Saturday, January 25, 2014

ဒုချီးရားတန်း ပဋိပက္ခ နိုင်ငံတကာ ပြောဆိုမှုတွေကို မြန်မာအစိုးရ တုန့်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး - လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ တောင်းဆိုချက်တွေအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်တွေကို စောင့်ဆိုင်း သင့်တယ်လို့လည်း ဒုဝန်ကြီး ဦးရဲထွဋ် က ပြောဆိုခဲ့ပါတယ်။
အခုလို နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေ၊ ဒုချီးရားတန်းရွာက ဖြစ်ရပ်အပေါ် ဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ သွားရောက် စုံစမ်းခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒုဝန်ကြီး ဦးရဲထွဋ် ကို မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စတင် ဖြေကြားခဲ့ပါတယ်။

“ပြည်နယ်ဝန်ကြီးချုပ် သွားပါတယ်။ နောက် အဲဒီဒေသက ရွေးချယ် တင်မြှောက်ခြင်းခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ပါသွားပါတယ်။ နောက်စစ်တွေမှာ အခြေစိုက်တဲ့ UNHCR နဲ့ UNOCHA က နှစ်ယောက် ပါသွားပါတယ်။ အဲဒီမှာ အဓိကကတော့ အဲဒီ ဖြစ်စဉ် တကယ်ဖြစ်ပွါးခဲ့ခြင်းရှိမရှိ ဒါကိုသွားပြီးတော့မှ ဒေသခံတွေရယ် ဘာသာရေးခေါင်းဆောင်တွေကို သွားပြီးတော့ လွတ်လွတ်လပ်လပ် မေးမြန်းခွင့်ပြုတာ။ ဒါက တစ်ချက်ပါ။

အဲဒီမှာတော့ လွှတ်တော်ကိုယ်စားလှယ်က မေးတဲ့အခါမှာကော ယူအန်ကမေးတဲ့အခါမှာကော ပြည်နယ်ဝန်ကြီးချုပ် ကမေးတဲ့ အခါမှာကော အေပီသတင်းစဉ်မှာ ပါတဲ့ဖြစ်စဉ်တွေ တကယ်မဖြစ်ခဲ့ဘူး ဆိုတာ ကျနော်တို့သိရပါတယ်။ ဒုတိယအဆင့် ကတော့ ကျနော်တို့ ဘာလုပ်သလဲ ဆိုတော့ အဲဒီမှာ ရဲတပ်ကြပ်ကြီး  သေဆုံးမှုနဲ့ပါတ်သက်လို့ စိုးရိမ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေရှိတဲ့ ရွာကိုသွားတွေ့ပါတယ်။

သွားတွေ့ပြီးတော့ ရွာသားတွေကို မိမိနေရာမှာ မိမိပြန်လည်နေထိုင်ဖို့ ဒီရာဇဝတ်မှုနဲ့ပါတ်သက်လို့ အမှုမှန်ဖော်ထုတ်နိုင်ဖို့ ပဲ ပူးပေါင်းဆောင်ရွက်ဖို့ ကိုယ့်မှာ ပြစ်မှုကျူးလွန်တာမရှိရင် ဘာမှ မစိုးရိမ်ခြင်းမရှိဖို့ ဆိုပြီးတော့ ကျနော်တို့ သွားပြောပါတယ်။ နောက်တစ်ခါ စုံစမ်းစစ်ဆေးဖို့ ခေါ်ယူထားတဲ့လူ ၂ယောက်ကိုလည်း အပြစ်မရှိကြောင်းတွေ့ရင် ပြန်လွှတ်ပေးမယ်ဆိုတာကို ကျနော်တို့ ရှင်းပြခဲ့ပါတယ်။

နံပါတ်သုံးအချက်ကတော့ အခင်းဖြစ်ပွါးခဲ့တဲ့ရွာကို ကျနော်တို့သွားပါတယ်။ သွားပြီးတော့ အဲဒီရွာမှာ တပ်ကြပ်ကြီးရဲ့ သွေးစွန်းနေတဲ့ အဝတ်တွေတွေ့ တဲ့နေရာ သူ့ရဲ့ချပ်ဝတ်တန်ဆာတွေ တွေ့တဲ့နေရာတွေကို သွားကြည့်ပါတယ်။ ပြီးလို့ရှိရင် လူတွေ ထွက်ပြေးတဲ့အခါမှာ ထားပစ်ခဲ့တဲ့ ပစ္စည်းတွေနဲ့ မော်တော်ဆိုင်ကယ်တွေ ဒီလိုဟာမျိုးတွေကို ပျက်စီးတာမျိုး မရှိအောင် ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အခြေအနေ အိမ်တွေ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အခြေအနေ အဲဒါတွေအားလုံးကို သွားကြည့်ပါတယ်။ ဒါက လက်ရှိဆောင်ရွက်ပေးနေတဲ့ အခြေအနေပေါ့။

မနန္ဒာချမ်း။   ဟုတ်ကဲ့ပါရှင့် ကျမတို့ နောက်ထပ် ကြားသိရတဲ့ သတင်းတွေ အရပေါ့နော်။ ဒီလိုလာရောက် စုံစမ်းစစ်ဆေးမေးမြန်းတဲ့အခါမှာ အဖြစ်မှန်မပြောဖို့ဆိုပြီး အာဏာပိုင်တွေက ပိတ်ထားတယ်ဆိုပြီး သတင်းထွက်နေပါတယ်ရှင့်။ တချို့ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီ့အပေါ်မှာရော ဝန်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဦးရဲထွဋ်( ဒုတိယပြန်ကြားရေးဝန်ကြီး)

“ဒီဖြစ်စဉ်ကြီးတခုလုံးကပေါ့နော် တကယ်ကျတော့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးလုပ်တဲ့အချိန် နောက်တခါ မစ္စတာနမ်ဗီးယား လာတဲ့အချိန် ဒါတွေကို အချိန်ကိုက်ပြီးတော့မှ ရဲတပ်ကြပ်ကြီးကို အကွက်ဆင်ပြီး လှုံ့ဆော်ပြီးမှ တိုက်ခိုက်တယ်။ တဖက်က ကျနော်တို့ဘက်က ဥပဒေနဲ့အညီ ပုံမှန် ကိုင်တွယ်ဆောင်ရွက်တဲ့ အခါမှာ သူတို့ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုကို ဖျောက်ဖျက်သွားအောင်လို့ ဟိုဘက်က နေပြီးတော့မှ ဒီလို သတင်းမှားတွေ ထုတ်လွှင့်တယ်။

ကျနော်တို့က အဖြစ်မှန်ကိုပြောဖို့ ဘာမှပိတ်ပင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့ကိုယ်တိုင်က အဖြစ်မှန်ကို ဖော်ထုတ်ချင်လို့ သွားနေတာ။ တကယ်တော့ အဲ့ဒီ့ဒေသမှာ ဘင်္ဂလားဒေ့ရှ်နဲ့နီးပြီးတော့မှ မိုဘိုင်းလ်ဖုန်းတွေ ဒီလောက် ရှိနေတာ၊ ဒီဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်ဆိုတာ သူတို့မှာ ဓာတ်ပုံ တစ်ပုံတောင် ပြနိုင်စရာမရှိဘူး။

ဒါကြောင့်မို့ ဖြစ်စဉ်က မှားယွင်းတဲ့ဖြစ်စဉ်၊ ဒါဟာ အကွက်ကျကျနဲ့ ဒီကိစ္စကို နိုင်ငံတကာ မျက်နှာစာတွေပေါ် ရောက်အောင် လုပ်နေတဲ့ကိစ္စ၊ ဒီကိစ္စမှာ ခုနကလို AP လို သတင်းဌာနမျိုးတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေက အဲ့ဒီ့ဒေသမှာ ရှိတဲ့ ကုလသမဂ္ဂ အရာရှိတွေရဲ့ ပြောစကားကို မမေးပဲနဲ့ တဖက်က လာတဲ့ သတင်းတွေ၊ ဘာမှ အကောင်အထည် မဖော်နိုင်တဲ့ အရင်းအမြစ်တွေ ကနေ ပြောတဲ့ဟာတွေကို ကိုးကားပြီး လုပ်တာတော့ အင်မတန်မှ ဝမ်းနည်းဖို့ကောင်းတယ်။
ဒေသတွင်းမှာ ရှိတဲ့ သံသယတွေ၊ တင်းမာမှုတွေကို ပိုမြင့်မားအောင် လုပ်တဲ့အခါကျတော့ တမင်တကာ ရည်ရွယ်ပြီးတော့မှ ပဋိပက္ခတွေ ပြန်ဖြစ်အောင် လှုံ့ဆော်တဲ့ သဘောမျိုးဖြစ်နေတာ တွေ့ရတယ်။"

နန္ဒာချမ်း။  ။ ဟုတ်ကဲ့ရှင့်။ နောက်တစ်ခုက ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ သူတို့ရဲ့ခရီးစဉ်ပြီးသွားလို့ရှိရင်၊  နောက်ဆက်တွဲပေါ့လေ သူတို့စုံစမ်းသိရှိတဲ့ အချက်အလက်တွေကို ဘာဆက်လုပ်သွားဖို့ရှိပါသလဲရှင့်။ ဥပမာ လွှတ်တော်ကို တင်ပြဖို့ရှိသလား။

ဦးရဲထွဋ်(ဒုတိယပြန်ကြားရေးဝန်ကြီး)

" ဒါကတော့ ခုနကလို တိုင်ကြားချက်တခု ရှိတဲ့ အတွက်ကြောင့်မို့ ပြည်နယ်မှာ တာဝန်ရှိတဲ့ သူတွေနဲ့ နိုင်ငံခြားက အဖွဲ့အစည်းတွေ စစ်ဆေးတယ်။ မဟုတ်ဘူးဆိုရင်တော့ ဘာမှ ကျနော်တို့ ဆက်ပြီးတော့ စုံစမ်းစရာမရှိဘူး။ သို့သော် ဒီမှာ တချို့ သံတမန်များက သူတို့ အဲ့ဒီ့နေရာကို သွားရောက်ပြီးတော့ လေ့လာချင်တယ်လို့ လာရောက်ညှိနှိုင်းတာတွေရှိတယ်။ ဒါတွေကိုတော့ လောလောဆယ်တော့ ကျနော်တို့ ဘယ်လိုစီစဉ်ပေးရမယ်ဆိုတာ စဉ်းစားဆောင်ရွက်တုန်းပဲရှိသေးတယ်။

အခု တကယ်အမှုပေါ်အောင် စုံစမ်းနေတာက ရဲတပ်ကြပ်ကြီးကို သတ်လိုက်တဲ့ လှုံ့ဆော်တဲ့ တရားခံကို ကျနော်တို့ မိအောင် စုံစမ်းဖော်ထုတ်နေ တယ်။ လောလောဆယ် ကျနော်တို့ စုံစမ်းရတဲ့ သတင်းအရ သူက RSO မှာ လေ့ကျင့်ခဲ့ပြီးတော့မှ တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ကျနော်တို့ သိရတယ်။"

နန္ဒာချမ်း။   ။ ဟုတ်ကဲ့ရှင့်။ နောက်ပြီးတော့ မနေ့တုန်းက နိုင်ငံတကာကရော၊ ကုလသမဂ္ဂကပါ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြစ်တင်ရှုံ့ချတဲ့ အကြောင်း၊ ပြီးတော့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို ချက်ခြင်းလုပ်ပေးဖို့နဲ့ ဘေးဒဏ် ခံရသူတွေ၊ မိသားစုဝင်တွေကို တရားမျတတဲ့ ခံစားမှုရအောင် လုပ်ပေးပါ ဆိုပြီး မြန်မာအစိုးရကို တောင်းဆိုပါတယ်ရှင့်။ ဒီ့အပေါ်မှာ ဝန်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဦးရဲထွဋ်(ဒုတိယပြန်ကြားရေးဝန်ကြီး)

" အဲ့တာကတော့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းမျိုးက ဒီမှာရှိတဲ့ အစိုးရနဲ့ Confirm လုပ်ပြီးတော့မှ ထုတ်ပြန်ရမယ့်အစား၊ တဖက်ကရတဲ့ သတင်းတခုတည်းကို အခြေတည်ပြီးတော့ ထုတ်ပြန်တာ တကယ်တော့ သံတမန်ကျင့်ဝတ်နဲ့မညီလို့  ကျနော်တို့ လုံးဝ လက်မခံပါဘူး။ ပယ်ချပါတယ်။ တကယ်စာနာရမယ့် မိသားစုက ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးရဲ့ မိသားစု၊ ဒါကိုပဲ စာနာရမှာ။

ကျန်တဲ့သူတွေက စိုးရိမ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့သူတွေ၊ သူတို့ရဲ့ အိမ်တွေ မပျက်ဆီးအောင် ကျနော်တို့ စောင့်ရှောက်ပေးထားတယ်။ အဲ့တာကို ပြည်နယ် ဝန်ကြီးချုပ်နဲ့ အရာရှိတွေကိုယ်တိုင် မျက်မြင်တွေ့ပြီးပြီ။ ဒီလူတွေဆီက သတင်းကို Confirm ရအောင် မစောင့်ပဲနဲ့ ကုလသမဂ္ဂက အလွယ်တကူ ထုတ်ပြန်တာ ကျနော်တို့ အင်မတန်မှ စိတ်ပျက်စရာကောင်းပါတယ်။

နန္ဒာချမ်း။   ။ ဟုတ်ကဲ့ ၊ ဝန်ကြီး ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဒါကတော့ မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဗယ်လာရီ အေးမော့စ် (Valerie Amos) နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နာဗီ ပီလေး တို့ကနေ ကြာသပတေးနေ့က တပြိုင်တည်း ကြေညာချက် ထုတ်ပြန်ပြီးတော့ - အကြမ်းဖက်မှုအပေါ် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ချက်ခြင်းပြုလုပ်ဖို့၊ ဒုချီးရားတန်းရွာမှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတဲ့အပေါ် ပြစ်တင် ရှုတ်ချကြောင်းနဲ့ ဘေးဒဏ်ခံခဲ့ရသူတွေနဲ့ မိသားစုဝင်တွေ တရားမျှတမှု ခံစားရအောင် လုပ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုကြောင်း၊ ဒီလုပ်ငန်းစဉ်ကို အထောက်အကူ ပြုပေးဖို့အတွက် မိမိရဲ့ဌာနအနေနဲ့ အဆင်သင့်ရှိတဲ့အကြောင်းတွေကို ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

VOA

No comments:

Post a Comment