ပြစ်ဒဏ်ကြေးမြင့် စီမံချက် အမိန့်များဖြင့် ဖမ်းဆီးမှုကို ဖျက်သိမ်းပြီး
နောက်ပိုင်း ယာဉ်မောင်းများမှာ ယခင်ထက်စည်းကမ်း ပိုမိုချိုးဖောက်မှုများ
ရှိနေသဖြင့် စည်းကမ်းမဲ့ ယာဉ်အားလုံးကို လိုင်စင် ပိတ်သိမ်း အရေးယူမည်ဟု
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
ယာဉ်စည်းကမ်းများကို လိုက်နာခြင်း မရှိသော ယာဉ်မောင်းများကြောင့်
လမ်းအသုံးပြုသူ အားလုံး နစ်နာလျက်ရှိပြီး ယာဉ်ကြော ပိတ်ဆို့မှုနှင့်
ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသဖြင့် ယင်းကဲ့သို့ အရေးယူနိုင်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီးဖြစ်ကာ ခွင့်ပြုချက်
ရရှိပါက မကြာခင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အရင်က သောင်းချီ ပေးနေရတဲ့ ဒဏ်ငွေတွေကို ဖျက်သိမ်းပြီး နောက်ပိုင်း ၁၅၀၀
ပဲ ဆောင်ရတော့ ယာဉ်မောင်းတွေက သိပ်အလေးမထားတော့ဘူး။ စည်းကမ်း ချိုးဖောက်မှု
ပိုများလာတယ်။ စည်းကမ်းမဲ့ ယာဉ်မောင်းတွေကြောင့် စည်းကမ်းရှိတဲ့
ယာဉ်မောင်းတွေကို မနစ်နာစေချင်လို့ အခုလိုလုပ်တာပါ” ဟု ၎င်းကထပ်မံ
ပြောကြားသည်။
ယာဉ်ထိန်းရဲများ၏ ဖမ်းဆီးချလန် စာအုပ်တွင် အရွက် ၅၀ သာပါရှိပြီး ၁၅၀၀
နှုန်းဖြင့် ဖမ်းဆီးပါက တစ်အုပ်လုံးမှ ၇ သောင်းခွဲသာ ကျသင့်မည် ဖြစ်သဖြင့်
ဒဏ်ကြေးကြောင့် ဥပဒေကို မထီမဲ့မြင်ပြုသူများ ရှိနေကြောင်း အမှတ် (၆)
ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဝင်းလွင်က ပြောကြား သည်။
‘တစ်အုပ်စာ ဖြတ်ထားလိုက်၊ တစ်သိန်းပေးထားမယ်၊ ပိုတဲ့နှစ်သောင်းခွဲ
မုန့်ဖိုးယူလိုက်’ ဟု ပြောဆိုမှုများပင် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
လမ်းမပေါ်ရှိ စည်းကမ်းမဲ့ ယာဉ်များကို ယင်းကဲ့သို့ ဖမ်းဆီးမှုများကို
ယခင်ကတည်းက ပြုလုပ်သင့်ပြီး ယာဉ်ထိန်းရဲများကလည်း လာဘ်ပေးလာဘ်ယူ
ကင်းရှင်းစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုယ်ပိုင် အငှားယာဉ်
မောင်းနှင်နေသူ ဦးဇော်မင်းထွန်းက ဆိုသည်။
“စင်ကာပူလည်း ရောက်ဖူးပါတယ်။ ဒီထက် ကားများပေမယ့် စည်းကမ်းရှိတော့
အဆင်ပြေတယ်။ ဒီမှာ အရင်ကတည်းက လူနဲ့ အနှေးယာဉ်တွေကို မနည်းသတိထားကြည့်ပြီး
မောင်းနေရတာ။ အခုတော့ ကိုယ်ချင်းစာစိတ် မရှိတဲ့ စည်းကမ်းမဲ့တဲ့
ယာဉ်မောင်းတွေကြောင့် ကားမောင်းရတာ အဆင်ကို မပြေတော့တာ” ဟု ၎င်းကဆိုသည်။
စည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းများ၏ လိုင်စင်ကို အဓိကထား
ပိတ်သိမ်းသွားမည် ဖြစ်ပြီး ခရီးသည်တင် လိုင်းကားများကို လိုအပ်ပါက
ယာဉ်လိုင်းကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်သော်လည်း မည်ရွေ့မည်မျှ
ပိတ်သိမ်းမည်ကို အတိအကျ မသိသေးကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရသည်။
ယင်းအစီအစဉ်တွင် ယာဉ်အားလုံးကို မီးနီဖြတ်၊ လမ်းပြောင်းပြန်၊ အရှိန်ပြင်း၊
အရက်သေစာ သောက်စား၊ စတစ်ကာကပ်၊ စုပ်ခွက်ကပ်၊ ဟွန်းတီးပြီး မောင်းနှင်မှုများ
ပါဝင်ပြီး ဖြူနီကြားရပ်၊ ယာဉ်နှစ်ထပ်ရပ် စသည်တို့ ပါဝင်ကြောင်း၊ ခရီးသည်
ယာဉ်များတွင် ခေါင်မိုးစီး၊ နောက်တွယ်စီး၊ ဘေး တံခါးဖွင့်၊
မီးပွိုင့်တက်ဆင်း၊ ကြားကားဆွဲ၊ ယာဉ်အနီအနက်ပြောင်း စသည်တို့ ပါဝင်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:
Post a Comment