Thursday, January 30, 2014

အစည်းအဝေး မစမီ အမတ်တို့ ၁၅ မိနစ်ကြိုရောက်ရန် ကိုယ်စားလှယ်များအား လွှတ်တော်ရုံးက ပန်ကြားစာထုတ်

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အချို့သည် လွှတ်တော်အစည်းအဝေး ကျင်းပချိန်နီးမှ တက်ရောက်ကြောင်း လက်မှတ်ထိုးခြင်း (သို့မဟုတ်) ခွင့်ပန်ကြားခြင်းတို့ကို ဆောင်ရွက်ကြသဖြင့်  လွှတ်တော် အစည်းအဝေးကို သတ်မှတ်ချိန်အတိုင်း စတင်နိုင်ခြင်း မရှိသောကြောင့် ဇန်နဝါရီ ၃ဝ မှစကာ အစည်းအဝေးမတိုင်မီ ၁၅ မိနစ်ကြိုတင်ရောက်ရှိပါရန် လွှတ်တော်ရုံး ညွှန်ကြားရေးမှုးချုပ် ဦးကျော်စိုးက ဇန်နဝါရီ ၂၉ ရက် လွှတ်တော် အစည်းအဝေး အပြီးတွင် ကိုယ်စားလှယ်များထံ ပန်ကြားလွှာပေးပို့ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေပုဒ်မ ၁၉ နှင့် ၂ဝ၊ နည်းဥပဒေ ၂၁ နှင့် ၂၂ တို့နှင့်အညီ  ကိုယ်စားလှယ် စိစစ်ရေး လုပ်ငန်းများ
ဆောင်ရွက်ရန် အနည်းဆုံး ဆယ်မိနစ်ခန့် အချိန်လိုအပ်ပါသဖြင့် အစည်းအဝေး တက်ရောက်ခြင်း၊ မတက်ရောက်ခြင်း တို့ကို အချိန်မီ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်းလည်း အဆိုပါ ပန်ကြားလွှာတွင် ဖော်ပြပါရှိသည်။
အထူးသဖြင့် ပြီးခဲ့သည့် အဋ္ဌမ ပုံမှန်အစည်းအဝေးမှစ၍ ယခုကျင်းပဆဲ နဝမ ပုံမှန် လွှတ်တော် အစည်းအဝေးများတွင် ကိုယ်စားလှယ် အချို့ သိသိသာသာ နောက်ကျပြီး အစည်းအဝေး စတင်ခါနီးမှ ကပ်၍ရောက်ခဲ့ကြ ကြောင်း သိရသည်။ ထိုအချက်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တို့က မဇ္ဈိမကို ယခုကဲ့သို့ ပြောကြားခဲ့သည်။
“ရှေ့ပိုင်း အစည်းအဝေးတွေမှာ တုန်းကတော့ အနည်းဆုံး နာရီဝက်လောက် ကြိုပြီးရောက်ကြတယ်၊ နောက်ပိုင်းမှာ လွှတ်တော်ရေးရာ
ကော်မတီတွေရဲ့ တာဝန်တွေကလည်း ပိုများလာပါတယ်၊ အခုလို အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး တာဝန်တွေရှိလာတော့  လွှတ်တော်အစည်းအဝေးမတိုင်ခင် မနက် ၈ နာရီခွဲ မှာ ရေးရာကော်မတီ အစည်းအဝေးတွေလုပ်ကြရတယ်၊ တစ်ခါတလေ အဲဒီ အစည်းအဝေးတွေက ၁ဝ နာရီ လောက်မှပြီးတယ်၊ အမှန်ကတော့ အစည်းအဝေးမတိုင်ခင် ရောက်ရမှာပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။
ဇမ္ဘူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း “ကျွန်မတို့လို ဖယ်ရီကားနဲ့ လာတဲ့သူတွေက အချိန်မီ
ရောက်ကြပါတယ်၊ ကိုယ်ပိုင်ကားနဲ့လာတဲ့ ကိုယ်စားလှယ်တချို့ နောက်ကျတာ ရှိပါတယ်၊ ဒါကလည်း ကော်မတီလုပ်ငန်းတွေ ကော်မတီ အစည်းအဝေးတွေကြောင့်ပါ၊ ရေးရာကော်မတီ အလုပ်တွေလဲ အချိန်မီပြီးဖို့ နဲ့ လွှတ်တော်အစည်းအဝေးကိုလဲ မလွတ်ဖို့ဆိုတာ တစ်ခါတလေမှာ စိတ်ဒွိဟ ဖြစ်ပြီး နောက်ကျရတာတွေရှိပါတယ်၊ အခုလို ညွန်ကြားချက် ထုတ်တာကတော့ အင်မတန်မှ လျော်ကန်တဲ့ လုပ်သင့်တဲ့ကိစ္စပါ” ဟုပြောသည်။
လွှတ်တော်ရေးရာကော်မတီ၏ အလုပ်ဆိုသည်ကလည်း ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးထားသော အချိန်ကိုက်ပြီးစီးရမည့် အလုပ်များဖြစ်၍ မဖြစ်မနေဆောင်ရွက်ရခြင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့လည်း တက်ရောက်လိုခြင်း စသည့် ဆန္ဒနှစ်ခုကြောင့် လွှတ်တော်အစည်းအဝေးသို့ ခွင့်တိုင်ပြီး ကော်မတီကိစ္စများ ဆောင်ရွက်၍ရသည့်တိုင် ခွင့်မတိုင်ဘဲ အစည်းအဝေးသို့ ဆက်တက်ကြခြင်းကြောင့်  အချိန်ကပ်မှ ရောက်လာရခြင်းအပေါ် ဒေါ်စန္ဒာမင်းက ရည်ညွန်း ပြောဆိုခြင်းဖြစ်သည်။
လွှတ်တော်ရုံးက ကိုယ်စားလှယ်များကို ဇန်နဝါရီ ၉ရက်တွင် တစ်ကြိမ် ယင်းသို့ ပန်ကြားလွှာပေးပို့ခဲ့ပြီးဖြစ်ကာ ယခု အကြိမ်သည် ဒုတိယအကြိမ် ပေးပို့ခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment