တရုတ်နိုင်ငံ ဟောင်ကောင်မြို့ရဲ့ လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့
နိုင်ငံခြားသား အိမ်အကူ လုပ်သားတွေ ဇန်န၀ါရီ ၁၉ ရက်နေ့က ဆန္ဒပြနေကြပါတယ်။
ဟောင်ကောင်အလုပ်ရှင်တွေက ၈ လကြာ နှိပ်စက်တာခံရတဲ့ အင်ဒိုနီးရှား
အိမ်အကူလုပ်သား တယောက် အတွက် တရားမျှတမှုကို တောင်းဆိုရင်း လူ၅ထောင်လောက်
ဆန်ဒပြပွဲမှာ ပါဝင်ခဲ့တယ်လို့ စည်းရုံးသူတွေက ပြောပါတယ်။ အသက် ၂၃နှစ်အရွယ် အီရိဝါနာ ဟာ အလုပ်ရှင်တွေ နှိပ်စက်မှုကြောင့် မျက်နှာ၊
ခြေနဲ့ လက်တွေပါ အပူလောင်ဒဏ်ရာတွေ ခံစားခဲ့ရတယ်လို့ စွပ်စွဲ ထားပါတယ်။
ကျမတို့ဟာ အလုပ်သမားတွေ ဖြစ်တယ် ကျွန်တွေ မဟုတ်ဘူးလို့လည်း
ဆန္ဒပြသူတွေက ကြွေးကြော် ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဟောင်ကောင်
ရဲဗဟိုဌာနချုပ်နဲ့ ဟောင်ကောင် ဗဟိုအစိုးရရုံးတွေ ရှေ့မှာ
စီတန်းလှည့်လည်ခဲ့ အိမ်အကူလုပ်သားတွေကို ပိုကာကွယ်ပေးဖို့
တောင်းဆိုခဲ့ ပါတယ်။
ဆန္ဒပြပွဲကို စီစဉ်သူတွေထဲက တယောက်ကတော့ ဟောင်ကောင်က
ရွှေ့ပြောင်းလုပ်သား အိမ်အကူလုပ်သားတွေရဲ့အခြေအနေက ကျွန်တွေလိုပဲ
အလွဲသုံးစားလုပ်တာ ခေါင်းပုံဖြတ်တာ ခံရဖို့ သိပ်လွယ်တယ် လုံလောက်တဲ့
ကာကွယ်မှုတွေ ပိုကောင်းတဲ့ အလုပ်အကိုင် အခြေအနေတွေကို လုပ်သားတွေကို
ပေးတာ သေချာအောင် လုပ်သင့်တယ် ရွှေ့ပြောင်းလုပ်သား ဆန့်ကျင်ရေး
မူဝါဒတွေကို ပယ်ဖျက်သင့်တယ်လို့ပြောပါတယ်။
ဟောင်ကောင် ရဲအရာရှိ ၄ ယောက်နဲ့ အလုပ်သမားရုံးအရာရှိ ၂ ယောက်ဟာ
အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ်က ဆရာဂံ ကို ဇန်န၀ါရီ ၂၀
ရက်နေ့မှာ သွားရောက်ပြီး နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူကို တွေ့ဆုံမှာပါ။
ဒီအမှုကို အကြီးအကျယ် အရေးကြီး အမှုအဖြစ် သတ်မှတ်ထား တယ်လို့ ဇန်န၀ါရီလ ၁၇
ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရဲတွေက ဖော်ပြပါတယ်။
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသမှာ အိမ်အကူလုပ်သား ၃ သိန်း ၂
သောင်းနီးပါးရှိပြီး အားလုံးနီးပါးက အမျိုးသမီးတွေဖြစ်ပြီး တ၀က်ကျော်က
အင်ဒိုနီးရှား နိုင်ငံသားတွေလို့ အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဟောင်ကောင်အလုပ်ရှင်တွေဟာ နိုင်ငံခြားသား အိမ်အကူတွေကို
ရုပ်ပိုင်းဆိုင်ရာရော အပြောအဆိုအရပါ ပုတ်ခတ် နှိပ်စက်မှု တွေ အပါအ၀င်
ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကြာခဏ ကျူးလွန်တယ်လို့
အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
DVB

No comments:
Post a Comment