ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရွေးကောက်ပွဲ မလိုလားသည့် အတိုက်အခံ များက
ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ် တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးကို
မုဒိမ်းကျင့်မှု၊ နေအိမ်မီးရှို့မှုများ ပြုလုပ်ခဲ့ သည်ကို အရေးယူပေးရန်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေသော ရခိုင်တိုင်းရင်းသား
မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့်
ဇန်နဝါရီလ ၁၁ ရက်နေ့က ဖလောင်းချိတ်မြို့၌ ဆန္ဒပြခဲ့ကြကြောင်း
ဆန္ဒပြသူများထံမှ သိရှိရသည်။
အတိုက်အခံများသည် ဇန်နဝါရီလ ၇ ရက်နေ့က ဟိန္ဒူဘာသာဝင် အမျိုးသမီး
နှစ်ဦးကို လက်နက်ပြကာ မိသားစုရှေ့တွင် မုဒိမ်းကျင့်ခဲ့ကြောင်း ဇန်နဝါရီလ
၁၁ ရက်နေ့တွင် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီး တစ်ဦးကိုလည်း မုဒိမ်းမှု
ထပ်မံကျူးလွန်ခဲ့ပြီး နေအိမ် ၃၅၀ ကျော်ကို မီးရှို့ခဲ့ကြောင်း၊
ယင်းလုပ်ရပ်များကို အရေးယူပေးရန်၊ ရပ်တန့်ပေးရန် တောင်းဆိုခြင်း
ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးမောင်ထွန်းလှက ပြောကြားသည်။
ဖလောင်းချိတ်မြို့တွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြ တောင်းဆိုမှုတွင် ရခိုင်၊
မာရာမာ၊ ဒိုင်းနက်၊ သက်၊ ဘူရိုဝါနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူဦးရေ
သုံးထောင်ဝန်းကျင် ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။
လာမားမြို့နယ် အုန်းတပင်ရွာမှ အသက် ၁၄ နှစ်အရွယ် ရခိုင် အမျိုးသမီးငယ်
တစ်ဦးကို ၎င်းကျေးရွာ အနီးရှိ ချီးလ်ဘီ အဖွဲ့ဝင် မွတ်ဆလင် အာယူအာလီ ဆိုသူက
မုဒိမ်းကျင့်ခဲ့သော်လည်း သက်ဆိုင်ရာက တရားဥပဒေအရ အရေးမယူဘဲ နစ်နာကြေးအဖြစ်
ငွေကြေးပေး၍ ဖြေရှင်းခဲ့ကြောင်း လာမားမြို့နယ်မှ ဦးကျော်ခိုင်က
ပြောကြားသည်။
ရခိုင် မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင်များ နေထိုင်သည့်
နေရာများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားပေးရန်လည်း တောင်းဆိုခဲ့ကြောင်း
ယင်းဆန္ဒပြမှုတွင် ပါဝင်သူ ဦးနိုင်နိုင်က ဆိုသည်။ အကြမ်းဖက်
တိုက်ခိုက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် မျိုးနွယ်စုဝင်များသည်
၂၀၁၂ နှစ်မှ စတင်ကာ ရခိုင်ပြည်နယ်သို့ ထွက်ပြေး ခိုလှုံလာခဲ့ကြရာ ယခု
လူဦးရေ ၁၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
by The Voice Weekly

No comments:
Post a Comment