိန်တွင်လည်း ခရီးထွက်ခွါသွားကြကြောင်းကို သံသယဖြစ်ဖွယ်
စိစစ်တွေ့ရှိခဲ့ပါသည်။
ထိုသို့ စုံစမ်းရရှိသည့် အထောက်အထားအချက်အလက်များအရ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အဖွဲ့များခွဲကာ
၎င်းတို့ထွက်ခွါရာလမ်းကြောင်းများအတိုင်း စဉ်ဆက်မပြတ်လိုက်လံစုံစမ်း
ရှာဖွေခဲ့ရာ သတင်းအရ
ကျောက်ဆည်မြို့နယ်၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍
၁.၁.၂၀၁၄ရက်နေ့(၁၄၃၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊
ကျောက်ဆည်မြို့နယ်၊ဇရပ်ဖြူကျေးရွာ၌ ရောက်ရှိ တိမ်းရှောင်ပုန်းခိုနေကြသော
ဦးမြင့်အောင်(ဘ)ဦးထွန်းခင်၊ သက်ပိုင် (ခ)ကျော်ဇင်မင်း (ဘ)ဦးတင်ထွန်း၊
မသန္တာစိုး(ခ)မေစိုး(ဘ)ဦးမြင့်အောင် တို့အား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသည့် ဦးမြင့်အောင်၊ သက်ပိုင်(ခ)ကျော်ဇင်မင်းနှင့်
မသန္တာစိုး(ခ)မေစိုးတို့(၃)ဦးအား စစ်ဆေးချက်များအရ ၎င်းတို့သည်
သီဟအောင်မှခေါ်သဖြင့် ၂၃.၁၂.၂၀၁၃ရက်နေ့တွင် နေပြည်တော်မှ
ထွက်ခွါလာခဲ့ကြကြောင်း၊ ၂၄.၁၂.၂၀၁၃ရက်နေ့ နံနက်တွင် မင်္ဂလာဒုံမြို့နယ်တွင်
နေထိုင်သည့် ဦးမြင့်အောင်၏သမီးဖြစ်သူထံရောက်ရှိ နေထိုင်ခဲ့ကြောင်း၊
ညပိုင်းတွင် ဦးမြင့်အောင်ထံသို့ သီဟအောင်မှ ဖုန်းဆက်ခေါ်သဖြင့်
၎င်းတို့(၃)ဦးနှင့် နိုင်နိုင်(ခ)စိုးမြင့်အောင်တို့သည် ဆိုင်ကယ် ကယ်ရီဖြင့်
လှိုင်သာသာမြို့နယ်၊(၂၀)ရပ်ကွက်၊ ဝေပုလ္လပတ်လမ်းထိပ် သို့သွားရောက်၍
သီဟအောင်နှင့်တွေ့ဆုံခဲ့ကြောင်း၊ သီဟအောင်မှ
အခင်းဖြစ်နေအိမ်မိသားစုအကြောင်းနှင့်
လုပ်ဆောင်ပြောဆိုရမည်များကိုရှင်းပြခဲ့ကြောင်း၊ အခင်းဖြစ်ချိန်တွင်
ဦးမြင့်အောင်၊ သက်ပိုင်(ခ) ကျော်ဇင်မင်းနှင့် မသန္တာစိုးတို့မှ
မင်းမင်းစိုးအမည်အားခေါ်ကာ အိမ်ထဲသို့ဝင်သွားပြီး သီဟအောင် နှင့်
နိုင်နိုင်(ခ)စိုးမြင့်အောင်တို့က အပြင်တွင်နေရစ်ခဲ့ကြကြောင်း၊
ထိုသို့ဝင်ရောက်ခဲ့ရာအိမ်မှားဝင်မိသဖြင့် အနီးရှိနေအိမ်မှအမျိုးသား တစ်ဦးက
မင်းမင်းစိုးနေအိမ်သို့လိုက်ပြခဲ့ပြီးပြန်သွားခဲ့ကြောင်း၊
အခင်းဖြစ်အိမ်သို့ရောက်ရှိသည့်အခါသီဟအောင်မှအပြင်တွင် နေခဲ့ကြောင်း၊
ဦးမြင့်အောင်မှသီဟအောင် သင်ပေးထားသည့်အတိုင်း ပြောဆိုခဲ့ပြီး
မဆောင်းနှင်းအေးထံမှ ငွေနှင့်ရွှေထည်ပစ္စည်းများအား
လုယူကာထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
၎င်းတို့ထံမှ အမှုမှပါဆုံးပစ္စည်းများဖြစ်သည့် ငွေနှင့်ရွှေထည်ပစ္စည်းများ အနက်
ရွှေထည်ပစ္စည်းအလေးချိန်(၆)ကျပ်သားကျော်နှင့် ငွေကျပ် (၇၄၀၀၀၀) တို့အား
ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ကျန်ထွက်ပြေးတရားခံ သီဟအောင်နှင့်
နိုင်နိုင်(ခ)စိုးမြင့်အောင်တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

No comments:
Post a Comment