ရန်ကုန်၊ မဇ္ဈိမ ။ ။ မလေးရှားနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သား
၆၉ အနက် လေးဦးမှာ မလေးရှား ကွာလာလမ်ပူလေဆိပ် အရောက်တွင်
ပြန်လည်ထွက်ပြေးသွားသည်ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းနှင့်
ပြန်လာသော လုပ်သားများက အတည်ပြုပြောကြားသည်။
မြန်မာလုပ်သားများကို တာဝန်ယူခေါ်ဆောင်လာသော အေဂျင်စီအသင်းချူပ် အမှုဆောင်
တစ်ဦးဖြစ်သည့် ဦးကိုကိုလေးက "လေဆိပ်ကိုရောက်ပြီး
လေးယောက်ပြန်ထွက်ပြေးသွားတယ်၊ သူတို့ရဲ့ပတ်စ်ပို့တွေကို
ခိုးပြီးတော့ပြန်သယ်လာရတယ် ခုဒီရောက်တော့ တာဝန်ရှိသူတွေကို
ပြန်အပ်ပေးသွားမယ်” ဟု ရန်ကုန်လေဆိပ်တွင် မီဒီယာများကို ပြောသည်။
မြန်မာနိုင်ငံကို ပြန်လာရန်အတွက် အလုပ်သမားများ၏ သဘောတူညီချက်ဖြင့်
ခေါ်ဆောင်လာခြင်းဖြစ်ပြီး လေယာဉ်လက်မှတ်များ ကြိုတင်ဝယ်ယူထားသော်လည်း
လေဆိပ်ရောက်ပြီးချိန် နာရီဝက်ကျော်တွင် ထွက်ပြေးသွားသည်ဟုဆိုသည်။
ထွက်ပြေးသွားသူများကို ပြန်လည် လိုက်ရှာဖွေရန်ခက်ခဲ့သည့်အတွက်
အေဂျင်စီအသင်းချူပ် အနေဖြင့် နောက်ပိုင်းဖြစ်ပေါ်လာသည့် ပြသာနာများကို
တာဝန်ယူဆောင်ရွက်ပေးနိုင်မည် မဟုက်ကြောင်း ၎င်းကဆက်ပြောသည်။
"နောက်ပိုင်းသူတို့ မိသားစုတွေနဲ့ အဆက်အသွယ်ရတယ်ဆိုရင်
ပြဿနာမဟုက်ဘူးပေါ့၊ သူတို့အပိုင်းဖြစ်သွားပြီ၊ အိုဗာစတေးဖြစ်သွားတဲ့အတွက်
အဖမ်းခံရတယ်ဆိုရင် ထောင်ကျသွားတယ်၊ အဲဒီထဲမှာ ပါလားမပါလား ဆိုတာတော့
ရှာဖွေပေးသွားမယ်၊ ကူညီဆောင်ရွက်ပေးသွားမယ်” ဟု ဦးကိုကိုလေးက မဇ္ဈိမကို
ပြောသည်။
ပြန်လာသည့် မြန်မာအလုပ်သမားများကို ယခုကဲ့သို့ ကျန်ခဲ့မည်
ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် အပေါ့အပါးသွားလျှင်ပင် ငါးယောက်တစ်တွဲဖြင့်
ခွင့်ပြုပြီး ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
အတူပြန်လာသူများကမူ မလိုက်နိုင်တော့သဖြင့် အခြားနေရာတွင် အလုပ်လုပ်ကိုင်ရန်အတွက် ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
မလေးရှားနိုင်ငံမှ ပြန်လာသူ ကိုဟိန်းမင်းက "ထွက်ပြေးသွားတဲ့သူတွေက
တစ်ခြားနေရာမှာ သူတို့အကိုတွေ ရှိတယ်လို့ပြောတယ်၊ အဲဒီကိုသွားလုပ်ကြတာ
ပြန်လာဖို့ကြတော့လည်း မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် မလိုက်တော့တာ”ဟု
ပြောသည်။
ထွက်ပြေးသွားသူများသည် ကိုနိုင်မျိုးထွန်း၊ ကိုလင်းဇော်ဌေး၊
ကိုစည်သူကို၊ ကိုကျော်ထွန်းဦးတို့ ဖြစ်သည်ဟု တာဝန်ရှိသူများက
အတည်ပြုပြောကြားသည်။ မြန်မာအလုပ်သမားများကို Shin Yang သင်္ဘောတည်ဆောက်ရေး
ကုမ္ပဏီတွင် အလုပ်ဆက်လက် လုပ်ကိုင်ခြင်း မပြုလုပ်လိုပါက အခြားနေရာများတွင်
အသင်းချူပ်အနေဖြင့် တက်နိုင်သလောက် ရှာဖွေဆောင်ရွက်ပေးမည်ဟု မပြန်လိုသည့်
မြန်မာအလုပ်သမားများကို ကမ်းလှမ်းခဲ့ကြောင်း အေဂျင်စီအသင်းချူပ်
တာဝန်ရှိသူများကပြောသည်။
by mizzima

No comments:
Post a Comment