တင်းတိတ်ဆိုတာ
အရေပြားမှ ရောင်ခြယ်ထုတ်ဆဲလ် melanocyte တွေ မှ melanin ဆိုတဲ့
ရောင်ခြယ်တွေ လိုသည်ထက် ပိုထုတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ တင်းတိတ်ဖြစ်တဲ့
နေရာလေးတွေက သာမန် အရေပြားထက်ပိုပြီး ညိုနေတတ်ပါတယ်။ ၈၀% လောက်ကို
အမျိုးသမီး မှာတွေ့ရတတ်ပါတယ်။
တင်းတိပ်ဘာကြောင့်ဖြစ်ရတယ်
နေရောင်ခြည် -
အပြင်နေရောင်ခြည်နဲ့ထိတွေ့တဲ့ အခါ အသားဟာနီလာပါတယ်။
ရက်အနည်းငယ်ကြာတဲ့အခါ ညိုသွားပါတယ်။ အပြင်မထွက်တော့ပဲ
အိမ်ထဲပြန်အောင်းလိုက်ရင် နဂို အသားအရေ ပြန်ပြောင်းသွားပါတယ်။ ဒါပေမယ့်
အပြင် အမြဲထွက်နေရတဲ့သူတွေမှာ နေရောင်ခြည်ကို ထိတွေ့ဖန်များလာတဲ့အခါ အရင်
အသားအရေကို ပြန်မပြောင်းနိုင်တော့ပဲ နေသားကျသွားပါတယ်။
မ ဟော်မုန်း -
တင်းတိတ်ဖြစ်သူ အများစုမှာ သွေးထဲ မ ဟော်မုန်း အီစတရိုဂျင်
များနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် နဲ့ သန္ဓေ့တားဆေး အသုံးပြုနေတဲ့ အခြေအနေ
တွေမှာ မဟော်မုန်း များတတ်ပါတယ်။ တချို့တွေမှာ သန္ဓေတားဆေးရပ်လိုက်တဲ့အခါ၊
ကလေးမွေးပြီးတဲ့ အခါမှာ သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။
အလှကုန်
တချို့ ရနံ့ထည့်ထားတဲ့ ဆပ်ပြာ၊ ရေမွှေး စတဲ့ အလှကုန် ပစ္စည်းများဟာ
နေရောင်ခြည်နဲ့ တွေတဲ့ အခါ phototoxic reaction ဖြစ်ပေါ်ခြင်းကို အားပေးပြီး
ကာလတာရှည် တင်းတိတ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။
တချို့ဆေးတွေ e.g. minocycline (တက်ထရာဆိုင်ကလင်း မျိုးခွဲ) တွေဟာလည်း phototoxic reaction ဖြစ်ပေါ်ခြင်းကို အားပေးပါတယ်။
သိုင်းရိုက် ဟော်မုန်း
သွေးထဲ သိုင်းရိုက်ဟော်မုန်းနည်း နေတဲ့ အခါမှာလည်း
တင်းတိတ်ဖြစ်ပေါ်တတ်ပါတယ်။ သိုင်းရိုက်ဟော်မုန်း ချို့တဲ့တဲ့ လက္ခဏာ များက
တော့ ခန္ဓာကိုယ် ဝ လာခြင်း၊
မလှုပ်ချင်မရှားချင်ဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အသံဩခြင်း၊ ကြွက်သားများ
ညောင်းညာကိုက်ခဲခြင်း စိတ်ဓာတ်ကျခြင်း၊ ရာသီသွေးဆင်းများခြင်း၊
ဝမ်းချုပ်ခြင်း၊ စတာတွေဖြစ်ပါတယ်။
မျိုးရိုး
အမျိုးထဲမှာ တင်းတိတ်ဖြစ်တဲ့သူရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဘယ်လို ကုသမလဲ?
တင်းတိတ်ကို ပျောက်ကင်း အောင်ကုသမယ်ဆို စိတ်ရှည်ဖို့လိုပါတယ်။
Hydroquionone (2-4%) လိမ်းဆေး – မျက်နှာပေါ်မှာရှိတဲ့ melanin
ရောင်ခြယ်တွေကို မှိန်စေပါတယ်။ တင်းတိတ်ဖြစ်ပေါ်တဲ့နေရာတွေကို ညစဉ် ၂ လ မှ
၎လ အထိ လိမ်းပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ အရေပြားကို ရောင်ပြီး
စပ်ဖြင်းဖြင်း ဖြစ်တတ်ပါတယ်။ ကာလရှည်လိမ်းမယ်ဆိုရင်တော့ မသင့်တော်ပါဘူး။
Azelaic Acid ခရင်မ် / လိုးရှင်း – ကာလတာရှည် အသုံးပြုနိုင်ပါတယ်။
သန္ဒေ့သား အပေါ် ဘေးထွက်ဆိုးကျိုးမရှိတာကြောင့် ကိုယ်ဝန်ဆောင်များ
စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
Kojic acid နဲ့ steroid တွေ ကိုတော့ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ contact dermatitis ကိုလျှော့ချပေးပါတယ်။
Vitamin C - ရောင်ခြယ်ထုတ်လုပ်မှုကို
ဟန့်တားပေးပါတယ်။ ဓာတ်မတည့်တာမျိုးမရှိပေမယ့် ရေမှာပျော်ဝင်တဲ့
အမျိုးအစားဖြစ်တာကြောင့် အာနိသင် ပျက်လွယ်ပါတယ်။
Peeling – မျက်နှာ အပေါ်အရေပြားအလွှာ ခွါတာမျိုးပြုလုပ်ပေးနိုင်ပါတယ်။
အသုံးပြုနိုင်တာတွေက alpha hydroxy acid, Retinoid (ဗီတာမင် အေ) နဲ့
salicylic acid တို့ဖြစ်ပါတယ်။ လေဆာ လည်းလုပ်နိုင်ပါတယ်။ ဒါပေမယ့်
နောက်ပိုင်းမှာ လေဆာကြောင့် ရောင်တဲ့အသားက အညို ထပ်ထင်တတ်ပါတယ်။
သောက်ဆေးအနေနဲ့ကတော့ မ ဟော်မုန်းကို ဟန့်တားပေးတဲ့ Trenaxemic acid ကို
trial တွေမှာ စမ်းနေတုန်းပါပဲ။ ပုံမှန်ဆိုရင်တော့ သူ့ကို
ရာသီသွေးဆင်းများတဲ့သူတွေကို ပေးတတ်ပါတယ်။
ဆေးမသောက်ပဲ လုပ်နိုင်တာလေးတွေက –
လက်ရှိသောက်နေတဲ့ ကိုယ်ဝန်တားဆေးကို ရပ်ပါ။
အမြှုပ်သိပ်မထွက်တဲ့ အပျော့စား ဆပ်ပြာနဲ့ မျက်နှာသစ်ပါ။
အပြင်ထွက်တိုင်း နေရောင်ကာတဲ့ sunscreen လိမ်းပါ။ သနပ်ခါးလည်း SPF ဂုဏ်သတ္တိရှိလို့ လိမ်းနိုင်ပါတယ်။
Credit: Thanakharmay

No comments:
Post a Comment